
သံလွင်တံတား (မော်လမြိုင်)- - -။
ဒီတံတားကြီးပေါ်က ကားဖြတ်သန်း လေတိုင်း ကျွန်တော်သည် လွန်ခဲ့သော ၁၆ နှစ်ကျော်က မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်သို့ ရန်ကုန်က သွားသည့်အခါ မုတ္တမ (မော်လမြိုင်နှင့် သံလွင်မြစ်တစ်စင်း သာခြားသည်)၌ တစ်ညအိပ်ပြီး နောက် တစ်နေ့ မုတ္တမနှင့် မော်လမြိုင်ခရီးသည် ပို့ဆောင်နေသော ဇက်ရေယာဉ် မုတ္တမ ဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီးမှ လိုက်ခဲ့ ရသောအဖြစ်ကို သတိရမိသည်။
ဖွံ့ဖြိုးတိုးတက်လာ
သံလွင်တံတား (မော်လမြိုင်)ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် နိုင်ငံတော်အစိုးရက ဆောက်လုပ်ဖွင့်လှစ် ပေးလိုက်ရာ ဇက်ရေယာဉ်ကို စောင့်ရ၊ အချိန်ပေးရသည့်ဒုက္ခမှ လွတ်ကင်းခဲ့ ရသလို ထိုအချိန်မှစကာ မွန်ပြည်နယ် သည် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အောက်ဘက်ပိုင်းတွင်ရှိပြီး ကုန်းလမ်းနှင့် ရေကြောင်းလမ်းများဆုံရာ၌ တည်ရှိ သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ပြည်နယ်တစ်ခုလုံးတွင် ခရိုင် နှစ်ခု၊ မြို့နယ်ပေါင်း ၁၀ မြို့နယ်၊ မြို့ ၁၇ မြို့၊ ရပ်ကွက်ပေါင်း ၁၀၆ ရပ်ကွက်၊ ကျေးရွာ ၁၁၄၃ ရွာရှိသဖြင့် လူဦးရေ စုစုပေါင်း ၂၃၉၀၄၄၈ (နှစ်ဆယ့်သုံးသိန်း ကျော်)ရှိသည်ဟု သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မွန် ပြည်နယ်လမ်းဦးစီးဌာနသည် ပကတိ ပထဝီအနေအထားတို့အရ နိုင်ငံတော်နှင့် ပြည်သူတို့၏ လိုအပ်ချက်များကို အစွမ်း ကုန် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် နယ်စပ်ဒေသများအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ စည်းလုံးညီညွတ်ရေး ကို ရှေးရှုလျက် လမ်းများအသစ် ဖောက်လုပ်ခြင်း၊ လက်ရှိလမ်းများကို အဆင့်ဆင့် တိုးချဲ့ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဒေသ၏လိုအပ်ချက်အရ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
မွန်ပြည်နယ်အတွင်း နိုင်ငံတော် အစိုးရက ချမှတ်ထားသော လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်ရမည်ဆိုသည့် ရည်မှန်း ချက်အတိုင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာနသည် မိမိတို့၏ပင်မ တာဝန်ဖြစ်သော လမ်း/တံတားများကို တိုးချဲ့တည်ဆောက်ခြင်း၊ ပြင်ဆင် ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် မွန်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေးနှင့် တိုင်းရင်းသားလူမျိုး များအချင်းချင်း စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုစေလျက်ရှိသည်။
တံတားစင်းရေ ၂၅၃၀ ရှိ
