တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် (၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ NCA ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာတွင် ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ရှေးရှု ကာ ပြည်သူတို့၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း အတိုင်း လျှောက်လှမ်းကြမည်ဟူသောအချက်ကို ကြိုတင်သဘောတူ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ NCA ကို စတင်လက်မှတ်ရေးထိုးရာတွင် CNF ၊ ABSDF ၊ ALP ၊ RCSS ၊ KNU ၊ KNU /KNLA (PC) ၊ DKBA ၊ PNLO ဟူ၍ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ပါဝင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးလာခဲ့သည့်အတွက် စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့တို့ NCA တွင် ပါဝင်လျက်ရှိသည်။
NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မျှသာ မဟုတ် ဘဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြ သည့် စစ်မှန်ခိုင်မာသော ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် လက်တွေ့လုပ်ဆောင်ကြရမည့် လမ်းကြောင်းလည်းဖြစ်သည်။ NCA တွင် လက်မှတ်ရေးထိုးခြင်းဖြင့် နိုင်ငံရေးပြဿနာကို လက်နက်ကိုင် တိုက်ခိုက်မည့်အစား နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဆွေးနွေး ခြင်းဖြင့် အဖြေရှာမည့်နည်းလမ်းကို အစားထိုးလဲလှယ်လိုက်ခြင်း ဖြစ်ရာ လက်တွေ့အားဖြင့်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဒေသများတွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့သည့် ပကတိအရှိတရားကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် NCA သည် ငြိမ်းချမ်းရေးခရီးစဉ်၏ စမှတ်တစ်ခုသာ ဖြစ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်း ရေး၊ ထိုမှတစ်ဆင့် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဆီသို့ အဆင့်ဆင့် မဆုတ်မနစ် ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်သည်။
“ NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲ ထားတာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေ၊ ကနဦးအဆိုပြုချက်တွေအပေါ် မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး အသေးစိတ်အကျေအလည် အကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်းသဘောတူ ရေးဆွဲထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် အားလုံး ပိုင်ဆိုင်တဲ့စာချုပ်လည်း ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံ အားပေးမှုကိုလည်း ရရှိခဲ့တဲ့အပြင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ဂုဏ်ယူလေးစားမှုကို ရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် NCA စာချုပ်ဟာ ကျွန်တော်တို့အတွက် အစဉ်အမြဲအလေးထားရမယ့် မေ့ဖျောက်ပစ်လို့မရတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် NCA စာချုပ်၏ အရေးပါမှု၊ အရေးကြီးမှု၊ လေးနက်မှုတို့ကို ထောက်ပြ ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူ လျက်ရှိသည့် လက်ရှိကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဆန့်ကျင်ဘက်တွင်လည်း နိုင်ငံကို ပျက်စီးစေလိုသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများ က နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ အလုံးစုံပျက်သုဉ်း စေရန်တို့ကို ဦးတည်၍ နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်နေကြသည်ကို သတိပြုကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းတည်ဆောက်နေကြရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ထွန်းနေရေးနှင့် ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်မပျက် ဆက်လက်လျှောက် လှမ်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ဦးတည်နိုင်ကြ ပါစေကြောင်း။ ။