နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်စွမ်းအားမြင့်မားအောင် မြှင့်တင်

 

အရင်းရှင်စနစ်တွင်      စက်ယန္တရားများကို   အသုံးပြု၍ ကုန်ပစ္စည်းအမြောက်အမြား ထုတ်လုပ်လာနိုင်သည့် အချိန်မှ စ၍ ၁၉ ရာစု စက်မှုအရင်းရှင်နိုင်ငံများတွင် အလုပ်သမား လူတန်းစားပေါ်ပေါက်လာသည်။ ထိုခေတ်အရင်းရှင်တို့၏ မတော်မတရား    ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကြောင့် အလုပ်ချိန်လျှော့ချရေး၊   လုပ်ခလစာတိုးမြှင့်ပေးရေး  အစ ရှိသည့် အလုပ်သမားတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်မှု များသည် အမေရိကနှင့် အနောက်ဥရောပနိုင်ငံများတွင် ၁၉ ရာစုနှစ် အစောပိုင်းမှသည် ၁၉ ရာစုကုန်ပိုင်းအထိ အဆက် မပြတ်ဖြစ်ပေါ်ခဲ့သည်။    ဆိုရှယ်လစ်နှင့်   ကွန်မြူနစ်တို့၏ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင်   ၁၈၈၉   ၌   ကျင်းပခဲ့ရာ  အဆိုပါညီလာခံက နှစ်စဉ် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့အဖြစ် သတ်မှတ်ပေးခဲ့သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး တို့တွင် အလုပ်သမားနေ့ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီဖြစ်သည်။

 


ရာစုနှစ်များ ကုန်လွန်သွားပြီးနောက် နည်းပညာများ တိုးတက်ပြောင်းလဲမှုနှင့်အတူ မျက်မှောက်ကာလ အလုပ်ရှင် နှင့် အလုပ်သမားတို့၏ ဆက်ဆံရေးပုံစံမှာလည်း တိုးတက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အလုပ်သမားတို့၏ ကျွမ်းကျင်မှု နှင့် ကုန်ထုတ်လုပ်မှုအဆင့်အတန်းကိုလိုက်၍ လုပ်ခလစာနှင့် အခြားခံစားခွင့်များ၊ အလုပ်သမားအခွင့်အရေးများအတွက် ဥပဒေပြဋ္ဌာန်းချက်များ   ပီပီပြင်ပြင်ရှိလာသည်။  ၁၉  ရာစု အရင်းရှင်ခေတ်တွင် အရင်းရှင်နှင့် အလုပ်သမားတို့အကြား အကျိုးစီးပွားချင်း ဆန့်ကျင်ခြားနားသည့်အတွက် လူတန်းစား တိုက်ပွဲများ ရာစုနှစ်တစ်လျှောက်တွင် ပြင်းထန်ခဲ့သည်။ ၂၀ ရာစုနောက်ပိုင်းကာလတွင် အရင်းရှင်စနစ်သည် ဈေးကွက် စီးပွားရေးအသွင် ပြောင်းသွားသလို ကွန်မြူနစ်နှင့် ဆိုရှယ်လစ် တို့မှာလည်း စနစ်ဆက်လက်ရှင်သန်နိုင်ရေးအတွက် အိုင်ဒီယို လိုဂျီအပြောင်းအလဲလုပ်ခဲ့ရပြီး       ဈေးကွက်စီးပွားရေးကို လက်ခံခဲ့ကြရသည်။

 


ဈေးကွက်စီးပွားရေးစနစ်တွင် အလုပ်ရှင်နှင့် အလုပ်သမား တို့မှာ ရန်ဘက်များမဟုတ်ဘဲ အကျိုးတူစီးပွားဘက်များဖြစ်ကြ သည်။ အလုပ်ရှင်တို့က အရင်းအနှီးစိုက်ထုတ်ကြရပြီး အလုပ် သမားတို့က လုပ်အားကို စိုက်ထုတ်ကြရသည်။ မိမိတို့၏ လုပ်ငန်းရှင်သန်ရေး၊ ထုတ်ကုန်များ အောင်မြင်ရေးအတွက် အလုပ်ရှင်ရော အလုပ်သမားတို့ပါ ကြိုးပမ်းဆောင်ရွက်နိုင်ကြ မှ  ဈေးကွက်စီးပွားရေးစနစ်ထဲတွင်  ရေရှည်ရပ်တည်နိုင်ပြီး နှစ်ဦးနှစ်ဖက်   အကျိုးရှိနိုင်သည်။  ဤတွင်  ဂရုပြုကြရမည့် အချက်မှာ အလုပ်သမားလောကအတွင်း ထိုးဖောက်ဝင်ရောက် လာလေ့ရှိသည့်    ပြင်ပ   ပယောဂ  အနှောင့်အယှက်များပင် ဖြစ်သည်။    နိုင်ငံရေးရည်မှန်းချက်   တစ်စုံတစ်ရာအတွက် အလုပ်သမားထုကို  အသုံးချကာ  နိုင်ငံကို  မတည်မငြိမ် ဖြစ်အောင်၊ အစိုးရကို အနှောင့်အယှက်ဖြစ်အောင်၊ သိက္ခာကျ အောင်၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ မိမိတို့နိုင်ငံသို့ ဝင်ရောက် မလာဘဲ   အခြားနိုင်ငံသို့   ရောက်ရှိသွားအောင်  စသည်တို့ အတွက် အလုပ်သမားထု၏ အကျိုးကို လိုလားသယောင်ပြုကာ နောက်ကွယ်မှ မြှောက်ပင့်သွေးထိုး ကြိုးကိုင်ခိုင်းစေမှုများကို သတိပြုကြရန်ပင်ဖြစ်သည်။

 


မိမိတို့နိုင်ငံကို     ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ် မျှော်မှန်းတည်ဆောက်ကြရာတွင် အလုပ်သမားတို့၏ အခန်းကဏ္ဍမှာ    လွန်စွာအရေးပါသည်။        နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအားမြင့်မားအောင် မြှင့်တင်ကြရာတွင် နိုင်ငံတော်အစိုးရ၊    အလုပ်ရှင်နှင့် အလုပ်သမားတို့    လက်တွဲညီညာ    စုပေါင်းဆောင်ရွက်နိုင်ကြ ပါစေကြောင်း။      ။