
နေနေနိုင်ရည်၊ ဥမ္မာမြတ်၊ ရီရီစန်း၊ (တိုင်းရင်းဆေးပညာဦးစီးဌာန)
သက်ရှိသက်မဲ့အားလုံးသည် အရင်းခံရုပ်အနေဖြင့် ပထဝီ(မြေဓာတ်)၊ အာပေါ (ရေဓာတ်)၊ တေဇော(မီးဓာတ်)၊ ဝါယော(လေဓာတ်)၊ အာကာသ(အပိုင်းအခြားဓာတ်) ဓာတ်ငါးပါး အစုအဝေးမျှသာဖြစ်သည်၊ “ဓာတ်” ဟူသော အဓိပ္ပာယ်မှာ မိမိသဘောကို မိမိဆောင်တတ်သဖြင့် “ဓာတ်”ဟု ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်ငါးပါး အစုအဝေးပင်ဖြစ်သည်။ ထိုဓာတ်ငါးပါးတို့ ညီညွတ်မျှတလျှင် ကျန်းမာ၍ မညီညွတ်ဘဲ ဖောက်ပြန်ပါက အနာရောဂါ ဖြစ်စေပါသည်။
တိုင်းရင်းဆေးပညာ အခြေခံသဘောတရားအရ ရောဂါဖြစ်စေတတ်သော ဝေးသောအကြောင်းများ နှင့် နီးသောအကြောင်းများ ရှိပါသည်။ ရောဂါဖြစ် စေသော အဝေးကြောင်းဖြစ်သည့် ကံ၊ စိတ်၊ ဥတု၊ အာဟာရသမုဋ္ဌာန်လေးပါး အထောက်အပံ့ မှားယွင်း မှုကြောင့် အနီးကြောင်းများဖြစ်သော မဟာဘူတရုပ် လေးပါး (သို့) အပိုင်းအခြားဓာတ် အပါအဝင် ဓာတ်ကြီး ငါးပါးနှင့် ရုပ်တို့၏ဖြစ်စဉ် ဖောက်ပြန်လာ ရသည်။ ရုပ် ၂၈ ပါးတို့၏ အစုအဝေးဖြစ်သော ရူပက္ခန္ဓာတွင် ဖြစ်၊ တည်၊ ပျက်အစဉ်များ ဖောက်ပြန် နေရခြင်းကိုပင် အနာရောဂါရှိသည်ဟု ဆိုရသည်။ အချုပ်အားဖြင့်ဆို လျှင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အဝေးကြောင်း အထောက်အပံ့တို့ မှားယွင်းမှုကြောင့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော မဟာဘုတ် လေးပါးတို့ ဦးဆောင်ပါဝင် သည့် ရုပ်ကလာပ်များ ဖောက်ပြန်ပျက်စီးခြင်းကို ရောဂါ အမျိုးမျိုး ဖြစ်ပေါ်ရခြင်းဟု သိနိုင်သည်။ ထို့ကြောင့် တိုင်းရင်းဆေးပညာအရ ခန္ဓာကိုယ် အတွင်းတွင်ရှိသော ဓာတ်ကြီးငါးပါးနှင့် သမုဋ္ဌာန် လေးပါးတို့သည် တိုက်ရိုက်ဆက်စပ်နေ၍ မိမိ၏ ရုပ်သဘော ဓာတ်ခံကိုကြည့်ပြီး ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီညွတ်မျှတအောင် ပြုမူနေထိုင် စားသောက်ရပါမည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေး ပါးဆိုသည်မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ သော ကံ (ကမ္မ) ဆိုသည်မှာ အလုပ်ပင်ဖြစ်သည်။ မိမိကိုယ်တိုင် အသိဉာဏ်နှင့် ယှဉ်၍မည်သို့နေထိုင် ကျင့်ကြံနေကြသလဲ ဟူသည့် “အလုပ်” ပေါ်တွင်သာ တည်မှီနေပါသည်။ မိမိခံနိုင်စွမ်းရည်ထက် ပိုမို လုပ်ကိုင်ဆောင်ရွက်ခြင်း၊ မူးယစ် ထုံထိုင်းစေသည့် ဆေးဝါးများသုံးစွဲခြင်း၊ ဆီး၊ ဝမ်း၊ သွေး၊ လေ စသည် တို့ကို ချုပ်တည်းခြင်းတို့သည် ကျန်းမာရေးကို ထိခိုက်စေသော ကံအကြောင်းတရားများပင်ဖြစ် သည်။
