
တက္ကသိုလ်ပွင့်သူအောင်
နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအပေါ်တွင် များစွာ တည်မှီလျက်ရှိသည်။ ထိုအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုကို များစွာအထောက်အကူပြုနေသောလုပ်ငန်းမှာ ခရီးသွားလုပ်ငန်းပင်ဖြစ် သည်။ ခရီးသွားလုပ်ငန်းကို “မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း”ဟူ၍လည်း တင်စားခေါ်ဝေါ် လူသိများကြသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့အလုပ်အကိုင်များ၏ ၁၁ ပုံ ၁ ပုံ ရှိကြောင်း ခန့်မှန်းထားပြီး ခရီးသွားလုပ်ငန်းသည် အမျိုးသမီးများနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသတွင်သာမက ကျေးလက်ဒေသများတွင်လည်း ကျွမ်းကျင်အလုပ်သမားများနှင့် ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများအတွက်ပါ အလုပ်အကိုင် များ ဖန်တီးပေးနေကြောင်း သိရသည်။
အထူးသဖြင့် ခရီးသွားလုပ်ငန်းသည် ကမ္ဘာ တွင် ဓာတုပစ္စည်းနှင့်လောင်စာပြီးလျှင် တတိယ ဝင်ငွေအများဆုံး ရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်း ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံအများစု၏ ဝင်ငွေကို သဘာဝသယံဇာတပစ္စည်းများ ထုတ်ရောင်းစရာ မလိုဘဲ ခရီးသွားဧည့်သည်များ၏ လိုအင်ဆန္ဒ မှန်သရွေ့ကို အရည်အသွေးရှိသည့် ဆောင်ရွက် မှုများစွာနှင့် ဖြည့်ဆည်းပေးခြင်းဖြင့် ဝင်ငွေများစွာ ရှာဖွေပေးနိုင်သည်။
မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ သာယာလှပသည့် တောတောင်ရှုမျှော် ခင်းများ၊ ရေမြေသဘာဝသယံဇာတများ ပေါကြွယ်ဝ သော နိုင်ငံဖြစ်သည်။ ဤအရာများကလည်း ကမ္ဘာအရပ်ရပ်မှ ခရီးသွားများကို မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လည်ပတ်ရန် ဖိတ်ခေါ် လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည် မြန်မာ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၌ အကောင်းဆုံးလုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတများကို အခြေပြု၍ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT)များသည် အရေးပါလာသည်။
ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း
ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရေရှည်တည်တံ့ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ တန်ဖိုးအမွေအနှစ်နှင့် သဘာဝအရင်းအမြစ်များအား အကာအကွယ် ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံများ၏ လူနေမှုဘဝသာယာဝပြောရေးကို အကျိုးပြုနိုင်ပြီး ရပ်ရွာအဆင့်တွင် တည်ထောင် ထားရှိသည့် ဒေသခံများပိုင်ဆိုင်သော ကိုယ်တိုင် လည်ပတ်၊ စီမံဆွေးနွေးပါဝင်နိုင်သည့် ခရီးသွား လုပ်ငန်းကို ဆိုလိုခြင်းဖြစ်သည်ဟု အာဆီယံနိုင်ငံ များအကြား အဓိပ္ပာယ်သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက်ကို နေရာခြောက်နေရာ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထိုစီမံချက်၌ ရပ်ရွာလူထုပါဝင်နိုင်မှု၊ အဖွဲ့အစည်း နှင့် စွမ်းအင်မြှင့်တင်မှု၊ လုပ်ပိုင်ခွင့်ပေးမှုတို့သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း၌ လူမှုအဖွဲ့အစည်း များ ပါဝင်ဆောင်ရွက်ရေးမူဝါဒကို ၂၀၁၃ ခုနှစ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ရပ်ရွာ လူထုပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက် ကနဦး ခြောက်နေရာအဖြစ် ကချင်ပြည်နယ်၌ အင်းတော် ကြီးရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ မန္တလေးရှိ ဧရာဝတီလင်းပိုင်ကြည့်ရှုခြင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ် သံတောင်ကြီး ဒေသ၊ မကွေးတိုင်းဒေသကြီး မြိုင်ကျေးရွာနှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများ သို့ ခရီးသွားခြင်း စသည်တို့ပါဝင်ခဲ့သည်။
ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(CBT)တွင် ကနဦးအနေဖြင့် ပါဝင်ခဲ့သော ခြောက်နေရာအနက် မြိုင်မြို့နယ်ရှိ ကျေးရွာလေးရွာ၌ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစတင် ဆောင်ရွက်ခဲ့ရာ ပြည်ပခရီးသွား ၅၀၀ ကျော် လာရောက်ခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး၌ မင်းကွန်းနှင့် ကျောက်မြောင်းအကြား၌ရှိသော ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်းကုန်း၊ မြစ်ကမ်းကြီးနှင့် ဆည်သည်ကျေးရွာခြောက်ရွာတို့ သည် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို အကောင် အထည်ဖော်နိုင်စွမ်းရှိသည့် နေရာဒေသများပင် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် ဟု တင်စားခေါ်ဝေါ်ကြသော ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင်၌ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် တောင်ကုန်းတောင်စွယ်များ ရှိသည်။ တောင်ကုန်းများသည် ပေ ၃၀၀၀ မှ ၆၀၀၀ အတွင်းရှိသည့်အပြင် အမြင့်ဆုံးပေ ၈၀၀၀ ကျော် ရှိသော တောင်ကုန်းများရှိကာ တောင်များသည် မြောက်မှတောင်သို့ အပြိုင်သွယ်တန်းလျက်ရှိသည်။ မြစ်ချောင်းများသည်လည်း မြောက်မှ တောင်သို့ စီးဆင်းနေခြင်းမှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ ချင်းပြည်နယ်သည် သဘာဝအခြေခံခရီးသွားများ ကြိုက်နှစ်သက်သည့် ဒေသတစ်ခုဖြစ်ပြီး အထူး သဖြင့် ပြည်ပမှ ရုက္ခဗေဒပညာရှင်များ အများအပြား လာရောက်သော ဒေသတစ်ခုဖြစ်သည်။ ချင်း ပြည်နယ်သို့လာရောက်ပါက ပထမ ကမ္ဘာစစ်မတိုင်မီ နယ်ချဲ့ဗြိတိသျှတို့ကို တွန်းလှန်ခဲ့သော ရှာလ်လုမ်း ခံတပ်(Shallum Fort)၊ ပင်လယ်ရေပြင်အမြင့်ပေ ၇၅၀၀ ခန့်ရှိသော လေထန်ကုန်း၊ တီးတိန်မြို့နယ် ကပ်တဲလ်ရွာမှ အနောက်ဘက် ငါးမိုင်ခန့်အကွာ ရှိ လဲန်နူးပါးတောင် (Leen Nupa)ခေါ် တောင်လင်မယားတောင်၊ တစ်နှစ်တွင် ရေ အရောင်သုံးကြိမ် ပြောင်းလေ့ရှိသော အသည်း နှလုံးပုံ ရိဒ်ရေကန်၊ တီးတိန်မြို့ မွလ်တုဒ်အရပ်ရှိ ဇိုမီးချင်းတိုင်းရင်းသားများ၏ ရှောင်ရှောန်းစံပြ ယဉ်ကျေးမှုကျေးရွာ (Siang Sawn Village)အစ ရှိသည်တို့မှာ ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်း အကောင်အထည်ဖော်နိုင်သော နေရာများ ဖြစ်သည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော် ကြီးဒေသသည် ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန် အကောင်းဆုံးဒေသ ဆိုလျှင် မမှားပေ။ အင်းတော်ကြီးအိုင်အတွင်း လှေစီး၍ လှည့်လည်ကြည့်ရှုနိုင်ခြင်း၊ အင်းကမ်း ဘေး၌ရှိနေသော ရွှေတောင်သို့ ခြေကျင် တောင် တက်နိုင်ခြင်း၊ အင်းတော်ကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်းတွင် ဝင်ရောက် လေ့လာနိုင်ခြင်း၊ ငှက်များနှင့်မျောက်များကို ကြည့်ရှု ၍ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်ကို လေ့လာနိုင်ခြင်းစသည်တို့မှာ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ မှတ်တမ်း များအရ ၂၀၁၉ ခုနှစ်က အင်းတော်ကြီးဒေသသို့ ပြည်ပခရီးသွားဧည့်သည် တစ်သောင်းကျော် လာရောက်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် ရေးမြို့ နယ်အတွင်းရှိ ကဗျာဝ ပင်လယ်ကမ်းခြေ သည် ပင်လယ်ကမ်းခြေဒေသ အပန်းဖြေခရီးသွား လုပ်ငန်း နှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အတွက် များစွာအထောက်အကူပြုနိုင်သည်။ ဒေသခံတိုင်းရင်းသားများနေထိုင်သော ခြေတံရှည် ဆင်တူသည့် ရိုးရာအိမ်အမြင့်များသည် ပြည်ပခရီး သွားများသာမက ပြည်တွင်းခရီးသွားများကိုပါ ဆွဲဆောင်လျက်ရှိသည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုလင်းသစ်ဆိပ်ရှိ ပုလင်း ကမ်းသာယာဆင်စခန်း၊ ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာအနီးရှိ ဝါးနက်ဆင်စခန်း၊ မကွေးတိုင်းဒေသကြီး ရွှေစက်တော်သို့ သွားရာ လမ်းဘေးရှိ ရွှေစက်တော်ဆင်စခန်းများသည်လည်း ပြည်တွင်း ပြည်ပခရီးသွားများအတွက် စိတ်ဝင်စား ဖွယ်ဖြစ်စေမည့် စခန်းများ ဖြစ်သည်။
အရေးကြီးသော ကဏ္ဍတစ်ခု
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်းသည် အရေးကြီး သောကဏ္ဍတစ်ခုအဖြစ် ပါဝင်လာခဲ့သည်။ ခရီးသွား လုပ်ငန်းသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များ ဖွံ့ဖြိုးတိုးတက်မှုအတွက် သန်းပေါင်းများစွာ သော အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးနိုင်သည့်အပြင် သဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်း သား အသီးသီးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း များကို အနာဂတ်မျိုးဆက်သစ်များ လက်ဆင့်ကမ်း ခံစားနိုင်ရန်နှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် တွန်းအားတစ်ရပ်လည်း ဖြစ်သည်။ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်သော အချို့နိုင်ငံများတွင် ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေသည် နိုင်ငံ စီးပွားရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍ တစ်ရပ်ဖြစ်သည်သာမက ကမ္ဘာ့စီးပွားရေး၏ တတိယ အကြီးဆုံးပို့ကုန်ကဏ္ဍပင်ဖြစ်သည်။ ထို့အပြင် သဘာဝ မျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်း ရေးနှင့် လူသားများအတွက်နေရာသစ်များ၊ ယဉ် ကျေးမှုများနှင့်အတွေ့အကြုံသစ်များကို စူးစမ်း ရှာဖွေဖော်ထုတ်ရာ၌ ခရီးသွားလုပ်ငန်းကဏ္ဍသည် အရေးပါသည့်ကဏ္ဍတစ်ခု ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ခရီးသွားလုပ်ငန်း
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်မှု အပေါ်မူတည်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခရီးသွား လုပ်ငန်းများပြန်လည်စတင်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလဆန်းမှ စတင်ပိတ်သိမ်းထားခဲ့သည့် ခရီးစဉ် ဒေသများ၏ ၅၃ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အထူးသဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်၏ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ စစ်တမ်းကောက်ယူ ချက်အရ ၂၀၂၁ ခုနှစ်၌ နိုင်ငံတကာခရီးသွားလုပ်ငန်း၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်စတင်နိုင်မည်ဟု ခန့်မှန်း ထားပြီး ၂၀၂၃ ခုနှစ်၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါအခြေအနေ အပြည့်အဝထိန်းချုပ်နိုင်ပါက ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းပုံမှန်အခြေအနေ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ (United Nation World Tourism Organi- zation- UNWTO)သို့ ၂၀၁၂ ခုနှစ် ဇွန်လတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်။ ယင်းကဲ့သို့ အခမ်းအနားများ ကျင်းပခြင်းကြောင့် နိုင်ငံတော်၏ဝင်ငွေအများအပြား ရှာဖွေပေးနိုင်သည့် ခရီးသွားလုပ်ငန်းအပေါ် ပြည်သူလူထု၏ စိတ်ဝင် စားမှုကို ပိုမိုမြှင့်တင်ပေးခဲ့သည်သာမက စီးပွား ရေးအခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်း များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတ များကိုလည်း တိုးပွားလာစေခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ သက်ရောက်မှု ဆိုးကျိုးများစွာကို ပြန်လည်ကုစားနိုင်ရန် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အလားအလာကို ခန့်မှန်းကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ ၂၀၂၁-၂၀၂၅ (Myanmar Tourism Strategic Recovery Roadmap 2021-2025)ဖြင့် လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့ခြင်းအပေါ် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ တည်းခို နိုင်ရေးနှင့် ဝန်ဆောင်မှုရယူနိုင်ရေးတို့အတွက် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများအား Local, National နှင့် International အဆင့် (၃)ဆင့်ခွဲ၍ ကျန်းမာရေး နှင့်ညီညွတ်သော ဝန်ဆောင်မှုများ(Safe Services)ပေးအပ်ရေးနှင့် Certificate များ ထုတ်ပေးနိုင်ရန် Enchanting Myanmar Health and Safety Protocols ကိုပါ ရေးဆွဲဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာ တော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments