
ဆောင်းပါး
=====
နားထောင်တတ်ခြင်းအတတ်ပညာ နည်းနည်းပြော၍ များများနားထောင်ပါ
=========================================
ကောင်းမွန်
=====
သင့်အနေဖြင့် အခြားသူတစ်ဦး ပြောကြားသည့်စကားကို နောက်ဆုံးမည်သည့်အချိန်က အသေအချာ နားထောင်ခဲ့ ပါသနည်း။ အသေအချာနားထောင်သည်ဆိုသည်မှာ သင့်အနေဖြင့် နောက်ထပ်ဘာပြောလိုသည်ကို စဉ်းစား ခြင်းမရှိဘဲ၊ သင်၏လက်ကိုင်ဖုန်းကို တစ်ချက်မျှ မကြည့် ဘဲ၊ တစ်ဖက်သား၏ ပြောကြားချက်အပေါ် သင်ပေးလို သည့် မှတ်ချက်ကို မစဉ်းစားဘဲ နားထောင်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။ အလားတူပင် နောက်ဆုံး မည်သည့် အချိန်တွင် အခြားသူတစ်ဦးက သင်ပြောကြားသည်ကို အသေအချာနားထောင်ခဲ့ပါသနည်း။ ဆိုလိုသည်မှာ သင်ပြောကြားနေသည်ကို တစ်ပါးသူက အလေးဂရုပြု နားထောင်၍ သင်ပြောကြားနေသည့် အကြောင်းအရာ အပေါ် မှန်ကန်စွာတုံ့ပြန်ခြင်းမျိုး ဖြစ်သည်။
မိမိတို့သည် မိမိတို့၏ နှလုံးသား၊ အူသိမ်အူမ ကလီစာတို့၏အသံများကို နားဆင်ရန် တွန်းအားပေးလေ့ ရှိသော်လည်း တစ်ပါးသူတို့၏ ပြောကြားချက်ကို ဂရု တစိုက် အလေးထားနားထောင်တတ်လေ့ မရှိတတ်ကြပေ။ ကျွန်ုပ်တို့သည် ဧည့်ခံပွဲများ၊ စားသောက်ပွဲများ၊ လုပ်ငန်း ပိုင်းဆိုင်ရာ အစည်းအဝေးများ၊ ရံဖန်ရံခါ မိသားစုလိုက် ညစာစားပွဲများ၌ တစ်ပါးသူတို့နှင့်တွေ့ဆုံ၍ စကား စမြည်ပြောဆိုတတ်ကြသည်။ အွန်လိုင်း၌ဖြစ်စေ၊ လူချင်း ဖြစ်စေ တွေ့ဆုံကြသည့်အခါ မိမိတို့ ပြောကြားကြသည် မှာ မိမိတို့အကြောင်းသာ ဖြစ်သည်။ မိမိတို့၏ ပြောကြား ချက်ကို ယင်းအတိုင်း ပုံဖော်တတ်ကြသည်။
အောင်မြင်သည့်ဆက်ဆံရေးအတွက် အခြေခံပင်ဖြစ်
သို့စေကာမူ နားထောင်တတ်ခြင်း (အတတ်ပညာ)က စကားပြောခြင်းထက် ပိုမိုတန်ဖိုးရှိနိုင်သည်။ တစ်ဦး နှင့်တစ်ဦး ကောင်းစွာနားထောင်ခြင်းမရှိကြသဖြင့် စစ်ပွဲ များ တိုက်ခိုက်ကြရသည်။ စည်းစိမ်ဥစ္စာများ ဆုံးရှုံးကြ ရသည်။ မိတ်ဆွေအပေါင်းအသင်းဖြစ်မှု ပျက်ပြားကြရ သည်။ ကောင်းစွာနားထောင်ခြင်းဖြင့်သာ မိမိတို့ တစ်ဦး နှင့်တစ်ဦး ဆုံတွေ့ကြသည်။ အပြန်အလှန် နားလည်ကြ သည်။ စာနာကြသည်။ ပူးပေါင်းဆောင်ရွက်ကြသည်။ တိုးတက်ကြသည်။ ယင်းမှာ လူပုဂ္ဂိုလ်ဆိုင်ရာဖြစ်စေ၊ လုပ်ငန်းအတတ်ပညာပိုင်းဆိုင်ရာဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ အောင်မြင်သည့်ဆက်ဆံရေးအတွက် အခြေခံပင် ဖြစ်သည်။
မူလစာရေးသူသည် နားထောင်ခြင်းအတတ်ပညာနှင့်ပတ်သက်၍ စာအုပ်တစ်အုပ်ပြုစုရေးအတွက် ဘရွတ် ကလင်းအရပ်မှစ၍ ပေကျင်းမြို့အထိတိုင်အောင်၊ ပစိဖိတ် သမုဒ္ဒရာ၏ တစ်ဖက်ကမ်းမှ အခြားတစ်ဖက်ကမ်း တိုင်အောင် တွေ့ဆုံခဲ့သူများအား ကောင်းမွန်စွာနားထောင် တတ်သူတစ်ဦးဆိုသည်မှာ ဘာကိုဆိုလိုသနည်းဟု မေးမြန်းခဲ့ဖူးပါသည်။ အားလုံး၏တူညီသည့် တုံ့ပြန်မှု တစ်ရပ်မှာ ၎င်းကို စိုက်ကြည့်နေကြခြင်းပင် ဖြစ်သည်။
သို့စေကာမူ ကောင်းစွာနားမထောင်တတ်သူ တစ်ဦးဆိုသည်မှာ လူတစ်ဦးဦးစကားပြောနေစဉ် ကြားဖြတ်ပြောတတ်ခြင်း၊ မိမိတို့ တယ်လီဖုန်းကို စိုက်ကြည့်နေတတ်ခြင်း၊ စိတ်ရှုပ်ထွေးသည့် အမူအရာ သို့မဟုတ် သရော်သည့်ပုံစံဖြင့် တုံ့ပြန်တတ်သူတို့ကို ဆိုလိုခြင်းဖြစ်ကြောင်း အခက်အခဲမရှိ ဖြေကြားတတ် ကြသည်။ ဝမ်းနည်းဖွယ်ကောင်းသည့် အမှန်တရားတစ်ခု မှာ လူတို့သည် မိမိတို့ပြောကြားချက်နှင့်ပတ်သက်၍ ကျေနပ်အားရမှုထက် ကြားဖြတ်ပြောကြားခံရခြင်း၊ အလေးဂရုပြုမခံရခြင်း၊ မှားယွင်းစွာနားလည်ခြင်း စသည့်အတွေ့အကြုံများကို ပိုမိုတွေ့ကြုံရခြင်းပင် ဖြစ်သည်။
ယင်းကဲ့သို့ တွေ့ကြုံရခြင်းအတွက် ခေတ်မီ နည်းပညာပိုင်းက တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ယခုခေတ် ဆိုရှယ်မီဒီယာက ဆန့်ကျင်ဘက်ရှုထောင့်အမြင်များကို စစ်ထုတ်ပေးသည့်နည်းစနစ်များ ပါဝင်သည့် ရုံသွင် ဖော်အသံပိုင်းစနစ်ကို ပံ့ပိုးပေးလျက်ရှိသည်။ လူတို့သည် တယ်လီဖုန်းခေါ်ဆိုမှုများကို စွက်ဖက်မှုအနှောင့်အယှက် အဖြစ် ရှုမြင်လာတတ်ကြသည်။ အသံဖြင့် သတင်း ချန်ထားခဲ့ခြင်းကို လျစ်လျူရှုတတ်ကြသည်။ တယ်လီ ဖုန်းဖြင့် သတင်းပေးခြင်း၊ အမှာစကားချန်ထားမှု သို့မဟုတ် စကားလုံးများမပါသည့် သင်္ကေတလက္ခဏာတို့ကို ပိုမို နှစ်သက်ကြသည်။ အကယ်၍ လူတို့က တစ်ခုခုကို နားဆင် ပါကလည်း နားကြပ်များမှတစ်ဆင့်သာ ဖြစ်လာကြပြီး ၎င်းတို့ကိုယ်တိုင် စိစစ်ထားသည့် အသံလှိုင်းများအတွင်း လုံခြုံစွာနေကြသည့် အနေအထားမျိုးဖြစ်သည်။ ယင်းကို အမေရိကန်ပြည်ထောင်စု၌ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက အထီးကျန်ဆန်သည့် ကူးစက်မှု အဖြစ်ပင် တင်စားပြောကြားခဲ့ကြသည်။
စကားပြောသည့် အတတ်ပညာ
