ငါး ပုစွန် သယံဇာတ ထာဝရတည်တံ့စေရန်

 

ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။  မြန်မာနိုင်ငံတွင်  ကုန်းတွင်းပိုင်း မြစ်‌ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့်  ပင်လယ်ပြင်ကမ်းနီး ကမ်းဝေး    ရေငန်ငါးလုပ်ငန်းများရှိရာ  ငါး ပုစွန်များ  ရေရှည် ထုတ်လုပ်စားသုံးနိုင်ရေးအတွက်   အလွန်အကျွံဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။

 


ငါးပုစွန်များ အပါအဝင် သဘာဝသယံဇာတများမှာ လူသား တို့အတွက် သဘာဝတရားကြီးကပေးအပ်ထားသည့် လက်ဆောင် မွန်များသဖွယ်ဖြစ်သော်လည်း အလွန်အကျွံထုတ်ယူသုံးစွဲခြင်း ဖြင့် ကုန်ခန်းသွားသည့်အဖြစ်သို့ ရောက်ရှိမသွားစေရန် ကောင်းစွာ စီမံခန့်ခွဲဖို့ လိုအပ်သည်။ မိမိတို့နိုင်ငံတွင် ကုန်းတွင်းပိုင်းရှိ ရေချို ငါးလုပ်ငန်းများတွင်ရော  ပင်လယ်ကမ်းနီးကမ်းဝေး  ရေငန်ငါး လုပ်ငန်းများတွင်ပါ တရားမဝင်နည်းလမ်းများဖြင့် စည်းကမ်းမဲ့စွာ ငါးဖမ်းဆီးမှုများကြောင့်    သဘာဝသယံဇာတ   သားငါးများ လျော့နည်းကျဆင်းလျက်ရှိသည်။   မြန်မာနိုင်ငံတွင်  တစ်ချိန်က ပေါများစွာ တည်ရှိခဲ့သည့် ငါးသလောက်ငါးမျိုးမှာ မျိုးတုံးလု အခြေအနေသို့    ရောက်ရှိနေသည့်အတွက်   ထိန်းသိမ်းရန် ဆောင်ရွက်နေရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ တိုးမြစ်၊ ဘိုကလေးမြစ်၊  ပြာမလော့မြစ်၊   ရွေးမြစ်   စသည့်မြစ်များတွင် ငါးသလောက်ထိန်းသိမ်းရေးဘေးမဲ့နေရာများ     သတ်မှတ်၍ ငါးသလောက် ပေါက်ပွားမှုနှုန်း  တက်လာစေရန်  ဆောင်ရွက် နေရခြင်းဖြစ်သည်။

 


ရေချို  ရေငန် ငါးပုစွန်များ မိတ်လိုက်ရာသီနှင့် မျိုးပွားသည့် အချိန်များတွင် ဖမ်းဆီးစုဆောင်း၊ ရောင်းဝယ်တင်ပို့ခြင်း မပြုလုပ် ရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးနှိုးဆော်ထားရာ ကျောက် ပုစွန်၊ ကင်းပုစွန်နှင့် ငါးလင်ပန်းတို့ကို ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်  ၃၁ ရက်နေ့အထိ၊ ကျောက်ငါးများကို ဇူလိုင်လ  ၁  ရက်နေ့နှင့် စက်တင်ဘာလ  ၃၀ ရက်နေ့အထိ၊   ရေချိုငါးအားလုံး   မေလ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ၊ ရေငန်ပုစွန်များကို ဇွန်လ ၁ ရက်နေ့မှ  ဩဂုတ်လ ၃၁  ရက်နေ့အထိ ဝယ်ယူစုဆောင်းခွင့် များ  ပိတ်ထားရာ  ညွှန်ကြားချက်များကို တာဝန်သိသိ လိုက်နာ ကြခြင်းအားဖြင့်သာ ငါးပုစွန်များ ပေါက်ပွားခွင့်ရနိုင်မည်ဖြစ် သကဲ့သို့ ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှုများ လည်း ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။

 


စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်    ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများ တိုးပွားလာ‌ရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်များတွင် ငါးမျိုး များ စဉ်ဆက်မပြတ်တည်တံ့နေစေရေး၊ ပြည်သူများ ငါးစားသုံး မှု တိုးတက်မြင့်မားလာစေရေး ရည်ရွယ်ချက်များဖြင့် ဒေသခံ ပြည်သူများအား အသိပညာပေးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများ ကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ပင်လယ်ပြင်ကမ်းနီး ကမ်းဝေး  ငါးဖမ်းလုပ်ငန်းများတွင်လည်း  သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖမ်းဆီးရေး၊ ငါးမဖမ်းရရာသီ တွင် ငါးဖမ်းရေယာဉ်များ ပင်လယ်ပြင်ထွက် ဖမ်းဆီးခြင်းမပြုရေး တို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

 


သဘာဝကပေးအပ်သည့် သယံဇာတများအားလုံးမှာ လူသား တို့အတွက်     အဖိုးမဖြတ်နိုင်သကဲ့သို့    တစ်ဖက်တွင်လည်း အကန့်အသတ်နှင့်သာရှိသော ကုန်ခန်းသွားနိုင်သည့်အရာများ ဖြစ်သည်။ ငါး ပုစွန်များ မိတ်လိုက်သားပေါက်သည့်ရာသီတွင် မဖမ်းဆီးရေး တားမြစ်သည့်ကာလမှာ သုံးလသာဖြစ်ပြီး  ယင်းကာလ အတွင်း ငါး ပုစွန်များ မိတ်လိုက်ဥချ၊ သားပေါက်၊ ရှင်သန်ကြီးထွား ကြခြင်းဖြင့် ငါး ပုစွန် ရှားပါးမျိုးတုံးတော့မည်မဟုတ်ဘဲ ရေရှည် တည်မြဲနိုင်မည်ဖြစ်သည်။ ငါး ပုစွန် သယံဇာတတို့ ထာဝရတည်ရှိ ခြင်းဖြင့်သာ လူသားတို့ အသက်မွေးဝမ်းကျောင်းရန်နှင့် စားသုံး ရန် အခွင့်အလမ်းတို့ ထာဝရရှင်သန်နိုင်မည်ဖြစ်ပါကြောင်း။    ။