မြန်မာ့သမိုင်းစဉ်နှင့် ပညာရှင်တို့၏စွမ်းအား

 

မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်သမိုင်းစဉ် ဆွေးနွေးပွဲကို ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပ မည်ဖြစ်ပြီး စိတ်ဝင်စားသူ ပညာရှင်များကို သုတေသနပြု တွေ့ရှိ ချက်များ၊ ခိုင်မာသော အထောက်အထားများနှင့်တကွ  ပါဝင် ဆွေးနွေးကြရန်လည်း  ဖိတ်ခေါ်ထားသည်။  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  မြန်မာ့သမိုင်းအဖွဲ့က  မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေသားပြုစု လျက်ရှိရာ ယခုကဲ့သို့ ပညာရှင်များတွေ့ဆုံ၍ သမိုင်းစဉ်အလိုက် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှာ အရေးကြီးသည့် လုပ်ငန်းများပင် ဖြစ်သည်။

 


မြန်မာနိုင်ငံ၏   တစ်ဆက်တစ်စပ်တည်းသော  သမိုင်းနှင့် စပ်လျဉ်း၍ ခေတ်အမီဆုံးစာအုပ်များအဖြစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၀ ပြည့်နှစ်က ပညာရှင်များ စုဖွဲ့ပြုစု ရေးသားထုတ်ဝေခဲ့သည့်    “အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း”  စာအုပ်တွဲများကိုသာ လက်ကိုင်ပြု  ကိုးကားခဲ့ကြရသည်။ ယင်း မတိုင်မီက မြန်မာ့သမိုင်းအတွက်  အကိုးအကားပြုစရာ စနစ် တကျ  သုတေသနပြု၍ ယထာဘူတကျကျ နက်နက်နဲနဲ ဆန်းစစ် သုံးသပ်ရေးသားထားသည့် စာအုပ်စာတမ်း ရှားပါးပြီး နိုင်ငံခြား သား  သမိုင်းပညာရှင်များရေးသားခဲ့သည့် သမိုင်းစာအုပ်များနှင့် ၎င်းဆရာတို့၏ အာစရိယောဝါဒ မကင်းသော မြန်မာသမိုင်းပညာ ရှင်တို့၏ စာအုပ်များ၊ ပဒေသရာဇ်ခေတ် ရာဇဝင်ကျမ်းစာအုပ်များ သာ ရှိခဲ့သည်။ တစ်ဖက်တွင်လည်း နိုင်ငံခြားသား သမိုင်းပညာရှင် တို့   မြန်မာနိုင်ငံသမိုင်းအပေါ်  လိုရာဆွဲ၍   ပုံပျက်ပန်းပျက်  ရေးသားကောက်ချက်ချခဲ့ကြခြင်းကို ပြင်းထန်သည့် မျိုးချစ်စိတ် ဖြင့်  တုံ့ပြန်ရေးသားခဲ့ကြသည့် မြန်မာပညာရှင်များ၏ စာအုပ် များလည်း ရှိနေသည်။
နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည့် “အခြေပြမြန်မာ့နိုင်ငံရေး သမိုင်း” စာအုပ်သည် သူ့ခေတ်သူ့အခါတွင် နိုင်ငံတော်အဆင့်ဖြင့် ပညာရှင်များ  စု‌ပေါင်းပြုစုရေးသားခဲ့ကြခြင်းဖြစ်ပြီး  ထိုစဉ်က သက်ရှိထင်ရှားရှိနေခဲ့သည့် ကိုလိုနီခေတ်ဦး တော်လှန်ရေးသမား ကြီးများနှင့်    ၎င်းတို့၏  အဆက်အနွှယ်များ၊   လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက်မှ  နိုင်ငံရေးခေါင်းဆောင်များ၊ ပါဝင်လှုပ်ရှားခဲ့သူများနှင့် အနယ်နယ်အရပ်ရပ်မှ ပေးပို့ခဲ့ကြသော အချက်အလက်များ၊ မှတ်တမ်းမှတ်ရာ၊ အထောက်အထားများ စသည့် အားသာချက်များရှိသကဲ့သို့ သုတေသနကောင်းစွာ မပြုရ သေးခြင်းကြောင့် သမိုင်းကွင်းဆက်ပြတ်နေသော အားနည်းချက် များလည်း ပါဝင်နေခဲ့သည်။ အထူးသဖြင့် မြန်မာ့သမိုင်းစဉ်တွင် ကျောက်ခေတ်ပြီးနောက် ကြေးခေတ်နှင့် သံခေတ်တို့ရှိနေကြောင်း အကြမ်းဖျင်းမျှသာ ဖော်ပြနိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာ စူးစမ်းမှုနှင့်   ကွင်းဆက်ပြောင်းလဲမှုဖြစ်သော  တစ်ခေတ်မှ တစ်ခေတ်သို့ ကူးပြောင်းပုံတို့ကို ချန်လှပ်ထားခဲ့ရသည်။ ပညာရှင် များ၏    သုတေသနရှုထောင့်မှ     အမြင်အရလိုအပ်ချက်များ၊ လစ်ဟာမှုများရှိနေသည့်အလျောက်    ပြည့်စုံမှုမရှိသေးသော “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း” အဖြစ်သာ ထိုစဉ်က ထုတ်ဝေ ခဲ့ရခြင်းဖြစ်သည်။

 


ပြီးခဲ့သည့်နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း မြန်မာ့သမိုင်း ဆိုင်ရာ တူးဖော်မှုနှင့်   သုတေသနပြု   တွေ့ရှိချက်အသစ်များ၊ အထောက်အထားအသစ်များ ထပ်မံတွေ့ရှိလာရပြီး တစ်ချိန်က ဤသို့ဖြစ်တန်ရာ၏  ဟူသော    အနုမာန    မှန်းဆချက်များ၊ ကွက်လပ်အဖြစ်    ချန်ထားခဲ့ရသော    သမိုင်းခေတ်များမှာ ရုပ်လုံးပေါ် ပြည့်စုံလာပြီဖြစ်သည့်အတွက် တစ်ဆက်တစ်စပ်တည်း သော မြန်မာ့သမိုင်းစဉ်ကို ပြန်လည်ပြင်ဆင် ပြုစုရေးသားနေခြင်း ပင် ဖြစ်သည်။ သမိုင်းသုတေသနမှာ  စဉ်ဆက်မပြတ် ပြုလုပ်နေ ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး သမိုင်းစဉ်ကို ပြုစုရေးသားကြရာတွင် သုတေသနပြု     တွေ့ရှိချက်များနှင့်    ခိုင်မာသည့်   သက်သေ အထောက်အထားများအပေါ်   သစ္စာရှိကြသော၊ ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယာ ဟူသော အဂတိတရားတို့  ကင်းစင်သော၊ ဉာဏ် ပညာရှေ့ဆောင်သည့် ပညာရှင်ကြီးများ၏ စုပေါင်းစွမ်းအားဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ပြုစုရေးသားသည့် လုပ်ငန်းစဉ်ကြီးအား လေးစားစွာ ဂုဏ်ပြုအပ်ပါကြောင်း။         ။