
ရန်ကုန် ဩဂုတ် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင် ရေးစခန်းအသီးသီးတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသော သင်တန်းသားဦးရေ တစ်ရာကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့ တာမွေ မြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုရုံး၌ ဩဂုတ် ၇ ရက်က ပြုလုပ်သည့် မူးယစ် ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများ နှင့် သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။
ဆွေးနွေးပွဲတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်က အမှာစကားပြောကြားပြီး အသင်းအတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးစွဲလူနာများအား ဆေးကုသမှု မဖြစ်မနေခံယူရန် လိုအပ်သည့်အကြောင်း၊ ကျောင်းသား လူငယ်ထုဆက်သွယ်ရေး သံတမန်ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီးသူများအား ဆေးဖြတ်ပြီးပါက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး အသင်းဥက္ကဋ္ဌက မူးယစ်ဆေးဖြတ် သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက် လာမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)