မြန်မာ့အလင်းအယ်ဒီတာအာဘော်
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ဘ၀ရှင်သန်ရေးကို ရုန်းကန်နေရသူဖြစ်စေ၊ သက်သောင့်သက်သာ ဖြတ်သန်းနေရသူ ဖြစ်စေ စစ်မှန်သော သာယာအေးမြမှုထက် ပိုပြီး ဘာကိုမှ ပိုလိုချင် စရာမရှိ။ ရင်တွင်းက နှလုံးသား၏စကားသံကို ခဏတာ အချိန်ပေး နားထောင်ကြည့်လျှင် လူတိုင်းသည် ငြိမ်းချမ်းမှုကို မည်မျှမြတ်နိုး သည် ဆိုခြင်းကို ပိုမိုသတိပြုမိပါလိမ့်မည်။
တရားသောစစ်၊ မရွေးမဖြစ်ရွေးချယ်ခဲ့ရသည့်စစ်၊ ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ရသည့်စစ်၊ မလွှဲမရှောင်သာ ပါဝင်ရသည့်စစ်၊ တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် တိုက်ရသည့်စစ် စသည်ဖြင့် စစ်တိုက်ခြင်းတို့၏ အကြောင်းရင်းကို မည်သို့ပင်ပေးပေး၊ ကောင်း သောစစ်၊ အေးမြမှုကို ရရှိသောစစ်ဟူသည်တို့ မရှိနိုင်ပါ။ ထို့ကြောင့် ပင် ကမ္ဘာ့လူအဖွဲ့အစည်းက ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက် ကြစို့ဟူသည့် ကြွေးကြော်သံဖြင့် ငြိမ်းချမ်းရေးအလံကို လွှင့်တင်ရန် ကြိုးစားနေကြသည်ပဲဖြစ်၏။
သို့သော်လည်း ယနေ့တိုင် ကမ္ဘာ့နေရာအနှံ့အပြားတွင် စစ်ပွဲ များက ရှိနေဆဲ။ အဏုမြူလက်နက်ထုတ်လုပ်မှုများ ရပ်ကြလော့၊ အစွမ်းထက် လူသတ်လက်နက်များသုံးစွဲမှု ရပ်ကြလော့ဟူသည့် အဆိုများကို ကမ္ဘာတစ်ခုလုံး၏ နေရာအနှံ့အပြားက ကြွေးကြော်နေ ကြသော်လည်း စစ်ပွဲများကား ရှိနေဆဲ။ စစ်ပွဲများကို ထောက်ကူ ပေးမည့် စစ်လက်နက်တို့၏အစွမ်းကို တိုးတက်ခေတ်မီအောင် မွမ်းမံနေသူတို့ကလည်းရှိမြဲ။ စစ်လက်နက်တို့ကို ပိုမိုခေတ်မီအောင် ထုတ်လုပ်ရင်း စစ်လက်နက်တို့ကို ကုန်သွယ်ရောင်းဝယ်ခြင်းဖြင့် ချမ်းသာကြွယ်၀ရမှုကို ကျေနပ်နေသူများ၊ စစ်ပွဲများကို အကြောင်း ပြု၍ စည်းစိမ်တိုးရခြင်းကို အားရနေသူ အနည်းစုကတော့ ရှိနေဆဲ။ အမှန်တော့ စစ်လက်နက်တို့၏ အစွမ်းတိုးတက်လာသည်ဆိုခြင်း ၏ အဓိပ္ပာယ်မှာ လူများစွာကို မည်မျှလွယ်ကူ မြန်ဆန်စွာ သတ်နိုင် မလဲဟု ဆိုရမည်။ ရံဖန်ရံခါတွင် ထိုလူနည်းစု၏ ချမ်းသာကြွယ်၀ ရေးအတွက် လူများစု၏ အသက်များကို ပေးဆပ်နေရခြင်းဟုပင် တွေးဆစရာ။
မည်သို့ဆိုစေ၊ လက်နက်များဖြင့် လူအချင်းချင်း သတ်ဖြတ်နေ ကြသည့် စစ်ပွဲများကို ရပ်သင့်ပြီ။ စစ်ပွဲများကိုရပ်တန့်နိုင်မည့် အဖြစ် နိုင်ဆုံးနည်းလမ်းကား မကျေနပ်မှု၊ မပြေလည်မှုများကို စားပွဲဝိုင်း များတွင် တွေ့ဆုံစကားပြော အဖြေရှာကြဖို့ပဲဖြစ်၏။ ထိုသို့ ပဋိပက္ခ များကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးဆွေးနွေးနွေး တွေ့ဆုံစကား ပြောကြရန် အဓိကလိုအပ်ချက်သည်ကား ငြိမ်းချမ်းရေးကို အမှန် တကယ်လိုချင်သည့် စိတ်ဓာတ်ပင်ဖြစ်မည် ထင်ပါသည်။
