
ရန်ကုန် စက်တင်ဘာ ၈
နှစ်အနည်းငယ်ကြာ ကျင်းပနိုင်ခြင်းမရှိသည့် မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ် ပြန်လည်ကျင်းပ သွားမည်ဖြစ်သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီ၊ ၂၀၁၇-၂၀၁၈ ရာသီ၊ ၂၀၁၈-၂၀၁၉ ရာသီ ကျင်းပပြီးနောက် နောက်ပိုင်းနှစ်များတွင် မကျင်းပနိုင်ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို ယခုနှစ်မှစတင်ကာ မြန်မာနေရှင်နယ်လိဂ် က တာဝန်ယူကျင်းပမည်ဖြစ်ပြီး ပြည်တွင်းလိဂ် ဘောလုံးပြိုင်ပွဲကို နှစ်လယ်ပိုင်းမှစတင်ကာ ပြန်လည်ကျင်းပလျက်ရှိသောကြောင့် အမျိုးသား ကလပ်များယှဉ်ပြိုင်သည့် MNL အမှတ်ပေးပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲများ ကျင်းပလျက်ရှိသလို မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကိုလည်း မကြာမီစတင်ကျင်းပရန် စီစဉ် နေခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်၏ တရားဝင်သတင်း ထုတ်ပြန်ချက်အရ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အသင်း ခုနစ်သင်း သို့မဟုတ် ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ်များကို သုဝဏ္ဏလေ့ကျင့်ရေး ကွင်း-၁ နှင့် M-3 မြက်ခင်းတု လေ့ကျင့်ရေးကွင်းတို့၌ ပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကို နှစ်ကျော့ စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများကို ပွဲစဉ်ထုတ်ပြန်သည့် အချိန်မှသာ တစ်ပေါင်းတည်း ထုတ်ပြန်သွားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF