
မျိုးငြိမ်းငယ်
၂၀၂၁ ခုနှစ် ဩဂုတ် ၁၈ ရက်က မြန်မာ့ငြိမ်းချမ်းရေးခရီး၏ သက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ခဲ့သော သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသည် အာဏာရရှိပြီး ခြောက်လကျော်အကြာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စတင်ခဲ့ပါ၏။
ငြိမ်းချမ်းရေး ဖိတ်ခေါ်ရာတွင် “ပြည်တွင်းမှာ ရှိတဲ့ သဘောထားအမြင်ချင်းမတူကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကိုလည်း မတူကွဲပြားတာတွေကို ဘေးဖယ်ထားပြီး တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမယ့် ဘုံအကျိုးစီးပွားတွေမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ အမြဲဖိတ်ခေါ်ပါ တယ်။ ဒီအချိန်မှာ ရန်ဖြစ် ငြင်းခုံနေကြရမယ့်အချိန်၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ် ပြောနေကြရမယ့်အချိန် မဟုတ်တော့ပါဘူး။ စည်းလုံးညီညွတ်ကြရင် ကြီးပွားတိုးတက်နိုင်တဲ့ ရေခံမြေခံကောင်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ သားစဉ်မြေးဆက် အတွက် ကောင်းတဲ့အမွေခံပတ်ဝန်းကျင်ကို တည်ဆောက်သွားကြဖို့ လိုအပ်ပါတယ်”ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ထိုဖိတ်ခေါ်ပြောကြားခဲ့မှုနှင့်အတူ စတင်ခဲ့ သော ငြိမ်းချမ်းရေးခရီးသည် ယနေ့ ၁၀ နှစ်ပင် ပြည့်ပြီဖြစ်သည်။ ထို ၁၀ နှစ်ခရီးအတွင်း အနာဂတ် နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် များကို သဘောတူချမှတ်နိုင်ခဲ့ကြသည်။ နှစ်ပေါင်း များစွာ အမြစ်စွဲနေသည့် ပဋိပက္ခများကို ဖြေရှင်းရန် နိုင်ငံရေးစိတ်ဆန္ဒ၊ မှန်ကန်သော ချဉ်းကပ်မှု နည်းလမ်း၊ အချိန်ကာလ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ဖြင့် အချိန်ကာလတိုအတွင်း ငြိမ်းချမ်းရေးခရီး ကို စတင်နိုင်ခဲ့သော်လည်း ယင်းအောင်မြင်မှုများနှင့် တွဲလျက်ပင် စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် လည်း ရင်ဆိုင်ခဲ့ရသည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေသည့် နိုင်ငံရေးသဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင် တိုက်ခိုက်မှုများ ပြေလည်ရန်ဆိုပါက အဓိကလိုအပ် နေသည့် ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အများသဘောတူ ဘုံရည် မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ရေး လိုအပ်ပါသည်။ ယင်း လိုအပ်ချက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တွဲလျက်ရှိနေ သဖြင့် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုသည် ခက်ခဲနက်နဲလှပြီး တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း၊ ကိုယ်ကျိုးဆန္ဒတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရ သည်ကို ငြိမ်းချမ်းရေး ၁၀ နှစ်ခရီးမှ သင်ခန်းစာများ ရရှိနိုင်မည်ဖြစ်သည်။
တည်ရှိနေဆဲ နက်ရှိုင်းသည့် ပဋိပက္ခများ
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အခြေခံအကျဆုံးနှင့် ဦးစားပေးလုပ်ဆောင်ရန်မှာ နိုင်ငံအတွင်း နှစ်ကာလကြာမြင့်စွာ အမြစ်စွဲနေသည့် နိုင်ငံရေးသဘောထား ကွဲပြားမှုများ ဖြေရှင်းရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန် ဖြစ်ပါသည်။ အုပ်ချုပ်ရေးစနစ်အပါအဝင် တရားစီရင်ရေး၊ စီးပွားရေး၊ ပညာရေးကဲ့သို့သော နိုင်ငံ၏အခြားကဏ္ဍ များကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သော်လည်း ယင်းကဏ္ဍများ ထိထိရောက်ရောက် ပြုပြင်ပြောင်း လဲရေးအတွက် မဖြစ်မနေလိုအပ်သည်မှာ တည်ရှိဆဲ နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရေး ဦးစွာလိုအပ်နေပါသည်။
ခေတ်အဆက်ဆက် သဘောထားကွဲလွဲမှုများ ကို လက်နက်ကိုင်တိုက်ခိုက်မှုများဖြင့် ဖြေရှင်းခဲ့ကြ သော်လည်း ယင်းနည်းလမ်းဖြင့် အားလုံးအတွက် မှန်ကန်သောအဖြေ ယနေ့ထက်ထိတိုင် မရရှိခဲ့သည် ကို သမိုင်းသင်ခန်းစာရရှိခဲ့ကြပြီးဖြစ်သည်။ အချင်း ချင်း လက်နက်ကိုင်တိုက်ခိုက် ဖြေရှင်းခဲ့ကြသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာဒေသအသီးသီးမှ ဒေသခံ ပြည်သူများ၏ဘဝများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရ ပြီးဖြစ်သကဲ့သို့ ယနေ့ထက်ထိလည်း ခံစားနေရဆဲ ဖြစ်သည်။ ယင်းမှာ နိုင်ငံတွင်းရှိ နိုင်ငံရေးပဋိပက္ခ များကို လက်နက်ကိုင်တိုက်ခိုက်ဖြေရှင်းခြင်းထက် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အတူတကွ ညှိနှိုင်းဖြေရှင်း ခြင်းဖြင့်သာ သူနိုင်ကိုယ်နိုင်အဖြေကို ရရှိနိုင်ကြောင်း ပြသနေပါသည်။
ငြိမ်းချမ်းရေး ပထမ ငါးနှစ်ခရီး
၂၀၁၁ ခုနှစ် ဩဂုတ်လမှစတင်ခဲ့သော ငြိမ်းချမ်း ရေး အကောင်အထည်ဖော်မှုသည် ၁၀ နှစ်အတွင်း မည်သည့်အတိုင်းအတာအထိ ခရီးပေါက်၍ မည်မျှ ထိရောက်ခဲ့သနည်း။ ငြိမ်းချမ်းရေးခရီး ၁၀ နှစ်ခရီး ကို ပြန်လည်သုံးသပ်မည်ဆိုပါက မတူညီသောအစိုးရ နှစ်ရပ်၏ အကောင်အထည်ဖော်နိုင်မှုကို ပိုင်းခြား ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးရလဒ် နှင့် NLD လက်ထက် ငြိမ်းချမ်းရေးရလဒ်တို့ကို ခွဲခြား ရှုမြင်နိုင်မည်ဖြစ်ပြီး အကောင်းအဆိုး သင်ခန်းစာ ယူနိုင်မည်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ခဲ့သော ငြိမ်းချမ်းရေးသည် ယခင်ကာလများနှင့် ကွဲပြား ခြားနားစွာ အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းအဖြေ ရှာသည့် နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကိုချဉ်းကပ်ခဲ့သည်။ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထူထောင်ရန် သဘော တူညီခဲ့ကြသည်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေ သည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် နိုင်ငံရေး စိတ်ရင်းစေတနာမှန်ကန်မှု၊ တစ်ဦးတစ်ဖွဲ့ အကျိုး စီးပွားထက် ဘုံအကျိုးစီးပွားလိုလားမှု၊ စိတ်ရှည် သည်းခံမှု၊ ဖြေရှင်းမှုနည်းလမ်း မှန်ကန်မှုတို့ကဲ့သို့ ကိုင်တွယ်၍မရသော အရည်အသွေးများ လိုအပ် သည်ဖြစ်ရာ လက်နက်ကိုင်ဖြေရှင်းသည့် နည်းလမ်း ကိုစွန့်လွှတ်၍ နိုင်ငံရေးသဘောထားကွဲလွဲမှုမှအစ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်၍ အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
တာထွက် ပထမ ငါးနှစ်ခရီးတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင်ရန်အတွက် မြန်မာ့ငြိမ်းချမ်း ရေးစင်တာကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ထူထောင်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်များအပါအဝင် ဌာနခွဲ ရှစ်ခု ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေး နေစဉ်အတွင်းမှာပင် တိုင်းရင်းသားလက်နက်ကိုင် များနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၁၄ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မူကြမ်း ကို စတင်ဆွေးနွေးခဲ့ကြသည်။
သက်ဆိုင်သူများအားလုံး ပါဝင်သည့် NCA လက်မှတ်ရေးထိုးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြစဉ် အစိုးရနှင့် တိုင်းရင်းသားများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား အလျင် စလို လက်မှတ်မထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် က သတိပေးပြောကြားကြောင်းကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ RFA သတင်းတွင် တွေ့ရှိရ သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၁၅ ရက်နေ့တွင် သမိုင်းဝင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို နိုင်ငံ တကာအသိသက်သေများ ရှေ့မှောက်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့တို့အကြား လက်မှတ်ရေးထိုး နိုင်ခဲ့ကြပါသည်။
ငြိမ်းချမ်းရေးတည်ဆောက်မှု တာထွက်ခရီး တွင် လက်နက်ကိုင်တိုက်ခိုက်မှု နည်းလမ်းအစား တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် နိုင်ငံရေးယဉ်ကျေးမှု ပျိုးထောင်နိုင်ခြင်း၊ NCA မှတစ်ဆင့် နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၇ ဆင့် သဘောတူဆုံးဖြတ် နိုင်ခဲ့ခြင်းတို့သည် အနာဂတ်နိုင်ငံတည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့ပါ သည်။
ငြိမ်းချမ်းရေး ဒုတိယ ငါးနှစ်ခရီး
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော NLD အစိုးရလက်ထက်တွင် ဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−(၂၁) ရာစုပင်လုံ အစည်းအဝေးဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ သည်။
NLD အစိုးရသည် ငြိမ်းချမ်းရေးဆောင်ရွက်ရန် ရွေးကောက်ပွဲဝင်စဉ်ကပင် ရွေးကောက်ပွဲကြေညာ စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ၂၀၁၅ NLD အာဏာရရှိလာသည့်အချိန်တွင် ဦးသိန်းစိန် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေးရည်မှန်းချက်၊ ဦးဆောင်မှု၊ အကောင်အထည်ဖော်မှုတို့တွင် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်ကို တွေ့ရပါ သည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအကောင် အထည်ဖော်မှု၏ ရည်မှန်းချက်သည် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေး ရည်မှန်းချက် များ သက်သက်သာမဟုတ်ဘဲ ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေး ဘုံသဘောတူညီချက်ရရှိရေး၊ အနာဂတ် နိုင်ငံ တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်များ ပါဝင်နေပါသည်။
NLD အနေဖြင့် ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ရာတွင် ယင်းတို့၏ နိုင်ငံရေးရည်မှန်း ချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကို အဓိကရည်မှန်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ရ သည်။ NLD အာဏာရရှိပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှတစ်ဆင့် အခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့်အပြင် အကျိုးဆက်အနေဖြင့် ငြိမ်းချမ်း ရေးတွင် ဆက်စပ်ပါဝင်နေသူများအကြား ယုံကြည် မှုလျော့နည်းလာပြီး အမျိုးသားရင်ကြားစေ့မှု ကွာဟလာသည်ကို ရင်ဆိုင်ခဲ့ရသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်က NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း NLD အစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် နေပြည်တော်တွင် ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ နောက်ပိုင်းတွင် NCA လက်မှတ်ရေးထိုးပြီးသော RCSS/SSA က JMC အစည်းအဝေးများ၌ ပါဝင်ခြင်း မှ ရပ်ဆိုင်းမည်ဟု ၂၀၁၈ အောက်တိုဘာတွင် ကြေညာခဲ့ပြီး KNU ကလည်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများပါဝင်ခြင်းမှ ရပ်ဆိုင်းမည်ဟု နိုဝင်ဘာလတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေး ဒုတိယခရီးသက်တမ်းအတွင်း ရခိုင်ပြည်နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုမြင့်တက်လာခဲ့ပါသည်။ ယင်းကာလအတွင်း တပ်မတော်မှ အပစ်အခတ်ရပ်စဲပေးမှု ငါးကြိမ် ပြုလုပ်ပေးခဲ့သည်။ NCA လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသားအဖွဲ့များအကြားသာမက NCA လက်မှတ်ရေးထိုးပြီးသောအဖွဲ့များ အကြား တွင်ပင် ထိပ်တိုက်ရင်ဆိုင်ခဲ့မှုများ ကြုံတွေ့လာခဲ့ရ သည်။
ငြိမ်းချမ်းရေး ဒုတိယကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လေးကြိမ် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းမည့် အချက် ၅၁ ချက် သဘောတူညီမှု ရရှိခဲ့သော်လည်း လက်တွေ့တွင် ယင်းသဘော တူညီချက်များ၌ လုံခြုံရေးဆိုင်ရာကိစ္စများ အပါ အဝင် နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သော အဓိကအချက်များ မပါဝင်ကြောင်း ဝေဖန်ထောက်ပြ မှုများလည်း တွေ့ရပါသည်။ ထို့အပြင် NCA စာချုပ် ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့် ၇ ဆင့်အတိုင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသော်လည်း NLD လက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်မှု အားနည်းခဲ့ခြင်းအကျိုးဆက်မှာ တိုင်းရင်းသားများ အကြား ယုံကြည်မှုလျော့နည်းစေခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်း အဖြေရှာရာတွင် နိုင်ငံရေးပါတီများ၊ ပါဝင်သင့်ပါဝင်ထိုက်သည့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်ရန် လိုအပ် ကြောင်း ဝေဖန်ထောက်ပြမှုများလည်း တွေ့ရပါ သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရန်ဆိုသည်မှာ အားလုံးတွေ့ဆုံညှိနှိုင်းအဖြေရှာမှုကို အခြေခံထား သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ဗဟိုချုပ်ကိုင်မှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း များ နှောင့်နှေးခဲ့ရသည်ကိုလည်း သင်ခန်းစာယူ ရမည်ဖြစ်သည်။
ငြိမ်းချမ်းရေး ဒုတိယခရီး၏ နောက်ပိုင်းကာလ များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်လာ ရုံသာမက ငြိမ်းချမ်းရေးညီလာခံတွင် ပြောကြား ခဲ့ကြသည့် မိန့်ခွန်းများကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို မြင်နိုင်ပါသည်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Process) ၏ အကျိုး သက်ရောက်မှုကို အကဲဖြတ်ရာ၌ ၃၀ မှတ်သာ ရရှိခဲ့သည့်အတွက် အားရဖွယ်မရှိခဲ့ဘဲ ငြိမ်းချမ်းရေး အတွက် ကောင်းမွန်သောအခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခဲ့ခြင်းမရှိသည်ကို သုံးသပ်ရရှိကြောင်း ISP ၏ 21 UPC Report Card တွင် ဖော်ပြထားပါ သည်။
၁၀ နှစ်ခရီး ငြိမ်းချမ်းရေးသင်ခန်းစာ
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံ အသွင်ကူးပြောင်းရေးအတွက် မရှိမဖြစ် အခြေခံ လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်များ သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသဖြင့် လုပ်ငန်း စဉ်များ ရှေ့နောက်မှန်ကန်ရန်လည်း အရေးကြီးပါ သည်။ ဆိုလိုသည်မှာ နိုင်ငံရေးဘုံသဘောတူညီ ချက်မရရှိဘဲ အခြေခံဥပဒေပြင်ဆင်ခြင်းသည် အောင်မြင်ရန်ခက်ခဲသကဲ့သို့ ရေရှည်တည်တံ့ရန် လည်း ခက်ခဲနိုင်ပါသည်။ သို့ဖြစ်သည့်အတွက် နိုင်ငံရေးဖြေရှင်းချက်လုပ်ငန်းစဉ် ရှေ့နောက်အစီ အစဉ်ချမှတ်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် လုံလောက်သော အခြေခံသဘောတူညီချက် မည်သည့်အတိုင်းအတာအထိရှိကြောင်း မျက်ခြည် မပြတ်ဆန်းစစ်သုံးသပ်ရန် လိုအပ်ကြောင်း၊ ရှေ့နောက်လုပ်ငန်းစဉ်မှန်ကန်မှသာ ပဋိပက္ခအခြေ အနေမှ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သည့် တည်ငြိမ်သောစနစ်သို့ အောင်မြင်စွာကူးပြောင်း နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးသဘောတူညီချက် ရယူခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းတို့ ထည့်သွင်းလုပ်ဆောင်ရန်လိုအပ်ပါက အဆင့်ဆင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း IDEA ၏ Sequ-encing peace agreements and constitutions polical settlement process တွင် အကြံပြု ဖော်ပြထားပါသည်။
သို့ဖြစ်ရာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၁၀ နှစ်ခရီးတွင် အစကောင်းခဲ့သော်လည်း ဒုတိယခရီး စဉ်တွင် ငြိမ်းချမ်းရေးအတွက် စစ်မှန်သော နိုင်ငံရေး စိတ်ဆန္ဒအားနည်းခြင်း၊ နိုင်ငံရေးအကျိုးအမြတ် အတွက် ငြိမ်းချမ်းရေးကို အသုံးချလာခြင်း၊ ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်များ ကျော်လွန်လုပ်ဆောင် လာခြင်းတို့မှာ နိုင်ငံအသွင်ကူးပြောင်းရေးနှင့် နိုင်ငံ တည်ဆောက်ရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။
ယနေ့တွင်လည်း အသွင်ကူးပြောင်းရေး၊ နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ဆောင်ရွက်ရန်ကျန်ရှိနေဆဲဖြစ်သည်။ ထိုသို့ သော အချိန်တွင် ၁၀ နှစ်တာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှ သင်ခန်းစာများကို ပြုပြင်၍ အတူလက်တွဲ ဆောင်ရွက်ကြမည်ဆိုလျှင် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် တည်ဆောက် နိုင်မည်ဟု ယုံကြည်ပါသည်။ ။
- Log in to post comments