အထူးသဖြင့်တော့ ကြာမြင့်လှပြီဖြစ်သော မြန်မာ နိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ရပ်စဲနိုင်ရေး။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး...။
ငြိမ်းချမ်းရေးအမှန်တကယ်လိုချင်သည်ဆိုပါက မည်သို့သော အကြောင်းများနှင့်မဆို စစ်တိုက်နေကြသူတို့အားလုံး ငြိမ်းချမ်းရေး သန္နိဋ္ဌာန် ရှိကြရန်လိုမည်ဟု ပြည်သူလူထုက ယူဆမျှော်လင့်နေကြ ၏။ လွတ်လပ်ရေးမရခင်ကတည်းက ကြုံခဲ့ရသော စစ်ပွဲများကို ပြည်သူလူထုသည် ငြီးငွေ့စိတ်ပျက်နေပြီ။ စစ်ဘေးစစ်ဒဏ်တို့၏ ဒဏ်ရာတို့ကလည်း ဗရပွဖြစ်နေပြီ။ အထူးသဖြင့်မူ တိုင်းရင်းသား တို့က ထိခိုက်နစ်နာမှုများကို အများဆုံးခံစားရသူများဖြစ်နေပြီ။ စစ်စရိတ်ကြီးလေးမှုများကို ပြည်ထောင်စု၏ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး စသောအဘက်ဘက်က အသုံးချရမည့် ပြည်သူ့ ဘဏ္ဍာများကို ဖဲ့ခွဲ သုံးစွဲနေရတာဖြစ်သည်။ တကယ်တော့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၏ ဆိုးကျိုးမှန်သမျှကို ပြည်သူလူထုက ခါးစည်းခံနေကြရခြင်းသာ ဖြစ်ပါ၏။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ၅ နှစ်မြောက် နှစ်ပတ်လည်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းပါ- ‘‘တိုက်ပွဲတွေ၊ စစ်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကိုသာ ရပ်စဲဖို့ လိုအပ်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းတွေကိုတော့ ရပ်စဲလို့မရဘူး’’ဟူသည့်အတိုင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၊ အပစ် အခတ်ရပ်စဲရေး စကားဝိုင်းများကို ဆက်လက်ပြုလုပ်ကြခြင်းဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ကို ဆက်လက်ချီတက်ကြရပါမည်။
စစ်တိုက်နေရသူများ၊ ပစ်ခတ်နေရသူများအားလုံးသည် ငြိမ်းချမ်း ရေး လိုချင်ဆန္ဒပြင်းပြမှုကို အခြေပြုကာ ဆွေးနွေးစကား ပြောမှု ညှိနှိုင်းမှုများကို အောင်မြင်သည်ထိ မရမနေ ကြိုးပမ်းကြခြင်းဖြင့် ပြည်သူလူထု၏အကျိုးကို အမှန်တကယ်လိုလားကြောင်း ပြသ ကြရန်လိုပါသည်။ ငြိမ်းချမ်းသည့် နိုင်ငံသည်သာ တိုးတက်ဖွံ့ဖြိုးပြီး ဂုဏ်သိက္ခာရှိသည့် နိုင်ငံဖြစ်နိုင်သည်ဟု ယုံကြည်ပါကြောင်း။ ။