လမ်းဦးစီးဌာနသည် ဒေသအတွင်း တာဝန်ယူဆောင်ရွက်သည့်လမ်းများတွင် ပြည်ထောင်စုအဆင့်မှ စီမံခန့်ခွဲသော လမ်း ခုနစ်လမ်း၊ ပြည်နယ်အဆင့်မှ စီမံခန့်ခွဲ သော လမ်း ၃၇ လမ်း စုစုပေါင်း ၄၄ လမ်း ရှိရာ လမ်းအရှည်မိုင် စုစုပေါင်း ၇၃၁ မိုင် ၅ ဖာလုံ ၅၆၁ ပေရှိသည်။ အကောင် အထည်ဖော်ပြီးစီးမှုအနေဖြင့် ကတ္တရာ ကွန်ကရစ် (AC) လမ်း ၂၅၇ မိုင် ၁ ဖာလုံ ၃၇၇ ပေ၊ ကတ္တရာလမ်း ၄၂၆ မိုင်၂ ဖာလုံ ၁၅၇ ပေ၊ ကွန်ကရစ်လမ်း ၄ မိုင် ၂၇ ပေနှင့် မြေလမ်း ၄၄ မိုင်၂ ဖာလုံ ပြီးစီးပြီဖြစ်သည်။ တံတားစင်းရေ စုစုပေါင်းမှာ ၂၅၃၀ ရှိရာ သံမဏိကြိုးဆိုင်းတံတား နှစ်စင်း၊ သံကူကွန်ကရစ်တံတား ၁၂၂၂ စင်း၊ ဘေလီတံတား တစ်စင်း၊ သစ်သား တံတား တစ်စင်း၊ သံကူကွန်ကရစ် ရေထွက်ပေါက် ၁၂၂၁ စင်း၊ ပိုက်ပြွန် တံတား ၈၃ စင်းဖြစ်ပြီး မွန်ပြည်နယ် တစ်ခုလုံး၏ Paved Ratio မှာ ၉၄ ရာခိုင်နှုန်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာ ကာလအတွင်း မွန်ပြည်နယ် လမ်းဦးစီး ဌာနက တာဝန်ယူဆောင်ရွက်သော လမ်းပိုင်းတွင် ကတ္တရာလမ်းမှ ကတ္တရာ ကွန်ကရစ် (AC) လမ်းသို့ အဆင့်မြှင့်တင် ခြင်း ၉၈ မိုင် ၆ ဖာလုံ၊ မြေလမ်းအဆင့်မှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း ၂၀ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်းခင်းခြင်း ရှစ်မိုင်၊ မြေကြီးလုပ်ငန်း (တာပေါင် လုပ်ငန်း+တစ်ကြောင်းထိုးလမ်းဖောက် လုပ်ခြင်း) ၉ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်းချဲ့ ခြင်း ၁၉၂ မိုင် ၃ ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပြီး သစ်သားတံတားမှ အမြဲတမ်း သံကူ ကွန်ကရစ်တံတား ၁၈ စင်း၊ ပိုက်ပြွန် တံတားမှ Box Culvert အဖြစ် အစင်း ၆၀၊ သံကူကွန်ကရစ်တံတားအသစ်နှင့် Box Culvert အသစ် ၃၂၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့် မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။
ကွန်ကရစ် တံတား ၁၃ စင်း ဆောက်လုပ်
ထို့အပြင် သထုံခရိုင်တွင် ကျိုက်ထို မြို့နယ်အပိုင်းရှိ ရန်ကုန်-မြိတ်လမ်းတွင် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင် ယာဉ်ကြီးများ၊ ကျိုက်ထီးရိုးဘုရားဖူး ကာလများ၌ ဘုရားဖူးယာဉ်များအပါ အဝင် ယာဉ်သွားလာမှုမှာ ပိတ်ရက်များ၌ ယာဉ်စီးရေ ၅၀၀၀ မှ ၁၀၀၀၀ ကျော် ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် ကျိုက်ထိုမြို့တွင်းအပိုင်းနှင့် ကျိုက်ထို-ကင်မွန်းစခန်း လမ်းအပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ကျိုက်ထိုမြို့ရှောင်လမ်း ၃ မိုင် ၅ ဖာလုံ၊ ထိုးမြေသားတာပေါင် လုပ်ငန်းနှင့် ကဒတ်ချောင်းတံတား ပေ ၂၄၀ အရှည်၊ ၆၅ ပေအကျယ် (အသွား လမ်း/အပြန်လမ်း)အပါအဝင် သံကူ ကွန်ကရစ် တံတား ၁၃ စင်း ဆောက်လုပ် ပြီးစီးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ကျိုက်ထို-ကင်မွန်းစခန်းလမ်း သည် မူလက ၁၈ ပေအကျယ် ကတ္တရာ လမ်းဖြစ်သောကြောင့် ဘုရားဖူးရာသီ အချိန်တွင် ယာဉ်ကြောကျပ်တည်းမှု များဖြစ်ပေါ်ပြီး လမ်း၏ ၃၀ ရာခိုင်နှုန်းခန့် မှာ ပျက်စီးနေသည့်အတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် လေးလမ်းသွား ၁၄ ဒသမ ၆၃ မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာပြီး နှစ်စဉ် ကျိုက်ထီးရိုး ဘုရားဖူးကားများ ပိုမိုများပြားလာသော် လည်း ယာဉ်ကြောမကျပ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာ သည်ကို တွေ့ရသည်။
