မုန်တိုင်းမိုးကြောင့် ဖြစ်ပေါ်တတ်သည့် ရုတ်တရက် ရေကြီးရေလျှံမှုအန္တရာယ်

 

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းအများစု က  အိန္ဒိယနိုင်ငံ   အရှေ့ဘက်ကမ်း  သို့မဟုတ်  ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း  စသည့်ဒေသများသို့  ဝင်ရောက်သွားလေ့ရှိကြ  ပြီး    မုန်တိုင်း၏အရှိန်ကြောင့်   မြန်မာနိုင်ငံ  ဒေသအချို့တွင် မိုးရွာသွန်းလေ့ရှိသဖြင့်     မိုးရေလိုနေသည့်   လယ်ကွင်းများမှ တောင်သူတို့က    မုန်တိုင်းမိုးကို   မျှော်လေ့ရှိကြသည်။   ပုံမှန် မဟုတ်သော    မိုးရွာသွန်းမှုများတွင်  မိုးရေချိန်များစွာ  ပါလေ့ ရှိသဖြင့်    တစ်ခါတစ်ရံတွင်   ရုတ်တရက်  ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး မြေပြိုခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များလည်း  ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန်လိုသည်။ 

 


တောင်ကိုရီးယားနိုင်ငံ  ဆိုးလ်မြို့တွင်  နှစ်ပေါင်း  ၈၀  ခန့် အတွင်း    မကြုံစဖူး   ရွာသွန်းသောမိုးကြောင့်   လူများသေဆုံး၊ ပျောက်ဆုံးမှုတို့ဖြစ်ပေါ်ခဲ့ရာ     ရုတ်တရက်   ရေကြီးရေလျှံမှု၏ အန္တရာယ်ကို  ပို၍ပင်သတိပြုဖွယ်ရာဖြစ်ပြီး  မိမိတို့နေထိုင်ရာ ဒေသများတွင်    ထိုနည်းတူဖြစ်ပေါ်လာပါက    ရင်ဆိုင်ဖြေရှင်း နိုင်ရန်   ကြိုတင်တွေးဆပြင်ဆင်ထားကြရန်  လိုသည်။ မိမိတို့ နိုင်ငံတွင်လည်း ကုန်းမြင့်ဒေသ မြို့အချို့၌ ရေကြီးရေလျှံမှုနှင့် ထိခိုက်ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့သည်ကို သတင်းများတွင် တွေ့ရှိ ရပြီး   သစ်ပင်သစ်တောများ   ပြုန်းတီးမှု၊  သဘာဝရေစီးရေလာ များ  ပိတ်ဆို့မှု၊   မြစ်ချောင်းများတွင်    လူ့ပယောဂကြောင့် မြစ်ကော   ချောင်းကောများ  ဖြစ်ပေါ်မှုတို့ကြောင့်  ရေကြီးရေလျှံ မှုကို   ပိုမိုဆိုးရွား‌စေကြောင်း    ဝေဖန်မှုများကိုလည်း   တွေ့ရှိရ သည်။

 


ရုတ်တရက်ရေကြီးရေလျှံမှုသည် ရေစီးကြောင်း၏ အထက် ပိုင်းတစ်နေရာတွင် မိုးရေချိန်များစွာ ရွာသွန်းရာမှ ရေများ အလုံး အရင်းဖြင့် အရှိန်ပြင်းစွာ ကျဆင်းလာခြင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း သို့မဟုတ် နာရီပိုင်းအတွင်း အနိမ့်ပိုင်းများကို ရေဖုံးလွှမ်းသွား တတ်သည်။ ထို့နောက် အချိန်တိုအတွင်းမှာပင် ရေများ ပြန်လည် ကျဆင်းသွားတတ်သည်။ ရုတ်တရက် ရေလွှမ်းမိုးရာတွင် ရေထု ထည်ပမာဏ မည်မျှများပြားမည်ကို မခန့်မှန်းနိုင်ခြင်းကြောင့် တိမ်းရှောင်ရန်      နှောင့်နှေးရာမှ     ရေဘေးသင့်ကြရသည်။ ရုတ်တရက် ရေလွှမ်းမိုးမှုတွင် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ် များအနေဖြင့် မြေပြိုခြင်း၊ ကမ်းပါးပြိုကျခြင်း၊ ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်ခြင်း၊ မြို့များတွင် ရေဖုံးလွှမ်းသွားသည့် အခါ မြေအောက်ရေမြောင်းများ၊ တွင်းပေါက်၊ မြောင်းပေါက်များ၊ မြေတိုက်ခန်းများ၊ ရေတွင်းများ စသည်တို့ကို မမြင်ရတော့သည့် အတွက်   ချော်ကျပြီး    နစ်မြုပ်မျောပါခြင်း၊   ဓာတ်လိုက်ခြင်း၊ လမ်းမများပေါ်တွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် ရေစီး ကြောင်းကို ဖြတ်သန်းရာမှ မျောပါခြင်း စသည့်အန္တရာယ်များကို တွေ့ကြုံရနိုင်သည်။ 

 


ရုတ်တရက် ရေကြီးရေလျှံမှုအန္တရာယ်မှ တိမ်းရှောင်နိုင်ရန် အတွက် မိုးလေဝသ သတင်းများကို မျက်ခြည်မပြတ် နားစွင့်ရယူ နေရန် လိုအပ်သည်။ မိမိဒေသအတွင်းရှိနေသည့် မြစ်များ၊ ချောင်း များနှင့် လတ်တလောရေစီးဆင်းခြင်းမရှိသည့် ချောင်းခြောက် များမှ ရေများအလုံးအရင်းဖြင့် စီးဆင်းလာနိုင်သည်ကို သတိပြု ရမည်။ တောင်ပြို၊ မြေပြိုနိုင်သည့် နေရာများနှင့် ရေစီးဆင်းလာပါ က ကမ်းပါးပြိုနိုင်သည့် နေရာများကို ရှောင်ရှားကာ ရေလွတ်သည့် အမြင့်ပိုင်းနေရာများတွင် ခိုလှုံရမည်။ ရေဖုံးလွှမ်းပါက အန္တရာယ် ရှိနိုင်သည့် ကျင်းချိုင့်များ၊ တွင်းများ၊ အပေါက်များ၊ ရေမြောင်းများ၊ မြေအောက်မြောင်းများကို မှတ်သားထားပြီး ရှောင်ရှားသွားလာ ရန်၊ ပြင်းထန်သည့် ရေစီးကြောင်းများကို ဖြတ်သန်းခြင်းမပြုရန် တို့ကို    သတိပြုကြကာ   အသက်ကို   ဉာဏ်စောင့်သည်ဟူသော ဆိုရိုးနှင့်အညီ      ဉာဏ်ပညာဗဟုသုတတို့ဖြင့်     မိမိနှင့်တကွ  မိမိနှင့်သက်ဆိုင်သူတို့ကိုပါ    စောင့်ရှောက်သမှု    ပြုနိုင်ကြပါ စေကြောင်း။       ။