သို့သော်လည်း ခေတ်မီနည်းပညာတစ်ခုတည်းသာ အပြစ်ရှိသူ မဟုတ်ပေ။ အထက်တန်းကျောင်း၊ ကောလိပ် များ၌ မိမိတို့အယူအဆ၊ အာဝဇ္ဇန်းရွှင်ရွှင် ပြောကြားချက် တို့ကို လက်ခံလာအောင် ဆွဲဆောင်ပြောဆိုသည့် စကားရည်လုသည့် အဖွဲ့များ၊ သင်တန်းများရှိကြသော်လည်း အမှန်တကယ် စနစ်တကျနားထောင်တတ်စေရန် သင်ကြား ပို့ချသည့်သင်တန်းများ၊ စာသင်ခန်းပြင်ပလှုပ်ရှားမှု အစီအစဉ်များ မရှိကြပေ။ စာဖတ်သူတို့အနေဖြင့် စကားပြောဆက်သွယ်မှုပညာရပ်နှင့် ဒေါက်တာဘွဲ့ကို ရရှိနိုင်ပြီး အများရှေ့မှောက်စကားပြောသည့် အတတ်ပညာ အရည်အသွေးကို ပိုမိုကောင်းမွန်စေရန် လေ့ကျင့်ပေးနိုင် သည့် Toastmasters ကဲ့သို့ အခမ်းအနားမှူးများအဖွဲ့သို့ ဝင်ရောက်ကောင်း ဝင်ရောက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် မည်သူက နားထောင်မှုအတတ်ပညာနှင့်ပတ်သက်၍ ထူးချွန်အောင် ကြိုးပမ်းလိုပါသနည်း။
ယနေ့ခေတ်ကာလ၏ ဩဇာစွမ်းပကားနှင့် အောင်မြင် မှုပုံရိပ်သင်္ကေတမှာ အများရှေ့စင်မြင့်အထက်၌ မိုက်ခရို ဖုန်းကိုကိုင်၍ လှည့်လည်ဟောပြောနေသူ၊ စကားပြောစင် အနောက်၌ ဟောပြောနေသူတစ်ဦး ဖြစ်သည်။ TED ဟောပြောပွဲ သို့မဟုတ် ဘွဲ့နှင်းသဘင်အခမ်းအနား၌ အများ ၏ကိုယ်စား မိန့်ခွန်းပြောကြားရခြင်းမှာ ဘဝ၏ ရည်မှန်း ချက်တစ်ခုကို အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။
ယနေ့ခေတ်၏ နားဝင်ပီယံမရှိမှု၊ သဟဇာတမရှိမှု တို့ကပင် မိမိတို့ကို ကောင်းစွာနားထောင်တတ်ခြင်းမှ ဟန့်တားထားသည်။ စားသောက်ဆိုင်များရှိ ပီပီသသ ကြားရသည့်အသံစနစ်က စားသုံးသူများ တစ်ဦးနှင့်တစ်ဦး ကောင်းစွာမကြားရစေရန် အဟန့်အတားပြုလျက်ရှိသည်။ နံရံအဟန့်အတားများမရှိသည့် ယနေ့ခေတ် ရုံးခန်းများ၌ လည်း ကွန်ပျူတာကီးဘုတ်ခလုတ်များကို နှိပ်လိုက်တိုင်း၊ အခန်းတွင်း တယ်လီဖုန်းမြည်လိုက်တိုင်း ယင်းတို့ကို ပီပီပြင်ပြင် ကျယ်ကျယ်လောင်လောင် ကြားရစေရန် စီမံထားသလို ဖြစ်နေသည်။ မြို့ပြရှိ လမ်းများ၌ သွားလာ လှုပ်ရှားနေကြသည့် မော်တော်ယာဉ်များ၏ ဆူညံသံများ၊ ဈေးဆိုင်များ၌ ဖွင့်လှစ်ထားသည့် တေးဂီတသံများ၊ မိမိတို့စိတ်ကြိုက်နှပ်သောက်လိုသည့် ကော်ဖီအတွက် ကော်ဖီမှုန့် ကြိတ်စက်သံတို့က သာမန်စကားပြောသံတို့ထက်ပင် ဒယ်စီဘယ်လှိုင်း ၃၀ ကျော်နေတတ်ရာ အကြားအာရုံကို ထိပါးစေနိုင်ပါသည်။
တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့
သို့ဖြစ်၍ ပျောက်ဆုံးနေသည့် နားထောင်ခြင်း အတတ်ပညာကို မည်သို့ပြန်လည်အသက်သွင်းကြမည် နည်း။ မူလစာရေးသူသည် အာရုံကြောသိပ္ပံ၊ စိတ်ပညာ၊ နားထောင်မှု အတတ်ပညာဆိုင်ရာ လူမှုရေးပညာရပ်တို့ကို နှစ်အတန်ကြာ လေ့လာခဲ့သည့်အပြင် စီအိုင်အေဝန်ထမ်း ဟောင်းတစ်ဦး၊ စကားပြောပွဲများ ချောမွေ့စွာကျင်းပနိုင်ရန် ကြီးကြပ်သူအဖြစ် ဆောင်ရွက်ခဲ့သူ၊ ရေဒီယိုအစီအစဉ် ထုတ်လုပ်သူ၊ တရားဟောဘုန်းတော်ကြီး၊ ဘားကောင်တာ၌ အဖျော်ယမကာစပ်ပေးသူ၊ ပရိဘောဂအရောင်းဆိုင်ဝန်ထမ်း များအပါအဝင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကောင်းစွာနားထောင်တတ်သူများနှင့် တွေ့ဆုံမေးမြန်းမှု များ ပြုလုပ်ခဲ့ရာ နားထောင်ခြင်းအတတ်ပညာမှာ တစ်ပါး သူတို့က ပြောကြားသည်ကို သာမန်ကြားလိုက်ရသည် ထက် များစွာပိုမိုကြောင်း တွေ့ရှိရသည်။ တစ်ပါးသူများ မည်သို့ပြောကြားသည်၊ ပြောကြားနေစဉ် မည်သည့်အရာ များကို လုပ်ဆောင်နေသည်၊ မည်သည့်အကြောင်းအရာနှင့် ဆက်စပ်ပြောကြားပြီး ၎င်းတို့ ပြောကြားချက်ကို သင့်အနေဖြင့် မည်သို့ ပြန်ကြားရသည်ဆိုသည့် အချက်များ အပေါ် အလေးပေးခြင်းနှင့်လည်း သက်ဆိုင်သည်။
အခြားသူတစ်ဦးက ပြောဆိုနေစဉ်၊ ဟောပြောနေစဉ် မိမိ၏အေးချမ်းမှုကို ထိန်းထားခြင်းသက်သက် မဟုတ်ပေ။ အမှန်စင်စစ် ယင်း၏ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ နားထောင်မှုအများအပြားမှာ သင့်အနေဖြင့် မည်သို့ တုံ့ပြန်သည်၊ တစ်ပါးသူ၏တွေးတောမှုကို ရှင်းလင်းစွာ ဖော်ပြနိုင်ရေးအတွက် အထောက်အကူဖြစ်စေသည့် အတိုင်းအတာ၊ ယင်းလုပ်ငန်းစဉ်၌ သင်၏အတွေးများကို ပုံဖော်သည်ဆိုသည့်အချက်တို့နှင့် သက်ဆိုင်သည်။
ကောင်းစွာနားထောင်တတ်သူများသည် ကောင်းမွန် သည့်မေးခွန်းများ မေးမြန်းတတ်သည်။ မူလစာရေးသူ အနေဖြင့် သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့စဉ်က မှန်ကန်ကောင်းမွန်သည့်မေးခွန်းများကို မေးမြန်းပါက မည်သူမဆို စိတ်ဝင်စားတတ်ကြောင်း လေ့လာမှတ်သား မိသည်။ စိတ်ဝင်စားဖွယ်ကောင်းသည့် မေးခွန်းများဟု ဆိုရာတွင်လည်း တစ်ဖက်သား၏ပြောကြားချက်ကို ပြင်ဆင်ပေးရန်၊ အကြံပြုရန်၊ တစ်ဖက်သား လက်ခံလာ စေရန် စသည့်ရည်ရွယ်ချက်များမပါရှိဘဲ အမှန်တကယ် စိတ်ဝင်စားဖွယ်မေးခွန်းများကို ဆိုလိုခြင်းဖြစ်သည်။ စိတ်ဝင်စားဖွယ်မေးခွန်းများမှာ “သင့်အနေဖြင့် ... အချက် အပေါ် သဘောမတူနိုင်ဘူးလား”၊ “သင့်အနေဖြင့် ... ကဲ့သို့မျိုး မထင်မိဘူးလား” စသည်ဖြင့် အစချီ၍မေးမြန်းခြင်း မပြုသလို အဆုံးသတ်ပိုင်း၌လည်း “ဟုတ်တယ်နော်” ဖြင့် အဆုံးသတ်ခြင်းမရှိသည့် မေးခွန်းများပင် ဖြစ်သည်။ ရည်ရွယ်ချက်မှာ တစ်ပါးသူ၏ သဘောထားအမြင်ကို လေ့လာရန်သာဖြစ်ပြီး ယင်းတို့ကို ယိမ်းယိုင်စေအောင် ကြိုးပမ်းခြင်း မဖြစ်သင့်ပေ။
ဥပမာအားဖြင့် အချို့သောသူများ မည်သည့် အတွက်ကြောင့် ညပိုင်းမှ ကုန်စုံဆိုင်သို့သွားရောက် ရခြင်းကို သိရှိလိုသည့်အခါ “သင့်အနေဖြင့် နေ့လယ် နေ့ခင်းပိုင်းတွင် အပြင်မထွက်ခြင်းကြောင့် ညပိုင်း မိုးချုပ်မှ ဈေးဝယ်ထွက်သလား”၊ “သင့်အနေဖြင့် ညပိုင်း ဈေးဝယ်ထွက်ခြင်းမှာ ယင်းအချိန်ကျမှ ကုန်စုံဆိုင်များ ၌ ကုန်ပစ္စည်းများကို ပြန်လည်ဖြည့်တင်းကြခြင်းကြောင့် လား” အစရှိသည့် နိမိတ်ပြမေးခွန်းများကို မေးမြန်းခြင်း မပြုဘဲ “သင့်အနေဖြင့် နောက်ဆုံးဘယ်အချိန်က ကုန်စုံ ဆိုင်သို့ ညပိုင်းဈေးဝယ်သွားခဲ့သလဲ” ဆိုသည့် ဖိတ်ခေါ်မှုဆောင်သည့် မေးခွန်းမျိုးကို မေးမြန်းသင့် ကြောင်း ကျွမ်းကျင်သူတစ်ဦးက အကြံပြုခဲ့ပါသည်။ ယင်းသို့မေးမြန်းခြင်းဖြင့် မထင်မှတ်ဘဲ ပရိသတ်အတွင်း တိတ်ဆိတ်စွာထိုင်နေသည့် အမျိုးသမီးတစ်ဦးက လက်မြှောက်လိုက်ပြီး ၎င်းအနေဖြင့် အသားပါသည့် အရိုးတုံးတစ်ခုကို မီးကင်ပြီးချိန်တွင် ဘင်နှင့် ဂျယ်ရီ ရေခဲမုန့်ကို ဝယ်ယူရန် သွားရောက်ခဲ့ကြောင်း ဖြေကြား ခဲ့သည်နှင့် ကြုံတွေ့ခဲ့ရဖူးသည်။
ထိုနည်းတူ “သင့်အနေဖြင့် သက်မွေးဝမ်းကျောင်း မှုအတွက် မည်သည့်အလုပ် လုပ်ပါသလဲ”၊ “မြို့၏ ဘယ်အရပ်မှာ နေထိုင်ပါသလဲ”၊ “မည်သည့်ကျောင်းကို တက်ရောက်ခဲ့သလဲ”၊ “သင့်အနေဖြင့် အိမ်ထောင်ရှိသလား” အစရှိသည့် ပုဂ္ဂိုလ်ရေးဆန်သည့် ကိစ္စရပ်များကို မေးမြန်း ခြင်း၊ စိစစ်အကဲခတ်သည့် မေးခွန်းမျိုး မေးမြန်းခြင်းမှ လည်း ရှောင်ကြဉ်သင့်သည်။ ယင်းမှာ တစ်ပါးသူကို သိနားလည်စေရန် ရိုးသားစွာကြိုးပမ်း အားထုတ်သည့် မေးခွန်းမျိုးမဟုတ်ဘဲ စစ်ဆေးမေးမြန်းမှုသဘောဆန် သည့် မေးမြန်းခြင်းသာ ဖြစ်ကြောင်း၊ သိလိုသည့်အချက် အလက်ကို ကြားကောင်းကြားရမည် ဖြစ်သော်လည်း ယုံကြည်ရဖွယ် ရှိချင်မှရှိနိုင်မည် ဖြစ်ကြောင်း စီအိုင်အေ ဝန်ထမ်းဟောင်းတစ်ဦးက ပြောကြားဖူးပါသည်။
ဆုံးဖြတ်မှုမျိုးဆန်သည့် မေးခွန်းများ
လူမှုဆက်ဆံရေးအခြေအနေ၌ တစ်ဖက်သားနှင့် ပတ်သက်၍ ဆုံးဖြတ်မှုမျိုးဆန်သည့် မေးခွန်းများကို မေးမြန်းခြင်းက အပြန်အလှန်ပြောဆိုနေမှုကို အပေါ်ယံ ဆန်ပြီး မိမိတို့ကိုယ်ကို တစ်ဖက်သတ်မြှင့်တင်နေသည့် အနေအထားမျိုးသို့ ရောက်ရှိစေတတ်သည်။ ယင်းကဲ့သို့ သော အခြေအနေမျိုးဖြစ်လာပါက ပြောဆိုနေမှုကို ချက်ချင်းရပ်၍ မိမိနေအိမ်သို့ အမြန်ဆုံးပြန်ပြေးလိုစိတ် ဖြစ်ပေါ်စေနိုင်သည်။
သို့ဖြစ်၍ အခြားသူတို့ စိတ်ဝင်စားသည့် အကြောင်းအရာများကို မေးမြန်းသင့်သည်။ ၎င်းတို့ကို စိတ်လှုပ်ရှားစေသည့် အကြောင်းအရာများ၊ နေ့စဉ် နှစ်ခြိုက်စွာ ဆောင်ရွက်နေသည့်အရာများ၊ ညဉ့်နက် သည့်တိုင် မအိပ်မနေ လုပ်ဆောင်နေသည့် ကိစ္စရပ်များ ကို သိရှိလာစေရန် ကြိုးပမ်းသင့်သည်။ ၎င်းတို့နောက်ဆုံး ကြည့်ခဲ့သည့် ရုပ်ရှင်ကားအကြောင်း၊ သို့တည်းမဟုတ် ၎င်းတို့ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာ၏ နောက်ခံဇာတ်လမ်းတို့အကြောင်း မေးမြန်းသင့်သည်။ ထိုနည်းတူ “အကယ်၍ သင့်အနေဖြင့် ကမ္ဘာပေါ်ရှိ မိမိ နှစ်သက်ရာ နေရာတစ်ခုခု၌ တစ်လကြာ အချိန်ကုန်ဆုံး ခွင့်ရမည်ဆိုပါက မည်သည့်နေရာကို ရွေးချယ်လို သနည်း” ဆိုသကဲ့သို့သော နောက်ဆက်တွဲ ရှင်းလင်း ပြောကြားမှုများ ဖြစ်ပေါ်လာနိုင်သည့် မေးခွန်းမျိုးမှာ လည်း မေးခွန်းကောင်းတစ်ခု ဖြစ်သည်။
လေ့လာချက်များအရ တစ်ဦးနှင့်တစ်ဦး ကောင်းစွာမသိကြသူများအကြား ယင်းကဲ့သို့ ကောင်းမွန်သည့်မေးခွန်းများကို မေးမြန်းခြင်းက အလုပ်တစ်ခုကို အချိန်အတိုင်းအတာတစ်ရပ် အတူ တကွ ပူးပေါင်းဆောင်ရွက်ခြင်းထက် လူတစ်ဦးနှင့် တစ်ဦး ပိုမိုဆက်နွှယ်လာစေတတ်ကြောင်း တွေ့ရှိ ရသည်။
အဆိုပါ မေးခွန်းများမှာ ‘ချစ်ခြင်းမေတ္တာသို့ ဦးတည် စေသည့် မေးခွန်း ၃၆ ခု’ အစီအစဉ်က အကြံပြုထားသည့် မေးခွန်းများ၊ ခေတ်မီအသုံးအဆောင် ကိရိယာများ မပါဘဲ နားထောင်မှုကို ဦးစားပေးသည့် ‘မိသားစု ညစာစားပွဲစီမံချက်’ တို့က အကြံပြုထားသည့် မေးခွန်း များနှင့်လည်း အလားသဏ္ဌာန်တူသည်။
ကျွန်ုပ်တို့၏ ဦးနှောက်များသည် စကားပြောဆို ခြင်းထက် ပိုမိုလျင်မြန်စွာ စဉ်းစားနိုင်သည့်အလျောက် ကျွန်ုပ်တို့နားထောင်သင့်သည့်အချိန်တွင် ဦးနှောက်က လှုပ်ရှားသွားလာမည့် အလားအလာတို့ကိုလည်း သတိပြုရန်လိုသည်။ ပါးနပ်သည့်လူများသည် ၎င်းတို့၏ လျင်မြန်စွာလှုပ်ရှားသွားလာနေသည့် အတွေးများ ကြောင့် စဉ်းစားနေမှုများ လမ်းချော်သွားတတ်သည်။ တစ်ပါးသောသူတို့က ပြောကြားမည့် အကြောင်းအရာ များကို ၎င်းတို့သိထားပြီးဖြစ်သည်ဟု အလွယ်တကူ မှတ်ယူတတ်သည်။
ဉာဏ်ရည်မြင့်မားသည့် ပုဂ္ဂိုလ်များ
ဉာဏ်ရည်မြင့်မားသည့် ပုဂ္ဂိုလ်များသည် များစွာ စိတ်ပူပန်တတ်၊ စိတ်လှုပ်ရှားတတ်ကြပြီး မိမိတို့ ကိုယ်ကိုလည်း အလေးထားတတ်ကြရာ စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုတို့က ၎င်းတို့၏အလေးထားမှုအပေါ် လွှမ်းမိုးသွားတတ်သည့် သဘောရှိသည်။ သင့်အနေဖြင့် ယင်းကဲ့သို့ ဉာဏ်ရည်မြင့်မားသည့်ပုဂ္ဂိုလ်များ စာရင်းဝင် ဖြစ်နေပါက နားထောင်မှုကို တရားအားထုတ်ခြင်းကဲ့သို့ စဉ်းစားရန်အထောက်အကူပြုစေမည် ဖြစ်သည်။ သို့မှသာ အာရုံများနေခြင်းကို အသိအမှတ်ပြုနိုင်ပြီး နားထောင်ခြင်း ဘက်သို့ ပြန်လည်အာရုံစိုက်နိုင်မည် ဖြစ်သည်။ သင်၏ အသက်ရှူမှု (သို့မဟုတ်) ဂါထာမန္တရားများအပေါ် အာရုံ စူးစိုက်မည့်အစား သင်နှင့် စကားပြောနေသူအပေါ် ပြန်လည်အလေးထားနိုင်ရန် ကြိုးပမ်းသင့်သည်။
ကောင်းမွန်စွာ နားထောင်တတ်ခြင်း၏ ရလဒ်အနေ ဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည့် အပြန်အလှန်ပြောကြား မှု ဖြစ်လာနိုင်သည်။ လေ့လာမှုအရ စကားပြောရာတွင် အလေးမထား နားထောင်သူများနှင့် ပြောဆိုနေသည့်အခါ ပြောကြားသူဘက်မှလည်း သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ၊ အားတက်သရောပြောကြားမှု မရှိတတ် ကြောင်း တွေ့ရှိရသည်။ အခြားတစ်ဖက်၌ အလေးထား၍ နားထောင်တတ်သူများနှင့် ပြောဆိုနေသည့်အခါ ၎င်းတို့က မေးမြန်းမှုများ မပြုသည့်တိုင် ပြောကြားသူများဘက်မှ သတင်းအချက်အလက်များကို အသေးစိတ်၊ ပြည့်ပြည့်စုံစုံ ပြောကြားတတ်ကြောင်း တွေ့ရှိရသည်။
သင့်အနေဖြင့် မည်သို့မည်ပုံနားထောင်တတ်သည် ဆိုသည်မှာ မိမိလုပ်ဆောင်ချက်၏ရလဒ်ကို သိရှိနိုင်သည့် သဘောဖြစ်သည်။ တစ်ပါးသူများကို အလေးထားနားထောင် ခြင်းဖြင့် တစ်ဖက်လူတို့ကလည်း မိမိတို့အပေါ် အလေးထား နားထောင်တတ်ကြောင်း တွေ့ရှိရသည်။ အကယ်၍ တစ်ဖက်လူမှာ စိတ်ဝင်စားဖွယ် မကောင်းကြောင်း (သို့မဟုတ်) သင်၏အချိန်ကို ဖြုန်းနေရာရောက်ကြောင်း ယူဆရပါက တစ်ဖက်လူ၏ ပြောကြားချက်ကို ကောင်းစွာ နားမထောင်ခြင်းမျိုး ဖြစ်တတ်သည်။ ယင်းမှာ လူတို့၏ သဘာဝအရ မိမိတို့အပေါ် ပြသသည့်ယဉ်ကျေးမှုကို တုံ့ပြန်ခြင်းဖြစ်ရုံသာမက ကောင်းမွန်စွာနားထောင်တတ်ခြင်းဖြင့် မိမိတို့ပေးလိုသည့်သတင်းကို ရှင်းလင်းစွာ ပေးအပ်ရန် အခွင့်အလမ်းပိုများကြောင်း တွေ့ရှိ နိုင်သည်။
သင်၏အာရုံများလည်း ပိုမိုကောင်းမွန်လာမည်
ကောင်းမွန်စွာနားထောင်တတ်ခြင်းသည် အရည် အချင်းတစ်ရပ်ဖြစ်သည့်အလျောက် ကောင်းစွာကျင့်သုံး ခြင်းမရှိပါကလည်း ယင်းအရည်အသွေး ကျဆင်းလာမည် ဖြစ်သည်။ အချို့သောသူများသည် ခိုင်မာသည့် သဘာဝ အရည်အသွေးများကို ပိုင်ဆိုင်ထားကြပြီး အချို့သော သူများအနေဖြင့်မူ ပိုမိုကြိုးပမ်းအားထုတ်ရတတ်သည်။ သို့ရာတွင် မိမိတို့အားလုံးသည် စနစ်တကျလေ့ကျင့် ကြမည်ဆိုပါက ကောင်းမွန်စွာနားထောင်တတ်သူများ ဖြစ်လာကြမည် ဖြစ်သည်။ သင့်အနေဖြင့် လူများများကို ပိုမိုအလေးပေးနားထောင်လာသည်နှင့်အမျှ လူတို့၏ အသွင်သဏ္ဌာန်အမျိုးမျိုးကို ပိုမိုသဘောပေါက်လာမည့် အပြင် သင်၏အာရုံများလည်း ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။
ကောင်းစွာနားထောင်တတ်ခြင်းက ပူးပေါင်း ဆောင်ရွက်မှု၊ ထုတ်လုပ်မှုဆိုင်ရာ ဆက်ဆံရေးတို့ကို တည်ဆောက်ရာတွင်လည်းကောင်း၊ ရှောင်ရှားရမည့် ဆက်ဆံရေးတို့ကို ကောင်းစွာပိုင်းခြားသိမြင်နိုင်ရန် လည်းကောင်း အရေးပါသည့်အလျောက် တစ်ပါးသူတို့၏ သဘောထားအမြင်၊ စေ့ဆော်ပေးမှုတို့ကို နားလည် သဘောပေါက်စေတတ်သည်။ မိခင်တစ်ဦး၏ သားချော့ သံ၊ ချစ်ခင်မြတ်နိုးရသူတစ်ဦး၏ တီးတိုးပြောကြားသံ၊ ဆရာသမားတစ်ဦး၏ လမ်းညွှန်ချက်၊ ကြီးကြပ်သူ တစ်ဦး၏ သတိပေးချက်၊ ခေါင်းဆောင်တစ်ဦး၏ အားပေးစည်းရုံးမှု၊ ပြိုင်ဘက်တစ်ဦး၏ သရော် လှောင်ပြောင်မှု စသည်တို့ပေါင်းစည်း၍ မိမိတို့ကို ပုံဖော်ပေးလျက်ရှိသည်။
ကောင်းမွန်စွာ နာမထောင်တတ်ခြင်း၊ ရွေးချယ်၍ နားထောင်တတ်ခြင်း သို့မဟုတ် လုံးလုံးလျားလျား နားမထောင်တတ်ခြင်းက လောကနှင့်ပတ်သက်၍ သင်၏နားလည်နိုင်စွမ်းကို ကန့်သတ်ထားပြီး သင်၏ စွမ်းပကားရှိသလောက် အကောင်းဆုံး ဖြစ်မလာစေရန် အဟန့်အတားပြုနေမည် ဖြစ်သည်။ ။
Ref: Kate Murphy. “Talk Less. Listen More. Here’s How.” The New York Time: 12 Jan. 2020
- Log in to post comments