နိုင်ငံ့အားသုံးအားကို ပြည်တွင်းအားဖြင့် တည်ဆောက်

 

၂၀၁၁ခုနှစ်၊ ဧပြီလ ၁ ရက်နေ့။ နှစ်ပေါင်း ၅၀ ကျော်ကြာ နိုင်ငံရေး နှင့်    စီးပွားရေးတို့တွင်  ဗဟိုဦးစီးစနစ်ကို    ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံ၏     သမိုင်းကြောင်း    အလှည့်အပြောင်းအဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် စတင်ပေါ်ပေါက်လာသည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် တစ်ခုကျော်ကြာ    ပါလီမန်ဒီမိုကရေစီစနစ်   ကျင့်သုံးခဲ့ဖူးသည့် အတွေ့အကြုံရှိခဲ့သည့်တိုင်အောင်   ရာစုနှစ်ထက်ဝက်ကျော်မျှ ကင်းကွာနေခဲ့ပြီဖြစ်ရာ ပြန်လည်မွေးဖွားလာသည့် သီးကင်းနုနု ဒီမိုကရေစီ အခြေတည်မြဲမြံခိုင်ခံ့အောင် ထိုစဉ်က အစိုးရနှင့် ပြည်သူတို့များစွာ အားထုတ်ကြိုးပမ်းခဲ့ကြသည်။

 


မြန်မာ့ဒီမိုကရေစီစနစ်၏ ပွဲဦးထွက် အစိုးရအဖို့ အခက်အခဲ များ၊ စိန်‌ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ခေတ်သစ်စနစ်သစ်ကို  ညင်သာစွာ ချောမွေ့စွာ ပြောင်းလဲနိုင်ခဲ့ပြီး အဖွင့်လှခဲ့သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် အပြောင်းအလဲသည် အေးချမ်းတည်ငြိမ်စွာ အောင်မြင်ခြင်းနှင့်အတူ ပြည်သူအများ၏ ယုံကြည်ခြင်းကိုရရှိခဲ့ပြီး နိုင်ငံတကာတွင်လည်း မျက်နှာပန်းလှ ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသစီးပွားရေး နှင့် လူမှုရေးကော်မရှင်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ စသည့် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည့် အခွင့်အလမ်းများကို ရှုထောင့် မျိုးစုံမှ မြင်တွေ့နေရကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှုန်းသည် ကာလလတ်အတွင်း ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအကြား ရှိနေ၍ ၂၀၃၀ ပြည့်နှစ်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက် လာနိုင်ကြောင်း၊ လူတစ်ဦးချင်း၏   လက်ရှိဝင်ငွေသည်လည်း လက်ရှိအခြေအနေတွင် ဒေါ်လာ ၉၀၀ မှ အနာဂတ်တွင် အမြင့်ဆုံး ဒေါ်လာ ၅၀၀၀ ခန့် တိုးလာနိုင်ကြောင်း၊ အစိုးရ၏ မှန်ကန်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရရှိနေခြင်းဖြစ်ကြောင်း ခန့်မှန်းသုံးသပ် ခဲ့ကြသည်။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှု ကဏ္ဍမှာ  လွန်စွာအရေးကြီးသည်။   ဦးဆောင်   ဦးရွက်ပြုမှုနှင့် အားကောင်းသည့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုတို့က နိုင်ငံဖွံ့ဖြိုး တိုးတက်စေသည့် အရှိန်အဟုန်နှင့် အင်အားပင်ဖြစ်သည်။ လက်ရှိ အရေးပေါ်ကာလ    အိမ်စောင့်အစိုးရအနေဖြင့်လည်း      ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည့် အချိန်အတိုင်းအတာအတွင်း    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်  ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိ သည်။ ယခု ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းစီးပွားရေးတိုးတက်မှု မြှင့်တင်ရေး၊ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက် ရေး၊  တိုင်းရင်းသားပြည်သူများ   အားလုံးပါဝင်သည့်   နိုင်ငံ ကာကွယ်ရေးစွမ်းအား တည်ဆောက်ရေးတို့ကို  ပြည်တွင်းအား ကို အခြေပြု၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ် လုံး ပူးပေါင်းပါဝင်ခြင်းဖြင့်  နိုင်ငံအတွက်  ဒေါက်သုံးဒေါက်သဖွယ် ဖြစ်သော အားသုံးအား ကို ခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး      ကြိုးပမ်းတည်ဆောက်ရာတွင်  အယူအဆ၊  မူဝါဒ၊  လုပ်နည်းလုပ်ဟန်တို့   ကွဲပြားခြားနားစေကာမူ အစိုးရအဆက်ဆက်တို့     ပြည်သူနှင့်လက်တွဲကာ   ပူးပေါင်း ဆောင်ရွက်ကြရစမြဲပင်ဖြစ်သည်။ မိမိအာဏာမရတော့၍ နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး   ဖန်တီးမည်ဆိုလျှင်  အဖျက်သမားသာလျှင် ဖြစ်ပေမည်။ မိမိတို့ နိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC)အဖြစ် မှ ရုန်းထွက်နိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသုံး အားကို   အစိုးရနှင့်ပြည်သူ    ညီညာလက်တွဲပူးပေါင်းသည့် ပြည်တွင်းအားဖြင့် တည်ဆောက်ကြရေး နှိုးဆော်တိုက်တွန်းအပ် ပါကြောင်း။     ။