မဖြစ်မနေ ကြိုးပမ်းအကောင်အထည်ဖော်

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရမှာ ဒီမိုကရေစီ ဖြစ်သည်။    နိုင်ငံတော်အခြေခံမူများတွင်    နိုင်ငံတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊       တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ခြင်းသည် ဒီမိုကရေစီအနှစ်သာရ များကို စောင့်ရှောက်ခြင်းဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ကူညီ ဆောင်ရွက်ရန် တပ်မတော်က ဦးတည်ထားသည်။

 


နိုင်ငံတော်အစိုးရက တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ် ရိက္ခာပေါများဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့ခြင်း နှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များမှ ဆက်လက်ဖြစ်ပေါ်လာ သည့် မငြိမ်မသက်မှုများ၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ စသည့်အကြောင်းတရားများကြောင့် ပြည်တွင်း၌ စီးပွားရေး တုံ့ဆိုင်းကျဆင်းမှုနှင့် ပြည်တွင်းဝယ်ယူစားသုံးမှုတို့   ကျဆင်းခဲ့ သည်။   ယခုအခါ အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့်  ကိုဗစ်-၁၉    ကူးစက်ပျံ့နှံ့မှု    ကျဆင်းသွားခဲ့ပြီ ဖြစ်သကဲ့သို့ အကြမ်းဖက်မှုများမှာလည်း ငြိမ်းအံ့ဆဲဆဲ မီးတောက် သဖွယ် အခြေအနေသို့  ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ မိမိတို့နိုင်ငံ တွင် ရေ၊ မြေ သယံဇာတ ပေါများသည့်အလျောက် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများ မြှင့်တင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များ    ဖန်တီးပေးခြင်းတို့ဖြင့်   စားနပ်ရိက္ခာ ပေါများဖူလုံပြီး စားသုံးမှုမြင့်မားလာမည်ဖြစ်ရာ တပ်မတော်က ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်သွားရန်လည်း ဦးတည်ထားသည်။

 


တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အနှစ်နှစ်အလလ ကပင် လိုချင်တောင့်တခဲ့ကြသည့် တူညီသောဆန္ဒမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ်ကိုငြိမ်းချမ်းရေးနှစ် အဖြစ် အလေးထားကြိုးပမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း    ယခုနှစ်ကုန်အထိ    ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်   တွေ့ဆုံမှုများလည်း ပြုလုပ်လျက်ရှိသည်။   လက်ရှိကာလသည်   ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်အခြေအနေ   ကြေညာထားသည့်ကာလ ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်  လိုအပ်သော  လုပ်ငန်း ဆောင်တာများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိသည်။   ယင်းလုပ်ငန်းများအားလုံးသည်  အချိန်ကာလ အကန့်အသတ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ရာ တပ်မတော်ကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက် လျက်ရှိသည်။

 


၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ရဲဘော်သုံးကျိပ်တို့ လက်မောင်းသွေးဖောက်သစ္စာရေသောက် ၍ ဖွဲ့စည်းခဲ့သည့်  ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊ အိုင်၊ အေ) မှစတင်ပါက မြန်မာ့တပ်မတော်၏သက်တမ်းမှာ  နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်ကာ ခေတ်အဆက်ဆက်တွင် နိုင်ငံနှင့်  ပြည်သူကို  ကာကွယ်စောင့် ရှောက်ရေးအတွက် တပ်မတော်ကို အဆင့်ဆင့်တည်ဆောက်ခဲ့ ရသည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း များနှင့်အညီ မြန်မာ့တပ်မတော်ကိုလည်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော     ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်သွားရမည်ဖြစ်ရာ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များကို အကောင်အထည်ဖော်ခြင်းသည် မျက်မှောက် ကာလ နိုင်ငံ၏ ပကတိအခြေအနေများနှင့်ကိုက်ညီပြီး မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားရမည်သာ ဖြစ်ပါကြောင်း။      ။