အပြန်အလှန် အကျိုးပြု
အာရုံကို သိတတ်သော သဘောကို စိတ်(စိတ္တ) ဟုခေါ်သည်။ လူသားတို့၏ ရုပ်ခန္ဓာကြီးသည် စိတ်၏ဦးဆောင်မှုအလိုအတိုင်း ဖြစ်တည်ပျက် ရှိနေပေသည်။ အမျက်ဒေါသကြီးခြင်း၊ စိတ်သော ကများခြင်းနှင့် စိတ်အားငယ်ခြင်းတို့ကို ရှောင်ရှား၍ မေတ္တာပွားကာ သင့်တင့်စွာ နှလုံးသွင်းခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေနိုင်သည့် စိတ်၏ အကြောင်းတရားပင် ဖြစ်သည်။ သို့မှသာ ရုပ်ခန္ဓာ နှင့် နာမ်ခန္ဓာဖြစ်စဉ်မှန်ကန်ပြီး အပြန်အလှန် အကျိုးပြုနိုင်သည်။
ဥတုအလိုအရ သဘာဝပတ်ဝန်းကျင်က အလို အလျောက် ပေးအပ်ထားသော ပူခြင်း၊ အေးခြင်း၊ ခြောက်သွေ့ခြင်း၊ စွတ်စိုခြင်း စသည့်အခြေအနေ များနှင့် လူတို့ ဖန်တီးစွမ်းဆောင်ထားသော ပတ်ဝန်းကျင် အခြေအနေများကို “ဥတု” ဟုခေါ် သည်။ ရာသီဥတုနှင့် လိုက်လျောညီထွေအောင် လုပ်ကိုင်ခြင်း၊ ဝတ်စားဆင်ယင် နေထိုင်ခြင်းတို့သည် ကျန်းမာခြင်းတည်းဟူသော အကျိုးကျေးဇူးကို ရရှိစေမည် ဖြစ်သည်။
အစာအာဟာရ ရွေးချယ်စားသောက်
အာဟာရဆိုသည်မှာ အထောက်အပံ့ဟု အဓိပ္ပာယ်ရပါသည်။ ရုပ်ခန္ဓာ၏ အသက်ရှင် ရပ်တည်မှုအတွက် အထောက်အပံ့ဖြစ်နိုင်သော သြဇာဓာတ် သို့မဟုတ် ဇီဝဖြစ်စဉ် တည်တံ့ရေး အတွက် အထောက်အပံ့ဖြစ်သော သြဇာဓာတ်ကို အာဟာရဟု ခေါ်ပါသည်။ “သဗ္ဗေသတ္တာ အာဟာရ တိဋီကာ” ဆိုသည့်အတိုင်း သတ္တဝါတို့၏ အသက်ရှင် ခြင်း ဖြစ်စဉ်သည် အာဟာရပေါ်တွင် အများအားဖြင့် တည်မှီနေကြရပေသည်။ ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန်၊ အရသာ ခြောက်ပါးအနက် အရသာ တစ်ခုခုလွန်ကဲ သော အစာများ စားသုံးခြင်းကို ရှောင်ကြဉ်၍ သင့် လျော်မည့် အစာအာဟာရများကို ရွေးချယ် စားသောက်ခြင်းဖြင့် ကျန်းမာခြင်းတည်း ဟူသော အကျိုးကို ခံစားရရှိနိုင်ပေမည်။
ရာသီဥတု အကူးအပြောင်းပြုချိန်၊ အဆက်အစပ် ပြုနေချိန်များတွင် သမုဋ္ဌာန်လေးပါးအား ညီညွတ် မျှတစွာ လိုက်နာကျင့်ကြံခြင်းမရှိပါက ကျန်းမာရေး ကိုယ်ခံအားလျော့နည်းသူများမှာ ရောဂါဘယ နှိပ် စက်မှုများကို ခံရတတ်ကြပါသည်။ လက်တွေ့အသုံး ချ မြန်မာ့နက္ခတ်ဆေးပညာကျမ်းအလိုအရ “ရတု သန္ဓိရောဂါဖိ၊ သတိရှိကြစေ” ဆိုသည့်အတိုင်း ဥတု အကူးအပြောင်း ပြုချိန်များတွင် ရောဂါဘယ အဖြစ်များတတ်ကြသည်မို့ အစားအသောက် အနေအထိုင် အပြုအမူများကို သတိနှင့်ယှဉ်ပြီး နေထိုင်စားသောက်ရန် လိုအပ်ပါသည်။ နရသုခိ ဆေးကျမ်းအလိုအရ ဝါဆိုလနှင့် ဝါခေါင်လများမှာ ပြင်ပလေ အားကြီးသည့်အတွက် သည်းခြေဓာတ် ငုပ်တတ်ပါသည်။ လေဓာတ်ပျက်ခြင်း၊ ဝမ်းမီးနုံ့ခြင်း တို့ကြောင့် အစာချေချက်အားနည်းခြင်းများ ဖြစ်ပေါ်ပြီး အစာမကြေခြင်းများ ဖြစ်တတ်ပါသည်။ ပြင်ပ လောကဓာတ်သည်လည်း ပူလိုက် အေးလိုက် မိုးရွာလိုက် နေပူလိုက် တစ်လှည့်စီ ဖြစ်နေသော ကြောင့် မှက်၊ ခြင်၊ ယင်၊ သတ္တဝါ၊ ပိုးများလည်း ပေါက်ပါသည်။ ထို့အပြင် မိုးဥတုသည် အလွန်ပူပြင်း သော နွေဥတုနှင့် အလွန်အေးမြသော ဆောင်းဥတု ၏အကြားတွင် တည်ရှိနေသည်ဖြစ်သည့်အတွက် အပူနှင့်အအေး ရောထွေးဖောက်ပြန်သဖြင့် ပိုးကြောင့်ဖြစ်သော ရောဂါများနှင့် ဝမ်းမီးဖောက် ပြန်၍ဖြစ်သော ရောဂါများ အဖြစ်များသော ဥတု ဖြစ်ပါသည်။
တိုင်းရင်းဆေးပညာအမြင်
ယခုအချိန်တွင် ပိုးကြောင့်ဖြစ်သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါလည်း ဖြစ်နေချိန်ဖြစ်ပါ၍ ယင်းလက္ခဏာများကို တိုင်းရင်းဆေးပညာအမြင် ဖြင့် လေ့လာကြည့်ပါကလည်း ဓာတ်တို့၏လွန်ခြင်း၊ ငုပ်ခြင်း၊ အားနည်းခြင်းဟူသော သဘာဝများကို တွေ့ရမည် ဖြစ်ပါသည်။ ကိုယ်ပူခြင်း၊ ပြင်းထန်စွာ ဖျားခြင်းမှာ ပထဝီ၊ အာပေါဓာတ်တို့ ပတ်ဖွဲ့မှုကြောင့် တေဇောဓာတ်နှင့် ဝါယောဓာတ် အကျဉ်းကျကာ အာကာသဓာတ်မရ၍ ဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက် ကိုက်ခဲခြင်းတို့မှာ အဇိဏ္ဏ (ခေါ်) အစာ မကြေဖြစ်ရာမှ ဝမ်းမီးညံ့လျက် ပထဝီ၊ အာပေါ ပတ်ဖွဲ့မှုကြောင့် တေဇော၊ ဝါယောတို့ တွန်းကန် ဖိညှပ်သဖြင့် ဦးခေါင်းနှင့် ခြေလက်တို့ ကိုက်ခဲ နာကျင်ရသည်။ ခုခံအားကျဆင်းခြင်း၊ မောပန်းခြင်း သည် ဓာတ်ငါးပါးဖောက်ပြန် ပျက်စီးမှုကြောင့် ရသ၊ သွေး အစရှိသော ဓာတ်ခုနစ်ပါးတို့၏ စွမ်း ဆောင်မှုများ ကျဆင်းလာခြင်းဖြစ်သည်။ ချောင်းဆိုး ခြင်း၊ လည်ချောင်းနာခြင်းလက္ခဏာမှာမူ ရင်ခေါင်း ပိုင်းသလိပ်တည်ရာတွင် သည်းခြေဒေါသ စွဲကပ်ဝင် ရောက်သဖြင့် လေဒေါသဖောက်ပြန်လျက် ခန္ဓာ ကိုယ်အထက်ပိုင်းတွင် အပြစ်ပြုရခြင်းပင်ဖြစ်သည်။ အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အဆုတ်ရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်းဟူသောလက္ခဏာများမှာ ငုပ်လောင်နေသောအပူကို ချေ ဖျက်နိုင်သော ရသရည် (ကစီ)ဓာတ်အားနည်းသဖြင့် ပထဝီကောဌာသဖြစ်သည့် အဆုတ်အားနည်းနေချိန် တွင် ဖြစ်ပေါ်လာသော လက္ခဏာများပင်ဖြစ်သည်။
မျှတသော အာဟာရရွေးချယ်
အထက်ဖော်ပြပါ လက္ခဏာများဖြစ်ပေါ်လာပါ က တိုင်းရင်းဆေးပညာ အလိုအရ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (တစ်နည်း) အာရုံ၊ နေရာ၊ ဆေး၊ အစာတို့ ဖြင့် လူတို့ကျန်းမာရေးအတွက် အစားအသောက်၊ အနေအထိုင်တို့ ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ပေးနိုင်ပါသည်။ ရာသီဥတုနှင့်အညီ သင့်တင့်မျှတသော အစာအာဟာရတို့ကို ရွေးချယ် စားသောက်ခြင်း၊ ဣရိယာပုတ် မျှတစေခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်နိုင်သကဲ့သို့ ဖြစ်ပွား လာပါကလည်း သက်သာမှုရှိစေရန် ဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်။
ခန္ဓာကိုယ်အတွင်းရှိ တေဇောဓာတ် ဟန်ချက် ညီစေရန် နေထိုင်ပြုမူစားသောက်ရသကဲ့သို့ ပြင်ပမှ ဓာတ်ငါးပါး၏ သဘာဝနှင့် ခန္ဓာကိုယ်အတွင်းမှ ဓာတ်ငါးပါးတို့ ဟန်ချက်ညီစေရန် ဂရုစိုက်သင့်သည်။ လွန်ကဲနေသော ဓာတ်များကို ချေဖျက်ခြင်း၊ အားနည်းသည့် ဓာတ်များကို ဖြည့်ဆည်းပေးခြင်း တို့ဖြင့် ညှိနှိုင်းကုသရသည်။ ဓာတ်တို့၏ သဘော သဘာဝကို သိရှိဆင်ခြင်၍ ညှိနှိုင်းကုသပေးသော ဓာတ်ညှိဆေးပညာသည် မြန်မာ့တိုင်းရင်းဆေး ပညာတွင် အကျယ်တဝင့် ရှိသည်။
ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလ များတွင် ဖြစ်တတ်သောရောဂါများကို ကာကွယ် နိုင်ရန် အချိန်အခါမဲ့ ရေချိုးခြင်းမှ ဆင်ခြင်ခြင်း၊ အေးချို ဆိမ့်ဖန်၍ပတ်ဖွဲ့သော အစားအစာများ အလွန်အကျူးစားသောက်ခြင်းမှ ဆင်ခြင်ခြင်း၊ အအိပ်ပျက်ခံခြင်း၊ အစားပျက်ခံခြင်းတို့မှ ရှောင်ကြဉ် ခြင်း၊ လူစုလူဝေး ပွဲလမ်းသဘင်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း၊ အာဟာရပြည့်ဝ သော အစာအာဟာရများကို စားသောက်ခြင်း၊ လေကောင်းလေသန့်ရသောနေရာတွင် နေထိုင် ခြင်း၊ ရေကျက်အေးသောက်ခြင်း၊ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသကဲ့သို့ ကိုယ်ခန္ဓာစွမ်းအားတိုးမြင့်စေသော အစာအာဟာရနှင့် ဆေးဝါးများ မှီဝဲခြင်း၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ယခုကမ္ဘာပေါ်တွင် ဖြစ်ပွားလျက်ရှိ သော ကူးစက်ရောဂါများသာမက ရာသီအလိုက် ဖြစ်တတ်သော ရောဂါများကိုပါ ကာကွယ်နိုင်မည် ဖြစ်သည်။
ကြိုတင်ကာကွယ်
တိုင်းရင်းဆေးဖြင့် ကြိုတင်ကာကွယ်ရာတွင် အခိုးပွင့်၍ အဖျားကျစေရန်၊ ကိုယ်လက်ကိုက်ခဲ နာကျင်မှုသက်သာစေရန် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၁၇) သွေးဆေးနီကြီး လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို ကွမ်းရွက်၊ ချင်း၊ ထန်းလျက်တို့ ဆတူရော၍ပြုတ်ရည် အကြမ်းပန်းကန်လုံး တစ်လုံး စာ တစ်ရက်သုံးကြိမ် သောက်သုံးနိုင်သည်။
ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းတို့အတွက် ကွမ်းရွက်၊ ဇီယာရွက်၊ မုရားကြီးရွက်၊ ခွေးသေးပန်းရွက်၊ ပင်စိမ်း ရွက်၊ သတ္တုရည်ကိုလည်းကောင်း၊ ပြုတ်ရည်ကို လည်းကောင်း၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်ရက်သုံးကြိမ်တိုက်ပေးပါက သက်သာစေ သည်။ (သို့မဟုတ်) ချောင်းဆိုးချွဲကျပ်ခြင်းများအတွက် တိုင်းရင်းဆေးခန်း သုံးဆေးအမှတ် (၁) မက်လင်ချဉ်ဆေးနှင့် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၇) နွယ်ချိုကဲဆေး ဆတူရောစပ်၍ ၂ ပဲသား ကို မုရားကြီးရွက်ပြုတ်ရည် ဟင်းခတ်ဇွန်းတစ်ဇွန်း တစ်နေ့သုံးကြိမ် တိုက်ကျွေးခြင်းအားဖြင့် သက်သာ စေနိုင်ပါသည်။ ကိုယ်ပူကြီး၍ ကိုယ်လက်နာကျင် ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မောကျပ်ခြင်းများအတွက် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၁၇) သွေးဆေးနီ ကြီး(သို့မဟုတ်)တိုင်းရင်းဆေးခန်းသုံးဆေးအမှတ် (၆)ဟလိဒ္ဒစုဏ္ဏငန်းဆေးနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၅)မတဲမြင့်မိုရ်ကုန်း ဆေးတို့ကို ဆတူ ရောစပ်၍ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနွေး ပူပူဖြင့် တစ်ရက်သုံးကြိမ် သောက်ပေးနိုင်သည်။ လိမ်းဆေးအနေဖြင့် ကိုယ်ပူကြီးပါက တိုင်းရင်းဆေး ခန်းသုံး ဆေးအမှတ်(၄၃) အကင်း(၁၀)ပါး ဆေးအား နှမ်းဆီဖြင့်ချက်၍လည်းကောင်း၊ နံ့သာဖြူဖြင့် ရောစပ်၍လည်းကောင်း၊ ရင်ဘတ်၊ ခြေဖဝါး၊ လက်ဖဝါးတို့ကို ချန်လှပ်၍ တစ်ကိုယ်လုံး မကြာ ခဏလူးပါ။ ရင်ကျပ်ပါက ရင်လူးဆေး (သို့မဟုတ်) အကြောလိမ်းဆေးကို ရင်ဘတ်နှင့် နောက်ကျောကို ပွတ်လူးခြင်း၊ ကွမ်းရွက်ကပ်ပေးခြင်း၊ ရေနွေးအိတ် ကပ်ပေးခြင်းဖြင့် ချွဲပျော်ရင်ချောင်၍ ရင်ကျပ်ခြင်း၊ အသက်ရှူ ရခက်ခဲခြင်းကို သက်သာစေသည်။ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ သက်သာစေရန် တောင်တန်ကြီး၊ နံ့သာဖြူကရမက် တို့ကို လိမ်းပေးသင့်သည်။
ထို့အပြင် ပိုးကြောင့်ဖြစ်တတ်သော ဖျားခြင်း၊ ချောင်းဆိုးခြင်းတို့ကို ကာကွယ်နိုင်ရန်အတွက် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၂၃) ဝေသာရဇ္ဇ ဆေး ပုလဲကလာပ်ဆေးနှင့် တိုင်းရင်းဆေးခန်း သုံးဆေး အမှတ်(၂၇) ပြည်လုံးချမ်းသာဆေးတို့ကို ဆတူရောစပ်၍ တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ရေနွေးဖြင့် တစ်ရက်နှစ်ကြိမ် တစ်ပတ်ခန့် သောက်ပေးနိုင်ပါသည်။ ကွမ်းရွက်နှင့် ချင်း၊ ထန်းလျက်ပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်ခြင်းကင်းကာ အဖျားရောဂါနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။
ရောဂါအမျိုးမျိုး ဝင်ရောက်နိုင်
ကိုယ်ခံစွမ်းအားကျဆင်းပါက ရောဂါအမျိုးမျိုးတို့ဝင်ရောက်နိုင်သဖြင့် ကိုယ်ခံစွမ်းအားတက်စေရန် ဓာတ်စာအနေဖြင့် ကြက်သွန်နီ၊ ချင်းတို့ကိုပါးပါး လှီးပြီး ရှောက်ရည်ဆမ်း၍ နှမ်းဆီဖြင့် သုပ်စား ပေးပါက အားအင်ကုန်ခန်းခြင်း သက်သာစေ၍ ကိုယ်ခံစွမ်းအားကို တက်စေသည်။ ဝမ်းချုပ်လွန်း၍ အာကာသမရသူများအား ကန်စွန်းရွက်၊ ဘူးသီး၊ ကျောက်ဖရုံတို့ကို မန်ကျည်းမှည့်ဖြင့် ချဉ်ရည်ဟင်း ချက်ကျွေးပါ။ ဆီးဖြူသီးကိုပြုတ်၍ ထောင်းပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီချက်၊ နှမ်းဆီတို့ဖြင့် သနပ်ကဲ့သို့ သုပ်စားပေးပါက ကိုယ်တွင်း ခုခံအား တိုးစေ၍ အင်အားတိုးပွားစေသည်။ ငါးရံ့ကို ရုံးပတီ သီး၊ ပင်စိမ်းရွက်၊ ငရုတ်ကောင်း၊ ပတဲကော တို့ဖြင့် ဟင်းခါးချက်သောက်ပေးပါက အခိုးပွင့်၍ ကိုယ်ခံ စွမ်းအားကိုတက်စေပြီး နှုတ်ကို မြိန်စေသည်။ ကြက်သားကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းတို့ဖြင့် ပြုတ်၍ တိုက်ပေးခြင်းဖြင့် အင်အားပြည့်၍ ခုခံအားတက်စေသည်။
ရာသီဥတုအလိုက် စားသုံးသင့်
ဥတုဘောဇနသင်္ဂဟကျမ်းအလိုအရ စားသုံးရ မည့် ဓာတ်စာများမှာ သံပရာသီး၊ ရှောက်သီး၊ မုန်လာဥ၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ကျွဲကော၊ လိမ္မော်၊ ကမ္ဗလာ၊ ထောပတ်သီး၊ ရှောက်ချို၊ ပန်းသီး၊ မာလကာသီး၊ စပျစ်သီး၊ ချဉ်စော်ခါးသီး၊ မက်လင်ချဉ်၊ ကျောက်ဖရုံ၊ ခဝဲ၊ ဗုံလုံ၊ ဘူးသီး၊ ကြက်ဟင်းခါးသီး၊ မုန်လာဥနီ၊ မဲဇလီ၊ ပန်းဂေါ် ဖီစိမ်း၊ ကင်ပွန်းချဉ်ရွက်၊ ဘူးရွက်၊ ကန်စွန်းရွက်၊ ဆလတ်ရွက်၊ ကျီးအာရွက်၊ ဟင်းနုနွယ်၊ ကန့်ကလာ၊ သင်္ဘောသီးမှည့်၊ ချင်း၊ ထန်းလျက်တို့ကို စားပေးသင့်ပါသည်။ စားသင့်သော အသားငါးများမှာ ငါးခူ၊ ငါးကြင်း၊ ငါးရံ့၊ ငါးသိုင်း၊ ကြက်သား စားသင့်ပါသည်။ ရာသီဥတုအလိုက် ဓာတ်အကြိုက်၊ အစာအာဟာရများကို ယေဘုယျ သဘောအရ တင်ပြခြင်းဖြစ်ပါသည်။ တရားသေ မမှတ်ဘဲ မိမိ၏ မူလရုပ်ခံ ဓာတ်ခံကိုလည်း ကြည့်ပြီး စားသုံးသင့်ပါသည်။
ရှောင်ကြဉ်သင့်သော အစာအာဟာရများမှာ အပူ၊ အစပ်၊ အကြော်အလှော်၊ အဖန်၊ အဖွဲ့၊ ချုပ်စေ တတ်သော ကောက်ညှင်း၊ ငှက်ပျောသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ အာလူး၊ အစာကြေညက်ခဲသော အစား အစာများ၊ အဆီအဆိမ့်များ၊ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်များနှင့် ဓာတုဆေးဝါးများသုံး၍ ကြာရှည်ခံ အောင်ပြုပြင်ထားသော အစားအသောက်များကို ရှောင်ပါ။ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ဘဲသား များ ရှောင်သင့်ပါသည်။ အအေးမိခံခြင်း၊ ပန်ကာ လေခံခြင်း၊ လေအေးပေးစက်ခံခြင်း၊ ရေအလွန် အကျွံချိုးခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်စိတ် ပင်ပန်းခံခြင်းများ ရှောင်ကြဉ်ရပါမည်။
လိုက်နာသင့်သည့် အပြုအမူ အနေအထိုင်များ မှာ ရေနွေးခပ်နွေးနွေးဖြင့် ရေချိုးခြင်း၊ ရေများများ သောက်ခြင်း၊ ရေနွေးသောက်ခြင်း၊ နွေးနွေး ထွေးထွေးနေခြင်း၊ ဣရိယာပုတ် မျှတအောင်နေထိုင် ခြင်း၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ လေကောင်းလေသန့်နှင့် အလင်းရောင်ရသော နေရာများတွင် နေပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဆောင်ရွက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရပြည့်ဝအောင်စားပါ။ စိတ်ကိုတည်ငြိမ် အေးချမ်းအောင်နေပါ။ ၎င်းအပြင် ကုံကုမံ၊ ကရမက်၊ အကျော် စသောအမွှေးနံ့သာတို့ကို လည်း လိမ်းကျံသင့်ပါသည်။
ပြုမူနေထိုင် စားသောက်
တိုင်းရင်းဆေးပညာနည်းအရ မိမိတို့အနီး ပတ်ဝန်းကျင်မှ အလွယ်တကူရရှိနိုင်သော ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများကို “အစာလည်းဆေး၊ ဆေးလည်းအစာ” အဖြစ် အသုံးပြု၍ ရောဂါ ကာကွယ်နိုင်ကြောင်းနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးဖုံများကို လိုအပ်သလို သုံးစွဲခြင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရအလိုအရ ကျန်းမာရေးအသိပညာပေး နည်းလမ်းများနှင့်အညီ ပြုမူနေထိုင် စားသောက် ခြင်းဖြင့် ပိုးကြောင့်ဖြစ်သော ရောဂါများမှ ကာကွယ် ရာတွင် အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments