
နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုး ရေ၊ သောက်သုံးရေ ဖြန့်ဖြူးပေးဝေနေသော ငလိုက်ရေလှောင်တမံကြီး သက်တမ်းရှည်ကြာစွာဖြင့် အကျိုးပြုစေနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံ အတွင်း ဝင်ရေလျော့နည်းလာမှုကို ကာကွယ်နိုင်ရေး၊ မြေဆီလွှာတိုက်စားမှု ကာကွယ်နိုင်ရေး၊ သဲနုန်း အနည်ကျလျော့နည်းစေရေး အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ ရေဝေ ရေလဲဧရိယာ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က မိုးရာသီ ဇူလိုင်လသည် သစ်ပင်စိုက်ပျိုးသည့်လ ဖြစ်ပြီး “ဥတုရာသီတောကိုမှီ” ဆိုသကဲ့သို့ သစ်တော သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းပါမှ သစ်တော ဖုံးလွှမ်းမှု ဂေဟစနစ်ကောင်းမွန်ပြီး လူသန်းပေါင်း များစွာလိုအပ်သည့် အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်အပင် အစရှိသော သစ်တောထွက်ပစ္စည်း အမျိုးမျိုးရရှိနိုင်သလို ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးနိုင်သွားမည်ဖြစ်ကြောင်း၊ တမံရေဝေ ရေလဲဧရိယာများတွင် သစ်ပင်သစ်တောများ ရှင်သန် ကြီးထွား၍ သစ်တောဂေဟစနစ် ကောင်းမွန်လာစေ ရေး ဆောင်ရွက်ခြင်းအားဖြင့် ဆည်၊ တာတမံများ သက်တမ်းရှည်ကြာစွာအကျိုးဖြစ်ထွန်း၍ စိုက်ပျိုး ရေ၊ သောက်သုံးရေပြည့်ဝဖူလုံစွာ ပေးဝေနိုင်ရေး၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် တမံဝင်ရေ လျော့နည်းခြင်းမှ ကာကွယ်နိုင်ရေး စသည့်အကျိုး ကျေးဇူးများ ရရှိခံစားနိုင်ရေးအတွက်၊ သစ်တော သစ်ပင်များ ရှင်သန်ကြီးထွားနိုင်ရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာန အသီးသီးမှ ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူ လူထုမှ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကရတနာတန်းဝင်ကျွန်းပင်ကို စိုက်ပျိုး ပေးပြီး (ဝဲပုံ) နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ တွင် သစ်ပင်များကိုစိုက်ပျိုးကြကာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူ များက သတ်မှတ်နေရာများအလိုက် ရတနာတန်းဝင် ကျွန်း၊ တမာ၊ မန်ကျည်း စသည့် သစ်မျိုးသုံးမျိုး၊ အပင်ပေါင်း ၅၆၀ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု မအူလေးပင်ကျေးရွာတွင် လုပ်ငန်းရှင် ဦးထင်လင်း ၏ ဇီဝဇိုးငှက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု အားပေးရာ ခြံတာဝန်ခံက ဇီဝဇိုးငှက်များ မွေးမြူ ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်