မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁ ဒသမ  ၂၄  ဘီလီယံကျော်တန်ဖိုးရှိ   ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည်  ဇွန်  ၁၄  ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အနီးတွင် လီလောက်ဆန်း မောင်းနှင်လာသည့် Hijet မော်တော်ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်ပေါ်တွင် ဂေါ်ဖီထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာ သည့် ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ  ၂၀  ဒသမ ၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ  ၈  သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့    သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့်  ၎င်းအား ဥပဒေအရ  အရေးယူ ထားရှိပြီး    ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို  ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                        

  သတင်းစဉ်