မူဆယ်နယ်စပ်တွင် လက်ရှိဖြစ်ပေါ်နေသော ဖရဲ၊ သခွား ကုန်သွယ်မှု အခြေအနေများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့်တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံ သို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက် တောင်သူများ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲ များ အဆင်ပြေစေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေး အတွက် အရေးပေါ်ဆောင်ရွက်ရမည့် အစီအစဉ်များကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန(ရန်ကုန်မြို့)၌ ဆွေးနွေးကြသည်။
 
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဖရဲ/ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့ တက်ရောက်ကြသည်။
 
ညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ဈေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ/သခွားမွှေး ထုတ်ကုန်များ အပေါ် ပြည်တွင်းဈေးကွက် အမြန်ဆုံးရရှိရေးနှင့် ပြည်ပဈေးကွက်တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးက သွေးချင်းတို့ရဲ့ပွဲတော်ကာလအတွင်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချရေး၊ မြေပဒေသာကျွန်းတွင် ဖရဲ/သခွားပွဲတော် ကျင်းပပြုလုပ်ရေး၊ တညှင်းကုန်းလက်ကားဈေးတွင် သယ်ယူရောင်းဝယ်ရန်နေရာစီစဉ်ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးဈေး (လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင်ရောင်းဝယ်ရန်နေရာစီစဉ်ပေးရေး၊ ရတနာသီရိကုန်စိမ်းဈေး (ထောက်ကြန့်)အပေါ်ထပ်တွင် ရောင်းချရန် နေရာစီစဉ်ပေးရေး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဈေးများအတွင်း ရရှိနိုင်မည့်နေရာများတွင် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပေးရေး၊ Door to Door Service စနစ်ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်ရောင်းချရန် စီစဉ် ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
 
ထို့နောက် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဘုရင့်နောင် ကုန်စည်ဒိုင်၊ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း သယ်ယူ ရောင်းဝယ်ရန် နေရာစီစဉ်ဆောင်ရွက်ပေးခြင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ အုပ်စု(၁၁) သိုလှောင်ရုံနှင့် ကြက်ဘဲဈေးအနီး မြန်မာ့ဂုဏ်ရောင်လမ်းမပေါ်ရှိ ကုန်သွယ်ရေးဦးစီးဌာနပိုင် တစ်ဧကခန့်ဝင်းအတွင်း ယာယီဆိုင်ခန်း ဖွင့်လှစ်ရောင်းချ ရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်မည့် အစီအစဉ်များ အနေဖြင့် ပြည်ပတင်ပို့ရန် အရည်အသွေးမီ ဖရဲ၊ သခွား ပို့ကုန်များ ထုတ်လုပ်တင်ပို့မည့်လုပ်ငန်းရှင်များက ကုန်စည် သတင်းအချက်အလက်များကို မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့သို့ပေးပို့ပြီး စီးပွားရေးသံမှူးများမှတစ်ဆင့် ပြည်ပ ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရန် လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက်ပေးခြင်း၊ သီးနှံများ ထိန်းသိမ်း သိုလှောင်ရာတွင် မဖြစ်မနေလိုအပ်သည့် Cold Chain ပါဝင်သည့် Logistic Hub များပေါ်ထွန်းရေး ပံ့ပိုးမှုများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
 
သတင်းစဉ်