မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   မေ   ၂၃


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်း တွင်  နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
အဆိုပါ   ဓာတ်အားပေးစက်ရုံများ   ဖွင့်ပွဲအခမ်း အနားသို့    ပြည်ထောင်စုဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများ၊ Natural Solar Power Co., Ltd. နှင့် Great Success Energy Co., Ltd. တို့မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းက သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀)  မဂ္ဂါဝပ်  နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများသည် သပြေဝ-၃ နှင့် သာစည် နေရောင်ခြည် စွမ်းအင်သုံး      လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော် တည်ဆောက်ခဲ့မှုမှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။ 
ယင်းနောက်      လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက      ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့်  “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” လုပ်ငန်းစဉ်များ အောင်မြင်စေ ရေးအတွက် စဉ်ဆက်မပြတ်  အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ MSME လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းရေး၊ အရည် အသွေးမြင့်မားသည့် ပညာရေးစနစ်ဖြစ်ပေါ်စေရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများ  ပေါ်ထွက်လာစေ ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာ အရေးပါသည့်အတွက်   တစ်နိုင်ငံလုံးမှ     ပြည်သူ အားလုံး သာတူညီမျှရရှိသုံးစွဲနိုင်ရေးအတွက် ရည်မှန်း ချက်ထားကာ မူဝါဒများချမှတ်ပြီး “၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား  ရာနှုန်းပြည့် သုံးစွဲရရှိရေး”အတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုး မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင် ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။
၂၀၂၁ ခုနှစ်    ဇူလိုင်လတွင်   အတည်ပြုခဲ့သော မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်    ဆောင်ရွက်မည့်အစီအစဉ် (Nationally Determine Cotribution – NDC) အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင် နှုန်း ၅၁၅၆ မဂ္ဂါဝပ်၊ နေရောင်ခြည်နှင့်  လေစွမ်းအင် ကဲ့သို့   ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု  ၁၁   ရာခိုင်နှုန်း ၂၀၀၀ မဂ္ဂါဝပ် လျာထားရေးဆွဲထားကြောင်း၊ လက်ရှိ အချိန်တွင် နေရောင်ခြည်စွမ်းအင်မှ ၃ ဒသမ ၃ ရာခိုင် နှုန်း ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍ နေရောင် ခြည်နှင့်    လေစွမ်းအင်တို့ဖြင့်    လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MOU ၊ MOA ၊ LOA များ လက်မှတ်ရေးထိုးဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် နေနှင့် လေ စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပါဝင်မှုအချိုး အစားသည် မိမိတို့ ရည်မှန်းထားသည့် ၁၁ ရာခိုင်နှုန်း ကို ပြည့်မီရောက်ရှိလာမည် ဖြစ်ကြောင်း။
ထိုသို့ ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏     ရလဒ်တစ်စိတ်တစ်ပိုင်းဖြစ် သည့် ယခုတည်ဆောက်ပြီးစီးခဲ့သော Natural Solar Power Co., Ltd. ၏ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် Great Success Energy Co., Ltd. ၏ သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများသည် Build – Operate - Own - BOO (တည်ဆောက်/ လည်ပတ်/ ပိုင်ဆိုင်)  စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အား   (၆၀) မဂ္ဂါဝပ်   ဖြစ်၍ တစ်နှစ်လျှင် စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၄၈ သန်း ထုတ်လုပ်ပေးနိုင်မည် ဖြစ်၍ အိမ်ထောင်စုပေါင်း ၉၉၀၀၀ ခန့်ကို  လျှပ်စစ် ဓာတ်အား ထပ်တိုးဖြန့်ဖြူးပေးနိုင်မည်လည်း   ဖြစ် ကြောင်း၊   သပြေဝ-၃   နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၁၃ လ အတွင်း    တည်ဆောက်ခဲ့ပြီး    ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ သာစည် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၁၄ လအတွင်း တည်ဆောက်ခဲ့ပြီး ထွက်ရှိ လာသည့် ဓာတ်အားကို ၃၃ ကေဗွီဓာတ်အားလိုင်း ဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ်  ဧပြီ  ၃၀  ရက်တွင်လည်းကောင်း   အသီးသီး ချိတ်ဆက်၍ ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ကွန်ရက်အတွင်းတွင်  ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်ကို   အသုံးပြုပြီး   လျှပ်စစ် ဓာတ်အားများ     ချိတ်ဆက်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံခြောက်ရုံရှိရာမှ ယခုထပ်မံ၍ နှစ်ရုံမှထွက်ရှိသော ဓာတ်အားများကိုလည်း    နိုင်ငံ တော် ဓာတ်အားစနစ်အတွင်းသို့ ထပ်မံချိတ်ဆက် ပို့လွှတ်နိုင်ပြီဖြစ်သည့်အတွက်    နေရောင်ခြည်စွမ်းအင် သုံး ဓာတ်အားပေးစက်ရုံရှစ်ရုံ၊ စုစုပေါင်း  တပ်ဆင် စက်အင်အား  ၂၄၀  မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း၊  လက်ရှိအချိန်တွင်   လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုး အစား(Generation Mix) အားဖြင့် ရေအား ၄၅ ရာခိုင် နှုန်း၊ သဘာဝဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည် ၃ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိကြောင်း။
ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်
လက်ရှိအချိန်တွင်   စွမ်းအားပြည့်    လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အား ပေးစက်ရုံများနှင့် ဓာတ်အားလိုင်းဆိုင်ရာ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို       နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်လျက်ရှိသောကြောင့် လျှပ်စစ်ဓာတ်အား ထိန်းညှိထုတ်လုပ် ဖြန့်ဖြူးနေမှုမှာ ၂၉၅၀ မဂ္ဂါဝပ်ခန့် သာရှိကြောင်း၊   သို့ရာတွင်   ခန့်မှန်းဓာတ်အား လိုအပ်ချက်မှာ   ၄၂၀၀   မဂ္ဂါဝပ်ခန့်ရှိသောကြောင့် အများပြည်သူ မီးသုံးစွဲမှုများသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ် ခန့်ကို ဝန်အားထိန်းညှိလျှော့ချခြင်းများ ဆောင်ရွက် နေရပြီး ဓာတ်အားလိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း များကိုလည်း တစ်ချိန်တည်း  ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ် ပြည်သူ များကလည်း   ဝိုင်းဝန်းပူးပေါင်း    ကူညီစောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားသည်။ 
ဆက်လက်၍ Natural Solar Power Co.,Ltd. နှင့် Great Success Energy Co.,Ltd. မှ တာဝန်ရှိသူက နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများ   တည်ဆောက်ရခြင်း၏   အကျိုး ကျေးဇူးများနှင့်   ဓာတ်အားပေးစက်ရုံစီမံကိန်းများ တည်ဆောက်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။                   သတင်းစဉ်