မုန်တိုင်း၏အဖျက်စွမ်းအား (၃) ရပ် ကြိုတင်တိမ်းရှောင်ခြင်းဖြင့် ဘေးကင်းမည်

 

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း  မိုခါသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ    ကော့ဘဇားမြို့နှင့်     မြန်မာနိုင်ငံ  ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင်  ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း  မိုး/ဇလကခန့်မှန်းထားရာ   မုန်တိုင်းလမ်းကြောင်း ကျရောက် နိုင်သည့်   ဒေသများတွင်   နေထိုင်ကြသည့်  ပြည်သူများ ဘေးအန္တရာယ်လွတ်ကင်းရာများသို့  ရွှေ့ပြောင်းခိုလှုံမှုများ ပြုလုပ်နေကြပြီဖြစ်သည်။

 


ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ် မြောက်ပိုင်း မှ မြန်မာနိုင်ငံအထက်ပိုင်းသို့ ထောင့်ဖြတ်အနေအထားဖြင့် ကုန်းတွင်းသို့ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပြီး ပြင်းအား မှာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်၏ပြင်းအားအောက် အနည်းငယ်သာလျော့နည်းမည်ဟု ခန့်မှန်းထားသည်။   မုန်တိုင်း၏   အဖျက်စွမ်းအားမှာ (၁) လေပြင်းတိုက်ခတ်ခြင်း၊ (၂) မိုးကြီးခြင်းနှင့် (၃) မုန်တိုင်းဒီရေ တက်ခြင်းတို့ဖြစ်သည်။ အင်အားပြင်းထန်သည့် မုန်တိုင်းလေ ကြောင့် သစ်ပင်များ၊ အဆောက်အအုံများ ပြိုလဲပျက်စီးနိုင်ပြီး မုန်တိုင်းမိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကုန်းမြင့်များနှင့် တောင်ပေါ်ဒေသများတွင် တောင်ပြို၊ မြေပြိုခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊    နှစ်ပေါင်းများစွာ   ရေစီးဆင်းခြင်းမရှိခဲ့သော   ချောင်းရိုးချောင်းခြောက်များမှ   ရေများအလုံးအရင်းနှင့် စီးဆင်းလာခြင်းတို့   ဖြစ်ပေါ်လာနိုင်ရာ   မိမိတို့နေထိုင်ရာ ဒေသများ၏ ရေမြေအနေအထားအရ  ကြိုတင်ရွှေ့ပြောင်း ရှောင်ရှားကြရမည်ဖြစ်သည်။

 


မုန်တိုင်း၏ အဖျက်စွမ်းအား(၃)ရပ်အနက် မုန်တိုင်းဒီရေ သည် အန္တရာယ်အကြီးဆုံးဖြစ်ပြီး လူ့အသက်အန္တရာယ်အများ ဆုံး ပျက်စီးဆုံးရှုံးရမှုများမှာ မုန်တိုင်းဒီရေကြောင့်ဖြစ်သည်။ မုန်တိုင်းဒီရေသည်    ပုံမှန်တက်နေသော   ဒီရေမဟုတ်ဘဲ မုန်တိုင်းလေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ရေမျက်နှာပြင် သည် ပုံမှန်ထက်   အဆမတန်မြင့်တက်လာကာ ကုန်းတွင်း ပိုင်း မိုင်အတော်ဝေးဝေးအထိ ဝင်ရောက်လာပြီး အဆောက် အအုံများနှင့်  လမ်းများကို  လျင်မြန်စွာရိုက်ခတ်ဖုံးလွှမ်းနိုင် သည့်  အန္တရာယ်ကြီးမားသော   သဘာဝဘေးတစ်ခုဖြစ်သည်။ မုန်တိုင်းဒီရေ ဝင်ရောက်ရာဒေသသည် မြေနိမ့်မြေပြန့်ဖြစ်ပြီး မြစ်ပေါက်၊ ချောင်းပေါက်များပေါများ၊ အဝကျယ်မြစ်ဝများ တည်ရှိနေမည်ဆိုပါက မုန်တိုင်းဒီရေအန္တရာယ်ကြီးမားနိုင် သည်။

 

မုန်တိုင်းဒီရေသည်  စောင့်ကြည့်နေပါက  အန္တရာယ် ရှိလာပြီဟု သိရချိန်တွင်  မတိမ်းရှောင်နိုင်တော့ဘဲ အသက် အန္တရာယ်ကျရောက်နိုင်သည်အထိ      ဖြစ်နိုင်ခြင်းကြောင့်  စောစီးစွာကြိုတင်တိမ်းရှောင်နိုင်ရန် လိုအပ်သည်။

 


မုန်တိုင်းဒီရေအန္တရာယ်မှ     ရှောင်ရှားနိုင်ရန်အတွက် ရေလွတ်သည့်ကုန်းမြင့်အရပ်များ၊ မုန်တိုင်းဒဏ်ခံအဆောက် အအုံများ၊ အသက်ကယ်ကုန်းမြင့်များတွင် ခိုလှုံကြရန်ဖြစ်ပြီး မိမိတို့နှင့်အတူ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွတ်စာတမ်းများပါရှိရန်၊ မိသားစုဝင်များကွဲကွာ သွားပါက ပြန်လည်ဆက်သွယ်ရန်   ဖုန်းနံပါတ်၊  အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်းတွင် ယူဆောင်ထားရန် အကြံပြု ထားသည်။  မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင်  အစိုးရဌာနမှ ထုတ်ပြန်သည့် မိုးလေဝသသတင်းများနှင့်အကြံပြုချက်များ ကို စဉ်ဆက်မပြတ်နားထောင်လိုက်နာကြရန်နှင့် အခြားသူများ ကို မျှဝေရန်၊ ကောလာဟလများကို မယုံကြည်ရန်၊ မလိုအပ် ဘဲ အပြင်မထွက်ရန်၊ မသန့်ရှင်းသောရေအရင်းအမြစ်များကို သုံးစွဲခြင်းမပြုရန်၊ ပြိုကျပျက်စီးနေသော အဆောက်အအုံများ၊ သစ်ပင်များ၊ တောင်စောင်းများသို့မသွားရန် စသည့်အချက် များကိုလည်း ရှောင်ရှားကြရန် အကြံပြုချက်များ  လိုက်နာ ကြရန်လည်း      အကျိုးမျှော်ကာ     နှိုးဆော်တိုက်တွန်းအပ် ပါကြောင်း။       ။