မူဆယ်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သိုလှောင်ထားသည့် ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇူလိုင်    ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်နှင့်   မန္တလေးတိုင်းဒေသကြီး   ပြည်ကြီးတံခွန်မြို့နယ်တို့၌ ငွေ ကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ  တရားမဝင်သိုလှောင်ထားသည့်  ဓာတုပစ္စည်းများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇူလိုင် ၂၅ ရက် နံနက် ၉   နာရီခွဲတွင်   ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့  စွမ်စော် ရပ်ကွက်       မန့်ဝိန်းနယ်မြေရှိ ဂိုဒေါင်အား သတင်းအရရှာဖွေရာ ဂိုဒေါင်တာဝန်ခံ  ကြည်ဇင်ထွန်း ကို  Toyota Landcruiser Prado မော်တော်ယာဉ်တစ်စီး၊   တရား မဝင်   သိုလှောင်ထားသည့်  ဓာတု ပစ္စည်း   သီအိုဖီလင်း   အမ်ဟိုက် ဒရိုက်  ၁၄ ဒသမ ၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး  စစ်ဆေးဖော်ထုတ် ချက်အရ  မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန် မြို့နယ် ၁၃၈ လမ်း နှင့် ၁၃၉ လမ်းကြား၊ ၅၁ လမ်းရှိ ဂိုဒေါင်အား      ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ     မန်နေဂျာ ဝေလင်း  (ခ)  ဝေလင်းထွန်းကို တရားမဝင်  သိုလှောင်ထားသည့် ဓာတုပစ္စည်း ကောပါးဆာလဖိတ် နှစ်တန်    ထိန်းချုပ်ဓာတုပစ္စည်း ဖြစ်သည့်   အမိုနီယမ်နိုက်ထရိတ် သုံးတန်  တို့နှင့်အတူ  ဖမ်းဆီးရမိခဲ့ သဖြင့်   စုစုပေါင်း  ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၄၄၀၀ ကျော် တန်ဖိုးရှိ  ဓာတုပစ္စည်းဖြစ်သည့် သီအိုဖီလင်း အမ်ဟိုက်ဒရိုက် ၁၄ ဒသမ ၅ တန်   ကောပါးဆာလဖိတ် နှစ်တန်     ထိန်းချုပ်ဓာတုပစ္စည်း ဖြစ်သည့်  အမိုနီယမ်နိုက်ထရိတ် သုံးတန်တို့  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  ဥပဒေအရ အရေးယူ ထားရှိပြီး     ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား  ဆက်လက် စစ်ဆေး  ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။


သတင်းစဉ်