
မန္တလေး ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ပေါ်တွင် ယခင်ရက်များအတွင်း လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ တွင် ယာဉ်တန်းစီမှု၊ စက်သုံးဆီပြတ်လပ် မှုများဖြစ်ပေါ်ခဲ့သည့် အကြောင်းရင်းမှာ ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြား တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေခြင်းကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်း ဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေး ကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင် လည်း လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းကြောင့် အရောင်းဆိုင် အချို့သို့ ဆီတင်ယာဉ်မရောက်မီ စက်သုံး ဆီ အမျိုးအစားအချို့ ယာယီပြတ်လပ်မှု ဖြစ်ပေါ်စေမည်ဟူသော ပြည်သူများ၏ စိုးရိမ်စိတ်ကြောင့် အရောင်းဆိုင်ကြီးများ၌ စက်သုံးဆီဝယ်ယူမှု ယခင်ကထက် အဆ မတန် များပြားလာမှုကြောင့် ယာဉ်တန်းစီ မှုများ ဖြစ်ပေါ်စေခဲ့သည်။
အရောင်းဆိုင်များ၌ စက်သုံးဆီ ဝယ်ယူမှု အဆမတန် များပြားလာပြီး တန်းစီမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဖြစ်စဉ် အမှန်နှင့် ပြည်သူများ လိုက်နာရမည့် အချက်အလက်များကို နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကြီးကြပ် စစ်ဆေးရေးအရာရှိရုံး အနေဖြင့်လည်း ယာဉ်တန်းစီမှု ဖြစ်ပေါ်နေသော အရောင်း ဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အဓိကလမ်းမများ နှင့် အချက်အချာကျသော နေရာများရှိ အရောင်းဆိုင်များအတွက် Special အစီအစဉ်၊ Urgent အစီအစဉ်များဖြင့် စက်သုံးဆီဖြည့်တင်းနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း များ ကြီးကြပ်ရေးကော်မတီသို့ တင်ပြ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများကြီးကြပ်ရေးကော်မတီတို့၏ စီစဉ်ညွှန်ကြားမှု များဖြင့် မန္တလေးမြို့တွင်းရှိ အရောင်းဆိုင် များသို့ နေ့စဉ်စစ်ဆေးဆောင်ရွက်ရာတွင် အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုး အစားအလိုက် လက်ကျန်ရှိပြီး ရောင်းချ ပေးမှု ရှိ၊မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးမှု ရှိ၊ မရှိ၊ သီလဝါမှ ထွက်ခွာလာသော ဆီသယ်ယာဉ်များ သက်ဆိုင်ရာ အရောင်းဆိုင်များသို့ အချိန်မီရောက်ရှိမှု ရှိ၊ မရှိတို့ကို အဖွဲ့ များဖြင့် နေ့စဉ် စစ်ဆေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအနေဖြင့် စက်သုံး ဆီများ ပြတ်လပ်မှုမရှိသည်ကို သိရှိစေလို ကြောင်း၊ အရောင်းဆိုင်ကြီးများတွင် သာမက ကျန်လိုင်စင်ရစက်သုံးဆီဆိုင် များတွင်လည်း ဝယ်ယူသုံးစွဲနိုင်ကြောင်း၊ စက်သုံးဆီများ မလိုအပ်ဘဲ အိမ်တွင် သိုလှောင်ထားရှိပါက မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ခြင်း များကို သတိရှိကြစေလိုကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချ သော စက်သုံးဆီအရောင်းများနှင့် တရား မဝင် စက်သုံးဆီလုပ်ငန်းများကိုလည်း ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး လျက်ရှိပြီး လိုက်နာဆောင်ရွက်မှုမရှိသော အရောင်းဆိုင်၊ လုပ်ငန်းများကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း နှိုးဆော်ထားသည်ကို သတင်းရရှိ သည်။
သတင်းစဉ်