နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး စပ်မျိုးနေကြာတိုးချဲ့စိုက်ပျိုး

 

စပ်မျိုးနေကြာစိုက်ဧကပေါင်း ၁ ဒသမ ၅ သန်း စိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန က ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး စပ်မျိုးနေကြာ တိုးချဲ့စိုက်ပျိုး ရာတွင် လိုအပ်မည့် မျိုး၊ နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုး ပေးရေး၊   အခြားသက်သာခွင့်များ   ဖြည့်ဆည်းပေးရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက်အောင်မြင်ရေးအတွက် လွန်စွာအရေးကြီးလှသည့် တွန်းအားများပင်ဖြစ်သည်။
ပြည်တွင်းစားသုံးဆီဈေးကွက်တွင် ပြည်ပမှတင်သွင်းလာ သည့် စားအုန်းဆီများက နှစ်ပေါင်းများစွာ လွှမ်းမိုးတွင်ကျယ်နေ ခဲ့သည့်အပြင် စားသုံးရန်မသင့်သည့် ပြုပြင်ရောနှောထားသော ဆီများကပါ   နေရာယူလာခြင်းကြောင့်   ပြည်တွင်းစားသုံးဆီ စိုက်ပျိုးထုတ်လုပ်မှုကို များစွာထိခိုက်စေခဲ့သည်။ လက်ရှိအချိန် ကာလတွင် ပြည်ပစားအုန်းဆီမှာ မူရင်းထုတ်လုပ်ရာ နိုင်ငံ၌ပင် ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ပြည်တွင်း၌လည်း ဈေးနှုန်း မြင့်တက်လာခဲ့ရာ ပြည်တွင်းမှ စားသုံးဆီထုတ်လုပ်မှု တိုးတက် လာစေရေးနှင့် ရေရှည်တွင် ပြည်တွင်းလိုအပ်ချက် ဖူလုံပိုလျှံပြီး ပြည်ပသို့ပါ      တင်ပို့ရောင်းချနိုင်ရေးအတွက်      ကြိုးပမ်း ဆောင်ရွက်မှုစတင်ရန် အချိန်ကျရောက်လာခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းမှ ထုတ်လုပ်သော စားသုံးဆီများ အနက်    မြေပဲဆီနှင့်  နှမ်းဆီတို့ကို    ဆီစားသုံးသူအများစုက သုံးစွဲကြပြီး နေကြာဆီကို အရောအနှောအနေဖြင့် သုံးစွဲကြသည် ဟု သိရသည်။ အမှန်စင်စစ်အားဖြင့် နေကြာဆီသည် ကျန်းမာရေး အတွက် လွန်စွာကောင်းမွန်သည့်အပြင်  ကြော်လှော်ချက်ပြုတ် ရာတွင်လည်း    ကောင်းမွန်သည့်ဆီမျိုးဖြစ်ရာ   နေကြာဆီ သန့်သန့်စားသုံးသူများမှာ အခြားဆီများထက်ပင် နှစ်ခြိုက်စွာ စားသုံးကြသည်။  ထို့အပြင်  စပ်မျိုးနေကြာ၏  ဆီထွက်နှုန်း ကလည်း  မြေပဲနှင့်နှမ်းတို့ထက် ပိုမိုမြင့်မားသည်ဖြစ်ရာ စပ်မျိုး နေကြာစိုက်ဧက   တိုးချဲ့သွားခြင်းအားဖြင့်   မြန်မာ့စားသုံးဆီ ထုတ်လုပ်မှုအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏အဆိုအရ နေကြာသည် စိုက်ပျိုးရလွယ်ကူသော  သီးနှံဖြစ်သည့်အလျောက်  လိုအပ်သောကူညီပံ့ပိုးမှုများနှင့်   ပေါင်းစပ်လိုက်ပါက  လာမည့် စိုက်ပျိုးရာသီ   မိုးနေကြာနှင့်  ဆောင်းနေကြာ  စုစုပေါင်း ဧက တစ်သန်းခွဲမှာ ပြည့်မီရုံမက ကျော်လွန်သွားနိုင်မည်ဟု ယုံကြည် မိသည်။
မိမိတို့နိုင်ငံ၏ စားသုံးဆီဈေးကွက်တွင် ရောင်းချနေသည့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်သောဆီများတွင် နေကြာဆီ၊ ပဲပုပ်ဆီ၊ ပြောင်းဖူးဆီ၊ ဟင်းသီးဟင်းရွက်ဆီတို့အပါအဝင် ဆီအမျိုးအစား ပေါင်းများစွာကို ခေတ်မီထုပ်ပိုးမှုများဖြင့် ရောင်းချနေခြင်းဖြစ် ရာ နေကြာဆီကို နှစ်ခြိုက်စွာ စားသုံးမှုများရှိနေခြင်းပင်ဖြစ်ပြီး အစိုးရနှင့်     ပုဂ္ဂလိကကဏ္ဍတို့     လက်တွဲညီညာပေါင်းစပ် ဆောင်ရွက်ပါက ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေးနှင့် စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့်     နိုင်ငံအဖြစ်     ရပ်တည်ရေး မျှော်မှန်းချက်မှာ အချိန်တိုအတွင်း အောင်မြင်မှုရရှိလာနိုင်မည် ဖြစ်သည်။
မိမိတို့နိုင်ငံသည်   စိုက်ပျိုးရေးအခြေခံသည့်   စီးပွားရေးက အဓိကဖြစ်ပြီး လူဦးရေအများစု အသက်မွေးဝမ်းကျောင်းပြုနေ သည့်   ကဏ္ဍလည်းဖြစ်သည်။   စားသုံးဆီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်သည်နှင့်အမျှ    ယင်းနှင့်ဆက်စပ်နေသည့် ကဏ္ဍများကိုပါ အကျိုးပြုနိုင်မည်ဖြစ်ရာ နိုင်ငံအကျိုး၊ မိမိအကျိုး အတွက် စပ်မျိုးနေကြာတိုးချဲ့စိုက်ပျိုးကာ ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေး၊ စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံ အဖြစ် ရပ်တည်ရေး   အားသွန်ခွန်စိုက်ကြိုးပမ်းကြရန်   တိုက်တွန်း အပ်ပါကြောင်း။         ။