
နေပြည်တော် ဧပြီ ၆
နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အအုံများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ည မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၅ ရက် မွန်းလွဲပိုင်းတွင် ထွန်းထွန်း ဝင်း(ခ)ပျံလွှား(ခ)ယံလေး(၄၃)နှစ်၊ တပ်ကုန်းမြို့နယ်၊ ပင်းစုကျေးရွာ နေသူကို RETAY 84 FS အမျိုးအစား ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၂၄ တောင့်၊ ဒီတိုနေတာ ၁၃၈ ခု၊ လက်လုပ်မိုင်း သုံးလုံး၊ ယမ်းကြိုးတစ်ခွေနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြု သော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဝင်း(ခ)ပျံလွှား(ခ)ယံလေး၏ ထွက်ဆိုချက် အရ ညပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ပုလဲငွေရောင် ဓာတ်မြေဩဇာဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် ထက်လွင်(၃၆)နှစ်ကို ၉ မမ ကျည် ၁၉ တောင့်၊ ယမ်းကြိုး ၄ ခွေ၊ ဒီတိုနေတာ ၃၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သန်းထွန်း နောင်(၄၀)နှစ်နှင့် ချစ်စံပယ်(၄၁)နှစ်တို့အား ၉ မမ ပစ္စတိုကျည် ၃၂ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၃၁ လုံး၊ ယမ်းကြိုး တစ်ခွေ၊ ယမ်းစိမ်း တစ်ထုပ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ဧပြီ ၆ ရက် နံနက်ပိုင်း တွင် ဆက်စပ်တရားခံများဖြစ်သည့် အောင်ကိုဦး (၄၅) နှစ်နှင့် အေးအေးခိုင်(၄၆)နှစ်တို့ကို တပ်ကုန်းမြို့နယ် ဘူတာရွာ၌ ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး ပေါင်း ခြောက်ဦးတို့ကို ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၇၅ တောင့်၊ ဒီတိုနေတာ ၄၃၈ ခု၊ လက်လုပ်မိုင်း ၃၄ လုံး၊ ယမ်းကြိုး ခြောက်ခွေ၊ ယမ်းစိမ်းတစ်ထုပ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်း ဖက်ဖောက်ခွဲမှု ငါးကြိမ် ကျူးလွန်ခဲ့ကြောင်း-
- ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် တပ်ကုန်းမြို့ ဗိုလ်မင်းရောင် ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခြင်း။
- ဒီဇင်ဘာ ၂၁ ရက်တွင် တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း ၏ စေခိုင်းမှုအရ တပ်ကုန်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခြင်း။
- ဒီဇင်ဘာ ၂၇ ရက်တွင် တပ်ကုန်းမြို့ အောင်ဇေယျရပ်ကွက်ရှိ ထရန်စဖော်မာ အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခြင်း။
- ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာ အုပ်စု ထန်းတောကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခြင်း။
- ဧပြီ ၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း၏ စေခိုင်း မှုအရ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ညောင်လွန့်) ရှေ့၌ လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများကိုအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း ၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ် ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်