နေပြည်တော်အတွင်းရှိ ပရဟိတကျောင်းများတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေး

 
 
နေပြည်တော် မတ် ၂၂
 
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုပရဟိတဂေဟာများဖြစ်သော အေးမေတ္တာစံ ပရဟိတတောင်နီလေးကျောင်းတိုက်ရှိ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ပြင်ကြီးသာသနာ့ ဝေပုလ္လသီလရှင် စာသင်တိုက်တို့သို့ သွားရောက်၍ လတ်တလော ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိ သည့် COVID - 19 ရောဂါနှင့် ပတ်သက်၍ သီလရှင်များ၊ ဂေဟာမှူးများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများအား ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်သည်။
ဒုတိယဝန်ကြီးက COVID - 19 ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံ ၁၇၇ နိုင်ငံတွင် ကူးစက်ပြန့်ပွားလျက်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် ကူးစက်ခံရသူ မတွေ့ရှိရသေး သော်လည်း COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကို မိမိ၏ အရေးကိစ္စသဖွယ် သဘော ထားကာ တိတိကျကျ လိုက်နာဆောင်ရွက်ကြပါရန်နှင့် တတ်နိုင်သမျှ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူများ ထံသို့ မေတ္တာရပ်ခံပန်ကြားထားပါသဖြင့် မိမိတို့ဝန်ကြီး ဌာနက အသိအမှတ်ပြု ဖွင့်လှစ်တည်ထောင်ထားသော ပရဟိတဂေဟာများအနေဖြင့်လည်း ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပရဟိတဂေဟာများသည် ကလေးများစွာကို ပြုစုစောင့်ရှောက်ထားရခြင်း၊ ပြင်ပမှ အလှူရှင်များ လာရောက်လှူဒါန်းမှုရှိခြင်းများနှင့် လူအများ စုဝေးမှုကြောင့် ကူးစက်ခံရခြင်း မရှိစေရန် မိမိတို့ဝန်ကြီး ဌာနမှ မတ် ၁၈ ရက်တွင် ထုတ်ပြန်ထားသော အလှူရှင်များ သို့ မေတ္တာရပ်ခံချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ လူ၏ လက်သည် နေရာအနှံ့အပြားနှင့် ထိတွေ့လုပ်ကိုင်နေရသဖြင့် လက်မှ တစ်ဆင့် Virus ပိုးများ သည် မျက်စိ၊ နှာခေါင်း၊ ပါးစပ်များ အတွင်းဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းသို့ အလွယ်တကူ ကူးစက်နိုင်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လက်ကို ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စနစ်တကျ မကြာခဏ ဆေးကြောသန့်ရှင်းပေးပါရန် (သို့မဟုတ်) အရက်ပြန်အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင် သည့် လက်သန့်စင်ဆေးရည်ကို အသုံးပြု၍ သန့်စင်ပေး ပါရန်၊ နှာချေ၊ ချောင်းဆိုးသော ကလေးများ၊ ဖျားနာသော ကလေးများရှိပါကလည်း နီးစပ်ရာ ကျန်းမာရေးဆေးခန်း များသို့ သွားရောက်ပြသကုသကြပါရန်နှင့် အသိနှင့်သတိ ယှဉ်တွဲပြီး လိုက်နာဆောင်ရွက်ပေးပါရန် ဆွေးနွေးပြော ကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများက စနစ်တကျ လက်ဆေးနည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်သည်။ (အပေါ်ပုံ) ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆရာတော်နှင့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကလေးသူငယ်များနှင့် သီလရှင်လေးများအတွက် ကြက်ဥ၊ ပဲနို့နှင့် ဆပ်ပြာခဲများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
 
 
သတင်းစဉ်