
ငြိမ်းချမ်းရေးလ ခါသမယ သာစွလနယုန်
* သာစွနယုန်၊ လပြည့်စုံသည့်
မွှေးထုံကာလ၊ သမယတွင်
ဇေဋ္ဌနက္ခတ်၊ ဝိုင်းပတ်လဝန်း
အပြိုင်ထွန်းပြီး၊ ထုံမွမ်းကြိုင်မွှေး
မြတ်လေးစံပယ်၊ သွယ်သွယ်ငုံဖူး
ပွင့်ပုံထူးကြ ဤကာလ။
* နယုန်လခါ၊ ချိန်သာယာတွင်
စုံစွာကြွကြောင်း၊ နတ်အပေါင်းအား
ဟောကြားခဲ့ပါ၊ ထင်ရှားစွာတည့်
မဟာသမယ၊ သုတ်တော်လှကြောင့်
လောကအလုံး၊ ပီတိဖုံး၍
ရွှင်ပြုံးကြည်မြ ဤကာလ။
* တိုင်း ကပိလ၊ ကောလိယတို့
ရေရရှိမှု၊ ခွဲတမ်းလု၍
စစ်ပြုကြမည်၊ ပြင်ကြသည်၌
ရေကြည်အေးမြ၊ မြတ်ဓမ္မကို
ဗုဒ္ဓတိုက်ကျွေး၊ ငြိမ်းချမ်းရေး...။
* တစ်ဝထို့ပြင်၊ သမိုင်းစဉ်ဝယ်
ပြည့်ရှင်ကိုယ်တိုင်၊ နှင်တံကိုင်၍
ပိုင်နိုင်ထွန်ယက်၊ ထယ်ရေးညက်စေ
ကျက်သရေမွန်၊ ခက်ဝေသွန်သို့
လယ်ထွန်မင်္ဂလာ၊ ဆင်ယင်ပါသည်
လမှာမြတ်စွ ဤကာလ...။
* အေးချမ်းသာယာ၊ ဤချိန်ခါတွင်
သံဃာရှင်မြတ်၊ ပရိသတ်တို့
တတ်အပ်စာပေ၊ မြတ်နိုးစေဖို့
စာဖြေသဘင်၊ ဆင်ယင်ကျင်းပ
ဤသည့်လကို၊ ခေါ်ကြတစ်ဖန်
စာတော်ပြန်ပွဲ ခြိမ့်ခြိမ့်သဲ...။ ။
ဘိုမျိုး(ရွှေဘို)