
ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (စ) မှ နောက်ဆုံးပွဲစဉ်အဖြစ် ဂျော်ဂျီယာနှင့် ပေါ်တူဂီအသင်းပွဲစဉ်ကို ဇွန် ၂၇ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစား ခဲ့ရာ ဂျော်ဂျီယာအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဂျော်ဂျီယာ အသင်းသည် ယခုပွဲစဉ်တွင် နိုင်ပွဲရရှိခဲ့သည့်အတွက် ရမှတ် လေးမှတ် နှင့်အတူ အကောင်းဆုံးအုပ်စုတတိယဖြင့် နောက်တစ်ဆင့်သို့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သည်။
ပေါ်တူဂီအသင်းသည် ယခုပွဲစဉ်မတိုင်မီကတည်းက ရမှတ် ခြောက်မှတ်ဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းထားနိုင်ပြီးဖြစ်သော် လည်း စီရော်နယ်ဒို၊ ကွန်စီကာအို၊ ဖီးလစ် စသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ဂျော်ဂျီယာအသင်းကို ရင်ဆိုင်လာခဲ့သည်။ ဂျော်ဂျီယာ အသင်းသည် ရရှိလာသည့်အခွင့်အရေးကို အမိအရအသုံးချကာ နာမည် ကြီး ပေါ်တူဂီအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၂ မိနစ်တွင် ဂျော်ဂျီယာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ခါဗီချာက သွင်းယူ ပေးခဲ့သည်။
နာမည်ကြီး ပေါ်တူဂီအသင်းသည် ဦးဆောင်ဂိုးခွင့်ပြုပေးလိုက် ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာသော်လည်း သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။ ပွဲချိန် ၅၇ မိနစ်တွင် ဂျော်ဂျီယာအသင်း ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး မီကာတာဒီက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့်အတွက် ပေါ်တူဂီအသင်းကို နှစ်ဂိုးပြတ် ဦးဆောင် နိုင်ခဲ့သည်။
ထို့နောက်တွင် ပေါ်တူဂီအသင်းသည် ချေပဂိုးများရရှိရေး လူစားလဲ မှုများပြုလုပ်ကာ တိုက်စစ်မြှင့်လာသော်လည်း ပွဲချိန်ပြည့်သည်အထိ ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ဂျော်ဂျီယာအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အုပ်စု (စ) မှ အခြားသော ပွဲစဉ်အဖြစ် ချက်ဇ် နှင့် တူကီယဲအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တူကီယဲအသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အောင်ဇော်