နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်     ပြည်တွင်းစီးပွားရေး တိုးတက်အောင်   ကြိုးပမ်းသည့်အနေဖြင့်   သေး၊   ငယ်၊   လတ် စီးပွားရေးလုပ်ငန်းများနှင့်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်က  အားပေးလျက်ရှိသည်။  သေး၊  ငယ်၊  လတ် စီးပွားရေးလုပ်ငန်းများဟု ဆိုရာတွင် ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်သည့် ကုန်ကြမ်းများကို အခြေခံပြီး ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်အတွက် အားပေးနေခြင်းဖြစ်သည်။

 


သေး၊ ငယ်၊ လတ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်      ဒေသအလိုက်အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ “နောက်တစ်ခုက MSME နဲ့ပတ်သက်လို့ ကိန်းဂဏန်း တွေ၊ ဖွဲ့စည်းမှုတွေ  ပြန်လည်လုပ်ဖို့လိုသလို  တစ်ဖက်ကလည်း အဓိကကျတဲ့  ခရိုင်တွေ၊  ပြည်နယ်နဲ့တိုင်းတွေမှာ MSME တွေ ပီပီပြင်ပြင်နဲ့ အလုပ်လုပ်နိုင်ဖို့ လိုတယ်။  ရုံးလုပ်ငန်းနဲ့ အချိန်ကုန် နေလို့မရဘူး။ ကုန်ထုတ်လုပ်မှုတွေ  ကျွန်တော်တို့သွားရမယ်။ အဓိကကျတဲ့  ပြည်နယ်၊  တိုင်း၊ မြို့ကြီးတွေအားလုံးက MSME တွေရှိရမယ်။ ခရိုင်အဆင့်တွေမှာလည်း အဓိကထုတ်ကုန်ပစ္စည်း ရှိတဲ့ ခရိုင်တွေမှာ One Region One Product တွေလုပ်ရမယ်။ ဒေသအလိုက် ဒေသအလိုက်မှာ ခရိုင်ပေါင်း ၁၂၀ ကျော်ရှိတယ်။ ပစ္စည်းအမျိုးပေါင်း  ၁၂၀  ကျော်လောက်က  ကောင်းနေရမယ်” ဟူ၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

 


မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ   ဒေသအသီးသီးတွင်   ဒေသ ထွက်ကုန်များကို   အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများဆောင် ရွက်ပြီး    ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊    ပြည်တွင်း စီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သည့် အလားအလာကောင်းများ များစွာရှိသည်။  ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်မည့်  သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို  အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ   ဆောင်ရွက်နိုင်ရန်အတွက်  အခြေခံ အဆောက်အအုံများ၊  ရင်းနှီးမြှုပ်နှံမှုငွေကြေးများ၊ ထုတ်လုပ်မှု ဆိုင်ရာ  နည်းပညာများ၊  လောင်စာနှင့်  စွမ်းအင်များစသည့် လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရန် လိုအပ်သကဲ့သို့ တစ်ဖက် တွင်လည်း စုစည်းညီညွတ်စွာ ပူးပေါင်းလုပ်ကိုင်မှု၊ ဒေသထွက်ကုန် အပေါ်တွင်  ဆန်းသစ်တီထွင်  ဖန်တီးထုတ်လုပ်လိုမှုနှင့်  ဖွံ့ဖြိုး တိုးတက်လိုသည့် စိတ်ပိုင်းဆိုင်ရာတို့ကိုလည်း မြင့်မားစွာမြှင့်တင် ထားရှိကြရန် လိုအပ်မည်ဖြစ်သည်။

 


ဒေသတစ်ခု ထုတ်ကုန်တစ်ခု ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်မှု တွင်   ထုတ်လုပ်လိုက်သည့်   ကုန်ပစ္စည်းများသည်   ဒေသ၏ ဝိသေသလက္ခဏာများ ပါဝင်နေပြီး အရည်အသွေးကောင်းမွန်ကာ ဈေးကွက်၏ လိုအပ်ချက်နှင့် ကိုက်ညီမည်ဆိုပါက ရေရှည်တည်တံ့ သည့်  ကုန်ထုတ်လုပ်ငန်းများအဖြစ်  ရပ်တည်သွားနိုင်မည်ဖြစ် သည်။ မိမိတို့ ထုတ်လုပ်လိုက်သည့် ကုန်စည်များသည် ခေတ်နှင့် အညီ   တီထွင်ဆန်းသစ်မှုရှိရန်လိုအပ်သကဲ့သို့   ဈေးကွက်မြှင့် တင်ရေးကိုလည်း မျက်ခြည်မပြတ် ဆောင်ရွက်ပေးနေရန် လိုအပ် မည်ဖြစ်သည်။  ထို့ပြင် ထုတ်ကုန်ကို တစ်မယ်တည်းသာမကဘဲ ပြောင်းလွယ်ပြင်လွယ်  ထုတ်လုပ်နိုင်ပြီး  ဈေးကွက်ဝင်နိုင်မည့် ထုတ်ကုန်အမယ်အမျိုးမျိုးတို့ကို  ထုတ်လုပ်ခြင်းအားဖြင့် ပိုမို ကျယ်ပြန့်သည့်  ဈေးကွက်ကို ရရှိနိုင်မည်ဖြစ်သည်။  ဥပမာအား ဖြင့်  လုံချည်ရက်လုပ်နေသည့်လုပ်ငန်းမှ  လိုက်ကာ၊  စားပွဲခင်း၊ စောင် အစရှိသည့် အခြားထုတ်ကုန်များကိုပါ ထုတ်လုပ်သည့် နည်းလမ်းမျိုးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ကုန်ထုတ်လုပ်ငန်းများကို ထိုင်း၊ ဂျပန် အစရှိသည့် နိုင်ငံများတွင်လည်း လုပ်ကိုင်လျက်ရှိပြီး  ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကိုပါ ဆွဲဆောင်နိုင်စွမ်းရှိရာ ပြည်တွင်းစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် ကုန်ထုတ်လုပ်ငန်းအနေဖြင့်သာမက  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုပါ    အထောက်အကူပြုစေနိုင်မည့် ဒေသတစ်ခု     ထုတ်ကုန်တစ်ခု    ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အသီးသီးတို့တွင် အများအပြား ပေါ်ပေါက်ထွန်းကားလာကြပါစေကြောင်း။              ။