တံတားများအနေဖြင့် မော်လမြိုင် ခရိုင်တွင် မော်လမြိုင်မြို့နှင့် ချောင်းဆုံ မြို့ကိုဆက်သွယ်သည့် သံလွင်တံတား (ချောင်းဆုံ)ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေ ၉ ရက်တွင် ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် လမ်းပန်းဆက်သွယ် ရေး ပိုမိုလွယ်ကူလျင်မြန်ချောမွေ့လာပြီး ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။
ထို့အတူ ကျိုက်မရောမြို့နယ်တွင် လည်း အတ္ထရံမြစ်ကူး(စံပယ်ဂူ)ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်တည် ဆောက်ခဲ့ပြီး ချဉ်းကပ်လမ်းအရှည်ခြောက် မိုင်နှင့် အကျယ် ပေ ၄၀ မြေသားတာပေါင် တည်ဆောက်ခြင်း၊ ၂၄ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ သံကူကွန်ကရစ် တံတားငယ် ခုနစ်စင်း တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်တွင် ဖွင့်လှစ် နိုင်ခဲ့သည်။ ထို့ကြောင့် အတ္ထရံမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၅၈ ရွာနှင့် လူဦးရေ နှစ်သိန်းကျော်ကို အကျိုးပြုနိုင်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထား သည့် နိုင်ငံတကာဆက်သွယ်သော လမ်းမကြီးဖြစ်သည့် သံဖြူဇရပ်- ဘုရား သုံးဆူလမ်းမှာ မွန်/ ကရင်နယ်စပ်အထိ ၉ မိုင် ၅ ဖာလုံရှိပြီး မြေလမ်းအဆင့်မှ ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဆောင် ရွက်နိုင်ခဲ့ပြီး အဆိုပါလမ်းအား လေးလမ်း သွားအထိ မျှော်မှန်း၍ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိသည်။
ဆက်လက်၍ သံဖြူဇရပ်- ကျိုက္ခမီ လမ်း (၁၅ မိုင်)မှာ ၂၄ ပေအကျယ် နှစ်လမ်းသွားဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်ကုန်ထိ ၆ မိုင် ၂ ဖာလုံကတ္တရာ ကွန်ကရစ် (AC) လမ်းအဖြစ် ဆောင်ရွက် နိုင်ခဲ့ပြီး ကျန်ရှိသည့် ၈ မိုင် ၆ ဖာလုံ ကတ္တရာလမ်းကို လာမည့်ဘဏ္ဍာနှစ် များတွင် ကတ္တရာကွန်ကရစ် (AC) လမ်း အဖြစ်သို့ တိုးမြှင့်ဆောင်ရွက်သွားရန် လျာထားသည်ဟု သိရသည်။
သွားလာမှု ပိုမိုအဆင်ပြေ
သို့မို့ကြောင့် ကျိုက္ခမီရေလယ်ဘုရား သို့ ဘုရားဖူးများ ပိုမိုအဆင်ပြေကောင်းမွန် စွာ သွားရောက်ဖူးမြော်နိုင်တော့မည် ဖြစ်သည်။ ထို့အပြင် မော်လမြိုင် (ဟင်္သာ အဝိုင်း)- ကျိုက်မရောလမ်း ၉ မိုင် ၇ ဖာလုံ ကို ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ် (AC)လမ်းအဖြစ် ဆောင်ရွက်နိုင်ခဲ့သော ကြောင့် ကျိုက်မရောဘုရားကြီးကို လာရောက်ဖူးမြော်ကြည်ညိုသော ဘုရား ဖူးများ၊ ကျိုက်မရောမြို့သို့ လာရောက် လည်ပတ်သော ပြည်သူများနှင့် ဒေသခံ များအတွက် သွားလာမှု ပိုမိုအဆင်ပြေ ချောမွေ့စေလျက်ရှိသည်။
