မူးယစ်ဆေးဝါး သယ်ဆောင်မှုများနှင့် ထိရောက်သည့်ပြစ်ဒဏ်

 

မိမိတို့နိုင်ငံတွင်  ကိုဗစ်-၁၉  ကပ်ရောဂါ  ကူးစက်ပျံ့နှံ့မှုနှင့် နိုင်ငံရေး  အခြေအနေတို့ကြောင့်  အကန့်အသတ်၊  အတား အဆီးများ  ပြုလုပ်ကာ  ထိန်းချုပ်ကာကွယ်မှုများ  ပြုလုပ် နေရချိန်တွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများက အခွင့်ကောင်းတစ်ရပ်အဖြစ်  အသုံးချခဲ့ကြသည်။   မူးယစ် ဆေးဝါးတန်ဖိုးကျပ်ငွေ  ဘီလီယံ (သန်းပေါင်းထောင်နှင့်ချီ၍)   ပမာဏကြီးမားစွာ မကြာခဏ ဖမ်းဆီးရမိခဲ့ရာ သာမန်အချိန် ကာလများထက် များစွာပိုမိုခဲ့သည်။

 


မူးယစ်ဆေးဝါးပြဿနာသည်   ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် ကြုံတွေ့နေရသည့်  ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊  ရောင်းဝယ် ခြင်း၊   ဖြန့်ဖြူးခြင်း   လုပ်ငန်းစဉ်တစ်ခုလုံးသည်   နိုင်ငံများ တစ်ခုပြီး တစ်ခုကို ဖြတ်ကျော်ဆောင်ရွက်နေကြခြင်းဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများအပြင်    လက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကျင့်ပျက်ဝန်ထမ်းများ ပါဝင်နေလေ့ရှိသည့် အတွက်   ထိထိရောက်ရောက်   ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခက်ခဲသည်။ မျက်မှောက်ကာလ  မူးယစ်ဆေးဝါးထုတ်လုပ် မှုမှာ   ဓာတုပစ္စည်းများကို   အခြေခံထုတ်လုပ်သည့်    စိတ်ကြွ ရူးသွပ်ဆေးဝါးများ ပိုမို၍များပြားလာသည်။  ၎င်းဓာတုပစ္စည်း များမှာ  မူးယစ်ဆေးဝါး  ထုတ်လုပ်မှုတစ်ခုတည်းတွင်သာ အသုံးပြုခြင်းမဟုတ်ဘဲ အခြားကုန်ထုတ်လုပ်ငန်းများတွင်ပါ အသုံးပြုနေရခြင်းဖြစ်သည့်အတွက် လုံးဝပိတ်ပင်တားဆီးရန်   ခက်ခဲသည့်အပြင်    မူးယစ်ဆေးပြားများ   ထုတ်လုပ်သည့် စက်များမှာလည်း မော်တော်ယာဉ်ပေါ်တွင်တင်ကာ ထုတ်လုပ် နိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ထို့အပြင် အဆိုပါဓာတု ပစ္စည်းများမှာ  အိမ်နီးချင်းနိုင်ငံကြီးများမှ ထုတ်လုပ်နေခြင်း ဖြစ်ရာ  နိုင်ငံအတွင်းရှိ  တရားဥပဒေစိုးမိုးမှု အလှမ်းဝေးသည့် ဒေသများတွင်  နိုင်ငံတကာရာဇဝတ်ဂိုဏ်းများက လက်နက် ကိုင်အဖွဲ့အစည်းအချို့နှင့်   အပေးအယူပြုလုပ်ကာ  မူးယစ် ဆေးဝါး  ထုတ်လုပ်နေကြခြင်းဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိခဲ့ရသည်။

 


မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ အချို့တွင်  ထုတ်လုပ်ကာ ပြည်တွင်းသို့ လမ်းကြောင်းအမျိုးမျိုး ဖြင့်  ဖြတ်သန်းကာ ပင်လယ်ပြင်သို့လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံအချို့သို့လည်းကောင်း သယ်ဆောင်ရောင်းဝယ်နေကြ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေကို  ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ရာ အဆိုပါဥပဒေအရ မူးယစ်ဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊   သယ်ဆောင်ခြင်း၊   တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့အတွက် ကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ အများဆုံး နှစ်အကန့်အသတ် မရှိ ထောင်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားသည်။

 


ဤတွင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုမှ ရရှိသည့် အမြတ်အစွန်းသည်   ဖမ်းဆီးခံရပါက  ချမှတ်ခံရမည့် ပြစ်ဒဏ် ကိုပင် မကြောက်မရွံ့နိုင်လောက်အောင်ပင် ဆွဲဆောင်နေသည့် အားလျော်စွာ မိုက်မိုက်မဲမဲ သိုလှောင်၊ သယ်ဆောင်၊ ပေးပို့၊ လွှဲပြောင်းနေကြခြင်းဖြစ်သည်ဟူ၍ ယူဆမိသည်။ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက်    သယ်ဆောင်မှုများကို    ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးသည့်နည်းတူ တစ်ဖက် ကလည်း ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ရေးနှင့် လိုအပ် ပါကလည်း ဥပဒေကို  ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက် သွားရပါမည့်အကြောင်း။            ။