
ရန်ကုန် မတ် ၁၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားက ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာနှင့် သက်သောင့်သက်သာ ရထားစီးနင်းလိုက်ပါနိုင်ကြစေရန် အတွက် ဆောင်ရွက်လျက်ရှိရာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၌ ပြေးဆွဲမည့် အမှတ် ၃၁ အဆန်၊ အမှတ် ၃၂ အစုန် အမြန်ရထားတွဲဆိုင်းအား ကိုရီးယားအဲကွန်းလေအိတ် ရထားတွဲဆိုင်းအသစ်များဖြင့် အစားထိုးပြီး မတ် ၂၁ ရက်မှ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါမန္တလေး-မြစ်ကြီးနားလမ်းပိုင်း၌ ပြေးဆွဲမည့် အမှတ် ၃၁ အဆန်၊ အမှတ် ၃၂ အစုန် အမြန်ရထားမှာ မန္တလေးဘူတာမှ မတ် ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် စတင် ထွက်ခွာပြေးဆွဲမည်ဖြစ်ပြီး မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့
နံနက် ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကာ မြစ်ကြီးနား ဘူတာမှ မွန်းလွဲ ၁ နာရီခွဲထွက်ခွာပြေးဆွဲမည့်အမြန်ရထားတွဲဆိုင်းမှာ မန္တလေးဘူတာသို့ နောက်တစ်နေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်၍ လမ်းခရီး၌ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်း ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်သည်။
စမ်းသပ်မောင်းနှင်
မန္တလေး-မြစ်ကြီးနားခရီးစဉ်အတွက် ရထားလက်မှတ်ခ နှုန်းထားမှာ တစ်ဦးလျှင် အထူးတန်း ငွေကျပ် ၂၀၀၀၀ နှင့် ရိုးရိုးတန်း ငွေကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အမြန် ရထားတွဲဆိုင်း၌ ရထားစီးခရီးသည် ၃၃ ဦးလိုက်ပါစီးနင်း နိုင်သော အထက်တန်းတွဲ ၁၀ တွဲ၊ ခရီးသည် ၄၄ ဦးလိုက်ပါ စီးနင်းနိုင်သော ရိုးရိုးတန်း(လူစီးဘရိတ်တွဲ) တစ်တွဲအပါ အဝင် စားသောက်တွဲတစ်တွဲပါရှိကြောင်း သိရသည်။ ယနေ့ တွင် အဆိုပါလေအေးစက်ပါ ကိုရီးယားလေအိတ်ရထားတွဲဆိုင်းအသစ်ဖြင့် မန္တလေးဘူတာမှ ရွှေဘိုဘူတာအထိ မြန်မာ့မီးရထားမှတာဝန်ရှိသူများက စမ်းသပ်မောင်းနှင်ခဲ့ကြ ကြောင်း သိရသည်။
အမှတ် ၃၁ အဆန်၊ အမှတ် ၃၂ အစုန် အမြန်ရထား တွဲဆိုင်းအား အမှတ် ၃၃ အဆန်၊ အမှတ် ၃၄ အစုန် အမြန် ရထားတွဲဆိုင်းအဖြစ် ပြောင်းလဲ၍ မတ် ၂၁ ရက်မှ စတင်ကာ အချိန်စာရင်းသစ် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ပြီး အဆိုပါ ရထားမှာ မန္တလေးဘူတာမှ နံနက် ၁၁ နာရီခွဲတွင် စတင် ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၅ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည်ဖြစ်သည်။
ဆိုက်ရောက်မည်
မြစ်ကြီးနားဘူတာမှ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ထွက်ခွာပြေးဆွဲမည့် အမြန်ရထားတွဲဆိုင်းမှာ မန္တလေး ဘူတာသို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် ဆိုက်ရောက် မည်ဖြစ်ပြီး ခရီးစဉ်လမ်းပိုင်း၌ ယခင်ရပ်တန့်ခဲ့သည့်ဘူတာ များအပြင် ရွာထောင်နှင့် ဟိုပင်ဘူတာတို့၌ပါ ဘူတာတိုး၍ ရပ်နားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်