
မန္တလေး ဇွန် ၈
မန္တလေးမြို့အတွင်း၌ မိုးရာသီကာလတွင် ရေကြီး ရေလျှံမှုမဖြစ်စေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနအနေဖြင့် ရေတွန်းစက်ရုံကိုးခုမှ မိုးရေများ ဧရာဝတီမြစ်အတွင်းသို့ စွန့်ထုတ် နိုင်ရန် Water Level ထိန်းညှိခြင်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးရာသီကာလတွင် မန္တလေးမြို့ ရေကြီး ရေလျှံမဖြစ်စေရေးအတွက် မိုးရေများ အဓိက ထိန်းသိမ်းပေးသည့် သင်္ဂဇာချောင်း၊ ရွှေတချောင်း၊ ကန်တော်ကြီးနှင့် တောင်သမန်ကန်တို့တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် Water Level ထိန်းညှိလျှော့ချခြင်းများ ပြုလုပ်ခြင်းဖြစ် သည်ဟု ယင်းဌာနတာဝန်ရှိသူက ပြော သည်။
“ဌာနအနေနဲ့ မြို့တော်သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်ရေးမှာ ကျရာကဏ္ဍကနေ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါတယ်။ မြို့တွင်းလမ်းမကြီးတွေ လူနေရပ်ကွက်တွေထဲကနေ မိုးရာသီကာလ မှာ ရေကြီးရေလျှံ မဖြစ်စေရေးအတွက်လည်း စီးဆင်းလာတဲ့ ရေတွေကို ရေတွန်းစက်ရုံကိုးခု ကနေ စွန့်ထုတ်နိုင်ဖို့ မိုးကြိုကာလကတည်း က ကြိုတင်စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။
ရေဂါလန် ၂၁၇ဒသမ ၉၂ သန်း
စွန့်ထုတ်နိုင်
အဆိုပါ စက်ရုံကိုးခုမှာ ရွှေတချောင်း၊ ကပ်ကျော်ဘုရားအနီးမှ စက်ရုံအမှတ်(၁)၊ ရွှေခဲနံကပ်အင်းထိပ်မှ စက်ရုံအမှတ်(၂)၊ ကန် တော်ကြီး၊ သံဃာဆေးရုံအနီးမှ စက်ရုံအမှတ် (၃)၊ ဇောင်းကလောစက်ရုံအမှတ်(၄)၊ ၂၆ လမ်း သင်္ဂဇာချောင်းမှ စက်ရုံအမှတ်(၅)၊ နဂါးနီ စက်ရုံအမှတ်(၆)၊ ဇောင်းကလောစက်ရုံအမှတ် (၇)၊ ၆၄ လမ်းမှ Detention Pond စက်ရုံ အမှတ်(၉)၊ ရွှေခဲရွာအနီးမှ New Pumping Station တို့ဖြစ်ပြီး ၎င်းစက်ရုံကိုးခုမှ တစ်ရက် လျှင် ရေဂါလန်ပေါင်း ၂၁၇ ဒသမ ၉၂ သန်း စွန့်ထုတ်နိုင်ကြောင်း သိရသည်။
စက်ရုံကိုးခုကနေ ရေဆွဲထုတ်
“စက်ရုံတွေက Water Level ကို ဝန်ထမ်း တွေက နေ့စဉ်စောင့်ကြည့်တယ်။ မိုးရွာရင် ရပ်ကွက်တွေ လမ်းတွေထဲကနေ မြောင်းထဲ ရောက်တယ်။ မြောင်းထဲကနေ ချောင်းထဲ ရောက်၊ ချောင်းထဲကနေ ချောင်းမကြီးထဲ ရောက်တယ်။ စက်ရုံကိုးခုကနေ ရေတွေကို ဆွဲထုတ်ပြီး Water Level နှိမ့်ချထားခြင်း အားဖြင့် မြို့ပေါ်က မိုးရေတွေက အမြန်စီးဆင်း သွားရာက ရပ်ကွက်နဲ့ လမ်းတွေပေါ် ကြာကြာရေမရှိနိုင်တော့ဘူး။အဲဒါတွေကို ကျွန်တော်တို့ ဌာနက ဆောင်ရွက်နေပါတယ်”ဟု ဆက်လက် ပြောကြားသည်။
နေ့စဉ်ထိန်းညှိဆောင်ရွက်လျက်ရှိ
မိုးရာသီကာလတွင် မန္တလေးမြို့တွင်း၌ ရေကြီးရေလျှံမဖြစ်စေရန် မြို့တွင်းမှ စီးဆင်း လာသည့် မိုးရေများ ထိန်းသိမ်းသော သင်္ဂဇာ ချောင်း၊ ကန်တော်ကြီး၊ တောင်သမန်ကန်၊ ရွှေတချောင်း စသည်တို့တွင် မိုးကြိုကာလ ကတည်းက Water Level များ နေ့စဉ်ထိန်းညှိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း