
နေပြည်တော် ဇွန် ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် မမှူးသောက်အိမ် (ခ)မဘီ ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို လည်းကောင်း၊ ထိုနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကွတ်ခိုင်မြို့ အမှတ်(၄)ရပ်ကွက်နေ မဟောင်ကွေ့ချိန် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ နှင့် ဘိန်းဖြူ ၀ ဒသမ ၀၃ ကီလိုတို့ကိုလည်းကောင်း။
ဇွန် ၈ ရက် နံနက် ၁၁ နာရီခွဲတွင် မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု ဟာဘီ(အလယ်) ကျေးရွာအနီးတွင် စိုးအောင်သိန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင် ရောင်းဝယ်သူများဖြစ်ကြသည့် မစိုးစိုးအေး (ခ) မိုးမိုးအေး (ခ) စိုးစိုး၊ ဝင်းချေနှင့် အောင်နီလာတို့ သုံးဦးကို မောင်တောမြို့ မြို့မအရှေ့ ရပ်ကွက်၌ လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် စိန်လှထွန်း၊ အောင်မျိုးဝင်း နှင့် အောင်ချမ်းအေးတို့ သုံးဦးကို မောင်တောမြို့ (၃)မိုင်ရပ်ကွက်ရှိ ဈေးဆိုင်တန်း၌ မော်တော်ဆိုင်ကယ် နှစ်စီးဖြင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီခွဲတွင် ခိုင်မျိုးလင်း ကို မောင်တောမြို့နယ်၊ (ဒု) ချီးယားကျေးရွာ အုပ်စု ခရေမြိုင်ကျေးရွာရှိ သန်းဝင်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉၃၀ ဖြင့်လည်းကောင်း၊ ညနေ ၄ နာရီ မိနစ် ၂၀ တွင် ဇော်မီ ကို မောင်တောမြို့ မြို့မအနောက်ရပ်ကွက်ရှိ နာရီစင်အနီး၌လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား