မျှတ အလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု

 

လူတိုင်းနေ့စဉ်နှင့်အမျှ ကုန်စည်နှင့် ဝန်ဆောင်မှုတို့ကို မဖြစ်မနေ ဝယ်ယူစားသုံးနေကြရသည်။  အမေရိကန်သမ္မတ  ဂျွန်အက်ဖ် ကနေဒီက    စားသုံးသူများသည်   ကမ္ဘာပေါ်တွင်   စီးပွားရေးအရ အင်အားအကြီးဆုံးဖြစ်သော်လည်း ၎င်းတို့၏အသံကို နားမထောင် ကြဘဲ  မေ့လျော့နေကြသည်ဟု   ဆိုခဲ့သည်။    စားသုံးသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍   ကွန်ဂရက်လွှတ်တော်တွင်   သမ္မတ ကနေဒီ ထုတ်ဖော်ပြောကြားခဲ့သည့် ၁၉၆၂ ခုနှစ် မတ် ၁၅ ရက်နေ့ ကို အကြောင်းပြုကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ်  နှစ်စဉ် မတ်လ ၁၅ ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က  ကျင်းပကြခြင်းဖြစ်သည်။


မြန်မာနိုင်ငံတွင်   စားသုံးသူကာကွယ်ရေးဥပဒေကို  ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ရာ   ယခုနှစ်တွင်  ငါးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။ ယင်းဥပဒေအရ    စားသုံးသူဆိုသည်မှာ   ကုန်စည်   သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ်  အသက် မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ  ကိုယ်တိုင်သုံးစွဲမှုအတွက်သော် လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊   အသုံးပြုခြင်း၊   ရယူခြင်း၊   ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ  သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်ဟု   အဓိပ္ပာယ်ဖွင့်ဆိုထားသည်။   ကုန်စည်   သို့မဟုတ် ဝန်ဆောင်မှုကို   စားသုံးသူတိုင်းသည်    စိတ်ကျေနပ်မှုရရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင်    လိုအပ်သော  သတင်းအချက်အလက်များ   ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်   ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊  စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ နစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်ပါက  ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိခြင်း၊ နစ်နာဆုံးရှုံးမှု နှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အသိပညာဗဟုသုတများ၊ အခွင့် အရေးများနှင့် လိုအပ်သော အချက်အလက်များ သိရှိလေ့လာနိုင် ခွင့်ရှိခြင်း၊  ပစ္စုပ္ပန်ရော နောင်မျိုးဆက်များပါ ကောင်းမွန်သော လူမှုအဆင့်အတန်းနှင့်  ပတ်ဝန်းကျင်တွင်  နေထိုင်နိုင်ခွင့်ရှိခြင်း ဟူ၍ အခြေခံအခွင့်အရေး(၈) ချက်ကို ရပိုင်ခွင့်ရှိကြသည်။


စားသုံးသူတွင်  အခွင့်အရေးနှင့်အတူ တာဝန်များလည်းရှိရာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်နှင့်   လမ်းညွှန်ချက်များအတိုင်း   လိုက်နာရန်၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီ ထားသည့်  တန်ဖိုးနှင့်အညီ  ပေးချေရန်၊ စီးပွားရေးလုပ်ငန်းရှင် အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆို မှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ရန်၊ အငြင်းပွားမှုကို  ညှိနှိုင်းဖြေရှင်း နေစဉ်ကာလအတွင်း   မည်သည့်နည်းလမ်းဖြင့်မဆို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ကြရ မည်ဖြစ်သည်။ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များသည် ခေတ်ကာလများ ပြောင်းလဲသည့်အလျောက် လိုက်ပါပြောင်းလဲ လျက်ရှိသည်ကိုလည်း သတိမူကြရန်လိုသည်။


ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ် မှာ “မျှတ အလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” (Fair and Responsible AI for Consumers) ဟူ၍ ဖြစ်သည်။ မျက်မှောက်ကာလ          ထိပ်တန်းနည်းပညာတစ်ခုဖြစ်သည့် ဉာဏ်ရည်တုနည်းပညာသည် နေ့စဉ် လူမှုဘဝနယ်ပယ်အသီးသီး သို့ ဝင်ရောက်လာနေသကဲ့သို့ တစ်ဖက်တွင်လည်း ဉာဏ်ရည်တု နှင့်စပ်လျဉ်း၍    ကောင်းကျိုးရော   ဆိုးကျိုးအန္တရာယ်များကိုပါ သတိပေးမှုများ ရှိနေသည်။   ထုတ်လုပ်သူ၊  ရောင်းချသူ စသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ဉာဏ်ရည်တုနည်းပညာကို သုံးစွဲရာတွင် မျှတမှု၊ တာဝန်ယူမှုတို့ကို အလေးအနက် ဂရုပြုကာ အင်အားအကြီးဆုံးသော စီးပွားရေးမိတ်ဖက်ဖြစ်သည့် စားသုံးသူ များ၏ အကျိုးအတွက်ပါ မမေ့မလျော့၊ မပျက်မကွက် ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရပါမည့်အကြောင်း။         ။