နိုင်ငံ၊ လူမျိုးနှင့် အမျိုးသားရေးဝါဒ

 

မျိုးချစ်စိတ်ဓာတ်ဟူသည်  တိုင်းပြည်နှင့်  လူမျိုးကို  ချစ်ခင်သော စိတ်ဓာတ်ဟူ၍     အဘိဓာန်က ဖွင့်ဆိုသည်။    သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည့် ကာလတွင် နယ်ချဲ့တို့က ချိုးနှိမ်ထားခဲ့သည့် ကိုယ့်နိုင်ငံ၊   ကိုယ့်လူမျိုးတို့၏   စိတ်ဓာတ်နှင့်   အားမာန်တို့ကို ပြန်လည်မြှင့်တင်ရန်အလို့ငှာ အမျိုး၊ ဘာသာ၊ သာသနာဟူ၍ လှုံ့ဆော်ခဲ့ရသည်။ ကိုလိုနီခေတ်တွင် သွေးခွဲအုပ်ချုပ်သည့်စနစ် အရ ပြည်မနှင့် တောင်တန်းဒေသများကို  သီးခြားစီခွဲထားခဲ့သည့် အပြင်  ကူးသန်းသွားလာမှုများကိုပါ ကန့်သတ်ခဲ့သည့်အတွက် နိုင်ငံရေးနိုးကြားမှုနှင့်  ဖြစ်ပေါ်တိုးတက်မှုတို့  ကွာခြားခဲ့သည်။ သို့ဖြစ်သည့်အလျောက် နယ်ချဲ့ကို ဆန့်ကျင်မှုများ စတင်လာသည့် ကာလ၊ အမျိုးသားရေးဝါဒကို ဖော်ထုတ်မြှင့်တင်ရာတွင် အတိတ် သမိုင်းမှ  “ဇာတိပုည၊ ဂုဏ်မာန”  အရ  တက်ကြွဖွယ်ရာတို့ကို  ပြန်လည်ညွှန်ပြခဲ့ကြသည့်အတွက်  “မျိုးရိုးက တန်ခိုးကြီးခဲ့ပေ။ ထီးနန်းနဲ့ စံမြန်းလာတာတွေ”  စသည့်  အဖွဲ့အနွဲ့မျိုးများလည်း ပေါ်ထွက်လာခဲ့သည်။

 


လူမျိုးတို့ တည်တံ့ရန်၊ တိုးတက်ဖွံ့ဖြိုးရန် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေဖို့လိုသည်။    တစ်ခါတစ်ရံတွင်    မျိုးချစ် စိတ်ဓာတ်ကို     အစွန်းရောက်စေသည့်အခါ    Jingoism     ခေါ် တစ်ယူသန်  မျိုးချစ်ဝါဒပေါ်ပေါက်လာသည်။  စင်စစ်အားဖြင့် မျိုးချစ်စိတ်ဓာတ် (Patriotism)   သည်  အပြုသဘောကိုဆောင်ပြီး   စည်းလုံးညီညွတ်မှုကို ဖြစ်စေသည်။   စည်းလုံးညီညွတ်မှုမှတစ်ဆင့်   ဖွံ့ဖြိုးတိုးတက်မှု၊    တည်တံ့ခိုင်မြဲမှုတို့ကို   ဖြစ်ထွန်းစေသည်။ တစ်ယူသန်မျိုးချစ်ဝါဒကမူ မိမိကိုယ်ကိုယ်သာ ဗဟိုပြုထားပြီး အခြားသူ၊   အခြားမျိုးနွယ်တို့ကို   မိမိတို့လောက်  မကြီးမြတ်၊ ယုတ်သည်၊ နိမ့်ကျသည်ဟူ၍ ရှုမြင်ကာ ခွဲခြားဖယ်ထုတ်သည့်   သဘောရှိသည့်အတွက်   လူ့သမိုင်းတွင် အရုပ်ဆိုး အကျည်းတန် သည့် သမိုင်းဖြစ်ရပ်ကြီးများ ဖြစ်ပေါ်ခဲ့သည်ကို သင်ခန်းစာယူဖွယ် တွေ့မြင်နိုင်သည်။

 


နိုင်ငံနှင့်လူမျိုး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ဓာတ် ဖြင့် တုပ်နှောင်ထားရသည့်  ဥပမာအနေဖြင့်  မျက်မှောက်ခေတ်တွင် အစ္စရေးနိုင်ငံသည်  အကောင်းဆုံးတွေ့မြင်နိုင်သည့်  သာဓကပင်  ဖြစ်သည်။ ဇာတိမြေမှ  နှစ်ပေါင်း ၂၀၀၀ ခန့် စွန့်ခွာသွားခဲ့ကြရသည့်  ဂျူးလူမျိုးတို့  အစ္စရေးနိုင်ငံကို  ပြန်လည်ထူထောင်ကြသည့်အခါ တောင်၊ မြောက် အမေရိက၊ အာရှ၊ အာဖရိက၊ ဥရောပ အစရှိသည့် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အသွေးအရောင်အမျိုးမျိုး ရှိပြီး ဘာသာစကားအမျိုးမျိုး ပြောဆိုနေကြသည့် ဂျူးအနွယ်ဝင် များမှာ   ကွဲပြားခြားနားမှုများကို   မျိုးချစ်စိတ်ဓာတ်ဖြင့်   တညီ တညွတ်တည်း   ဖြစ်စေခဲ့ရသည်။     နိုင်ငံမဲ့လူမျိုးများဘဝတွင် အနှိမ်ခံ၊ အမုန်းခံ၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့်အပြင် လူမျိုးတုံး အောင်ပင်     သတ်ဖြတ်ခံခဲ့ရသူ     ဂျူးလူမျိုးတို့   အစ္စရေးနိုင်ငံ     တည်ထောင်သည့်အခါတွင်   ၎င်းတို့ထက်    အင်အား   အဆ ၂၀ ကျော်ရှိပြီး ဝိုင်းပတ်နေသည့် ရန်သူတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နှစ်နှင့် တစ်နှစ်တည်း ၁၉၄၈   ခုနှစ်   မေလ  ၁၄  ရက်နေ့တွင်  အစ္စရေးနိုင်ငံ  စတင် တည်ထောင်ခဲ့ချိန်မှစ၍ ယနေ့ထိတိုင်  နိုင်ငံနှင့်လူမျိုး တည်တံ့ ရေးအတွက်    မျိုးချစ်စိတ်ဓာတ်နှင့်   အမျိုးသားရေးဝါဒတို့ကို     မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ရ သည်ကို တွေ့မြင်နိုင်သည်။

 


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် ရှိသလို ဥပဒေအရ နိုင်ငံသားဖြစ်လာသူများပါ စုပေါင်းနေထိုင် ကြသည့်  နိုင်ငံဖြစ်သည်။  မိမိတို့ယုံကြည်ရာ  ဘာသာရေးကို  ကိုးကွယ်ခွင့် ပေးထားသည့် နိုင်ငံလည်းဖြစ်သည်။ လူမျိုး၊ ဘာသာ၊ သာသနာများ ကွဲပြားခြားနားခြင်းသည် အမျိုးသားရေးစိတ်ဓာတ် ဖြင့်     စည်းနှောင်ထားသည့်အခါ     အင်အားဖြစ်လာသည်။ ၎င်းအင်အားဖြင့်ပင်    နိုင်ငံ၏   လွတ်လပ်ရေးကို    အရယူနိုင် သည်အထိ    မိမိတို့၏    ဘိုးဘွားများက    စွမ်းဆောင်ခဲ့ကြပြီး သမိုင်းပေးတာဝန်ကို  ကျေပွန်ခဲ့ကြရာ အမျိုးသားရေး  စိတ်ဓာတ် ဖြင့်ပင် နိုင်ငံနှင့်လူမျိုး  တိုးတက်ဖွံ့ဖြိုးရေး၊ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးတာဝန်များလက်ဆင့်ကမ်းကြရမည် ဖြစ်ပါ ကြောင်း။       ။