ထို့အပြင် B.O.T စနစ်ဖြင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်က ဆောင်ရွက် သော ဘုရားကြီး-စစ်တောင်း-ကျိုက်ထို-သထုံ-မော်လမြိုင်လမ်းပိုင်းတွင် ၂၄ ပေ အကျယ်မှ ၃၆ ပေ၊ ၄၈ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) သို့ ချဲ့ခြင်း ၁၀၄ မိုင် ၁ ဖာလုံတို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်သည် BOT ရယူ၍ ဘုရားကြီး - ကျိုက်ထိုအပိုင်း (စစ်တောင်းတံတား-မုပ္ပလင် ချဉ်းကပ် လမ်း)အပါအဝင် ၆၄ မိုင် ၇ ဖာလုံကို ၂၈-၅-၂၀၀၆ ခုနှစ် ကျိုက်ထို-သထုံ-မော်လမြိုင်လမ်းပိုင်း ၇၁ မိုင် ၆ ဖာလုံကို ၂၆-၁၁-၂၀၀၉ ခုနှစ်တို့တွင် နှစ်ပေါင်း ၃၀ လမ်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
အဆိုပါလမ်းပိုင်းတို့မှာ BOT ရယူ ခဲ့စဉ်က ၁၈ ပေသာကျယ်သောလမ်းများ ဖြစ်သော်လည်း ယခုအခါ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီသည် ၃၆ ပေနှင့် ၄၈ ပေ အထိချဲ့၍ ကတ္တရာကွန်ကရစ်(AC)လမ်းအဖြစ်သို့ ရောက်ရှိအောင် ဆောင် ရွက်ပေးခဲ့သည်။ ထို့အပြင် မူလသစ်သား တံတား ၂၁၆ စင်းကိုလည်း ကွန်ကရစ် တံတားများအဖြစ် ဆောက်လုပ်ပေးခဲ့ သည်ဟု သိရသည်။
ထို့အပြင် အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္ပဏီကလည်း ၂၄ ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) ခင်းခြင်း ၃၂ မိုင် ၄ ဖာလုံ ၊ ၃၆ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) ခင်းခြင်း ၄ မိုင် ၄ ဖာလုံ၊ အရှည်ပေ ၁၄၀၊ ၄၈ ပေ အကျယ် သံကူကွန်ကရစ်တံတားအသစ် တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။
အာဆီယံ လမ်းမကြီး
၎င်းအပြင် လမ်းဦးစီးဌာန မွန် ပြည်နယ်မှ တာဝန်ယူဆောင်ရွက်သော နိုင်ငံတကာဆက်သွယ်သည့် အာဆီယံ လမ်းမကြီးဖြစ်သည့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း ၂၂၀ မိုင် ၁ ဖာလုံ ၃၅၅ ပေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် ဆောင်ရွက်ခဲ့ရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်ကုန်တွင် ၁၉၉ မိုင် ၁ ဖာလုံ ၃၅၅ ပေ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။
အချုပ်အားဖြင့် တင်ပြရလျှင် မွန် ပြည်နယ်လမ်းဦးစီးဌာနသည် ပြည်နယ် အတွင်းရှိ လမ်း၊ တံတားများ အသစ် တည်ဆောက်ခြင်း၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်း နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာပါကလည်း လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် အချိန်မီဆောင်ရွက် ပေးလျက်ရှိသဖြင့် ယခုအခါ မွန်ပြည်နယ် ရာမညမြေတွင် လမ်း၊ တံတားများသည် ပန်းများပွင့်သလို ပွင့်လန်းဝေဆာ အလှဖြာလျက် ရှိနေပြီဖြစ်ကြောင်း ပါဗျား။ ။
- Log in to post comments