
ရန်ကုန် ဇွန် ၁
မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးမှ ပထမဆုံး အကြိမ် စီစဉ်ကြီးမှူးပြီး နီပေါ - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ IT နည်းပညာ မိတ်ဆက်ဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပ သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးမှ သံအမတ်ကြီး H.E. Harish-chandra Ghimire ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ကုန်သည်/စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း အပါအဝင် ဖိတ်ကြားထားသော တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုကာ ခင်းကျင်းပြသ ထားသောပြခန်းများကို ကြည့်ရှုလေ့လာ သည်။
နီပေါနှင့် မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နီပေါနိုင်ငံ IT ကုမ္ပဏီပေါင်း ၁၃ ခုမှ ခင်းကျင်းပြသ မိတ်ဆက်ထားသည်။
“မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်လောက် ရောက်ရင် Digital Economy က မြန်မာ့ GDP ရဲ့ သုံးပုံတစ်ပုံနီးပါးလောက် ဖြစ်နိုင် ဖို့ တွန်းသွားချင်ပါတယ်။ လက်ရှိ အနေ အထားမှာ Digital Economy က GDP နဲ့ တစ်ခုလုံးယှဉ်လိုက်ရင် ၄/၅ ရာခိုင်နှုန်း လောက်ပဲ ရှိပါဦးမယ်။ အများကြီး တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ ဒါမှ စီးပွားရေးက ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု Myanmar Digital Economy Association ၏ ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်က ပြောသည်။
ဆက်လက်၍ အခမ်းအနားတွင် Presentation Session နှင့် B to B Meeting များပြုလုပ်ကာ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အာကာလင်း