
ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲ လိဂ် (အေ) အုပ်စု (၃) မှ နာမည်ကြီး ဂျာမနီအသင်းနှင့် အင်္ဂလန်အသင်းတို့ ပွဲစဉ်ကို ဇွန် ၈ ရက် နံနက်ပိုင်းက ဂျာမနီ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
ယခုပွဲစဉ်မတိုင်မီ ဂျာမနီ အသင်းက ပွဲစဉ် (၁) တွင် အီတလီ အသင်းနှင့် ကစားခဲ့ပြီး တစ်ဂိုးစီ ဖြင့် သရေကျခဲ့သည်။ ထို့အပြင် အင်္ဂလန်အသင်း ကလည်း ဟန်ဂေရီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သည်။ ထို့ကြောင့် ဂျာမနီအသင်းရော အင်္ဂလန်အသင်းပါ အဓိက ကစားသမားအစုံအလင်ဖြင့် နိုင်ပွဲရရှိရေး ကြိုးစားလာခဲ့သော်လည်း တစ်ဖက်တစ်ဂိုးစီဖြင့်သာ ကျေနပ်ခဲ့ရသည်။
ဦးဆောင်ဂိုးကို ဂျာမနီအသင်းက စတင်ရရှိခဲ့ပြီး မိနစ် ၅၀ တွင် ဟုဖ်မန်းက သွင်းယူပေးခဲ့သည်။ အင်္ဂလန်အသင်းအတွက် ချေပဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ဟယ်ရီကိန်းက ပယ်နယ်တီမှတစ်ဆင့် သွင်းယူ ပေးခဲ့သည်။ ဟယ်ရီကိန်းသည် ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော ကြောင့် ဝိန်းရွန်းနေ ၅၃ ဂိုး ပြီးနောက် အင်္ဂလန်အသင်းအတွက် သွင်းဂိုး ၅၀ ပြည့်သည့် ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့သည်။
အခြားသောပွဲစဉ်ရလဒ်တွင် အီတလီအသင်းနှင့် ဟန်ဂေရီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အီတလီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ထို့ကြောင့် အဆိုပါ အုပ်စုတွင် ပွဲစဉ် (၂) ပြီးနောက် အမှတ်ပေး ဇယားကို အီတလီအသင်းက ရမှတ် လေးမှတ်ဖြင့် ဦးဆောင်ထားနိုင်ပြီး ဟန်ဂေရီအသင်းက သုံးမှတ်ဖြင့် ဒုတိယ၊ ဂျာမနီ အသင်းက နှစ်မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး အင်္ဂလန်အသင်းက ရမှတ် တစ်မှတ် ဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်။
အောင်ဇော်