မြန်မာ့အလင်းအယ်ဒီတာအာဘော်
လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာ သည့် လူ့ယဉ်ကျေးမှုသမိုင်းတွင် ပညာက ဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အသီးသီးထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။
အထူးသဖြင့် ၂၁ ရာစုသစ်ကို ပညာခေတ်ဟု အကျယ်လောင်ဆုံး ကြွေးကြော်ခဲ့ကြ၏။ လူမှုလောက၏ ထွန်းတောက်အောင်မြင်မှုများ ရယူရာတွင် ပညာ၏ အရေးပါပုံ၊ ပညာ၏ ပဓာနကျပုံကို အမြင့်ဆုံး တန်ဖိုးထားခဲ့ကြ၏။ လူတို့၏ တီထွင်ဖန်တီးနိုင်မှု စွမ်းအားဆိုသည် တို့မှာ ပညာကို အခြေခံခဲ့ကြရသည်ချည်း။
မြန်မာတို့သည် ပညာကို အလွန်အင်မတန် တန်ဖိုးထားကြသူ များ ဖြစ်၏။ မိဘတို့သည် မိမိ၏ ပိုင်ဆိုင်မှုကို သားသမီးတို့၏ ပညာရေးတွင် လုံး၀ဥဿုံ ရင်းနှီးမြှုပ်နှံလိုစိတ်ရှိကြ၏။ ကိုယ်မစားရ လျှင်နေ၊ သားသမီး ပညာတတ်လျှင်တော်ပြီဟူသည့် မိဘများမှာ နိုင်ငံအဝန်းတွင် အမြောက်အမြားရှိ၏။ မိဘက အကြောင်းအမျိုး မျိုးကြောင့် ပညာမသင်ခဲ့ရ၊ ပညာမတတ်ခဲ့ရသော်မှ သားသမီးကို ဘွဲ့လေးတစ်ခုတော့ ရစေချင်၏။ အိမ်ရှေ့ဧည့်ခန်းတွင် သားသမီး တို့၏ ဘွဲ့ရဓာတ်ပုံကို ဂုဏ်ယူစွာ ချိတ်ဆွဲထားလို၏။ သားသမီးတို့ ဘွဲ့ယူပွဲကို အလှပဆုံးပြင်ဆင်ကာ ပါဝင်ဆင်နွှဲလို၏။ ဘွဲ့ဝတ်စုံဖြင့် သားသမီးတို့ကို ကြည့်ကာ ဝမ်းသာပီတိဖြင့် မျက်ရည်တလည်လည်။
သို့သော်လည်း ပညာကို တန်ဖိုးထားကြသော နိုင်ငံသားတို့၏ ကုသိုလ်ကံကား သိပ်မကောင်းကြရှာ။ သားသမီးများကို ပညာတတ် စေလိုလှ၍ ခြိုးခြံချွေတာ အငတ်ခံ ပညာသင်ပေးခဲ့ကြသောကြောင့် သားသမီးတို့သည် ဘွဲ့များရခဲ့ကြ၏။ သို့သော်လည်း နိုင်ငံတကာ နှင့်ယှဉ်လျှင် တူတူတန်တန်ဖြစ်သောပညာကို ကောင်းစွာမရခဲ့ကြ။ ပညာအစစ်ကို မရသော ပညာရေးတစ်ခေတ်၊ ပညာရေးစနစ်နှင့် ကြုံခဲ့ကြရလေသည်။
ပညာရှာမှီးမှု၏ အခြေခံဖြစ်သည့် ကိုယ်တိုင်စူးစမ်းကာ ကိုယ်တိုင်သိမြင်မှုဆိုသည့် အနှစ်သာရကို ဆုံးရှုံးရသည့်အခါ မြန်မာ့ ပညာရေးစနစ်သည် ယေဘုယျအားဖြင့် နိုင်ငံတကာအလယ်တွင် မျက်နှာငယ်စရာဖြစ်ခဲ့ရသည်။
ပညာကို ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်ရှာဖွေ၊ ကိုယ်တိုင်ကြိုးစား ကြရင်း ထိုးထွင်းပေါ်ထွက်လာသည့် မျိုးဆက်သစ်လူငယ်တို့ နိုင်ငံတကာအသီးသီးသို့ ခြေဆန့်ပညာရှာကြရန် အားထုတ်ကြသည် ကိုလည်း ထိုခေတ်၊ ထိုအစိုးရ၊ ထိုအာဏာရှင် အဆက်ဆက်က အားမပေးခဲ့။ နိုင်ငံတကာခြေဆန့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သော နိုင်ငံကူးလက်မှတ်ကိုပင် ပညာသင်ကြားရေးဟူသည့် ခေါင်းစဉ်ဖြင့် လျှောက်ယူခွင့်မပြု။ ပြည်တွင်းပညာရေးစနစ် မြှင့်တင် ရေးကိုလည်း အလေးမမူခဲ့ကြ။ တိုင်းပြည်၏ ပညာရေးဘတ်ဂျက် ကို တိုးမြှင့်ရန် ဝန်လေးခဲ့ကြ။
သည်လိုနှင့် ပညာကို အလွန်တန်ဖိုးထားကြသည့် မိသားစုများ ကြားတွင် ပညာအစား ဘွဲ့အမျိုးအစား၊ စာမေးပွဲရမှတ်၊ ဂုဏ်ထူး မည်ရွေ့မည်မျှ ဟူသည်တို့က ပိုမိုအရေးပါလာသည်။ ဘွဲ့ရဖို့၊ စာမေးပွဲ ရမှတ်ကောင်းဖို့၊ ဂုဏ်ထူးများများရဖို့ ဖြတ်လမ်းနည်း အမျိုးမျိုး သည်လည်း ခေတ်နှင့်အညီ ပေါ်ပေါက်လာလေရာ ပညာ၏ တန်ဖိုး ဆိုသည်မှာ စာမေးပွဲရမှတ် အနည်းအများ ဖြစ်လာသည်။ ငွေတတ် နိုင်မှုပေါ် တည်လာ၏။ ဘွဲ့ဝတ်စုံဝတ်ဆင်ရခြင်းက ပညာ၏ တန်ဖိုး ကဲ့သို့ ဖြစ်လာသည်။ ထိုထိုသော ဘွဲ့ထူး၊ ဂုဏ်ထူးများကို ငွေပေး ဝယ်ယူလို့ ရနိုင်သည့် အလိမ်အညာ အဖျင်းအလှေး ပညာအတု ဖြန့်ဝေရာ ဌာနတို့ကို ဆက်သွယ်ကာ ထိုဘွဲ့၊ ထိုဂုဏ်ထူးတို့ကို ဝယ်ယူ ကြ၏။ ထို ငွေပေး ရယူဘွဲ့တို့ကိုပင် တန်ဖိုးတစ်ခုပမာ သဘောထား ကာ ဝင့်ထည်ကြွားဝါနေကြသည်ထိ ပညာရေးဆိုင်ရာ တန်ဖိုးထားမှု နှင့် အတွေးအယူတို့ ပျက်စီး၊ နိမ့်ကျ၊ ဆုတ်ယုတ်ခဲ့ရလေသည်။
ယခု ခေတ်ပြောင်းချိန်ဟု ကြွေးကြော်ကြရာတွင် ပညာရေးစနစ် တိုးတက်ပြောင်းလဲနိုင်ရေးကို အထူးအလေးပေးလာနေပြီ ဖြစ်သည်။ ပညာရေးဘတ်ဂျက်ကို များစွာတိုးမြှင့်လိုက်ပြီး ပညာရေးစနစ်ကို အခြေခံမှစကာ ပြောင်းလဲနိုင်ရေးအတွက် နည်းလမ်းစုံကို ချမှတ် ပြဋ္ဌာန်းလာနေပြီ။
ပညာကို တန်ဖိုးထားသော မြန်မာပြည်သူလူထု၏ စိတ်ဓာတ်ကို လည်းကောင်း၊ အလေးအနက်ထားဆောင်ရွက်ရမည့် အမျိုးသား ပညာရေးစနစ် ပြန်လည်ဆန်းသစ်မှုတို့ကို လည်းကောင်း အခြေပြု ၍ ဆက်လက်အားထုတ်ဆောင်ရွက်ခြင်းဖြင့် ပညာဉာဏ် ရင့်သန် သော နိုင်ငံသားများကို မွေးမြူနိုင်ကြပါစေကြောင်း။ ။