နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းနှင့် ပြည်ပချေးငွေများအား စိစစ်သုံးသပ်ခြင်း

Type

    ဦးဝင်းသော် (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အကြောင်းအရာများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာခြင်း Foreign Direct Investment (FDI) သည်လည်း အရေးပါသောအချက်/ ကဏ္ဍတစ်ခုဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှုအား ဖိတ်ခေါ်ရာတွင် အခြေခံကျသောဆောက်လုပ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍများတွင် လာရောက်မြှုပ်နှံဖို့ လိုအပ်သလို အခြားသောကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသည်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းသည် နိုင်ငံတော် အတွက်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက၊   နိုင်ငံ၏   အခြေခံ အဆောက်အဦ တိုးတက်မှု၊ နည်းပညာအတွေ့အကြုံများ ရရှိမှုနှင့် အတူ ပြည်သူလူထုအတွက် အခြေခံကျသော အလုပ်အကိုင်အခွင့် အလမ်းပါ တစ်ပါတည်းပူးတွဲပါဝင်လာသည်ကို တွေ့ရှိရမည် ဖြစ်ပါ သည်။ ထိုရင်းနှီးမြှုပ်နှံမှုများအား လေ့လာဆန်းစစ်ရာတွင် ရာခိုင်နှုန်း တော်တော်များများသည် Cash (ငွေသား) ထက် in kind ( ငွေသား အစား တန်ဖိုးသင့်ထားသောပစ္စည်း)အား တန်ဖိုးသင့်၍ လာရောက် မြှုပ်နှံခြင်းက ပိုမိုနေသည်ကိုတွေ့ရမှာ ဖြစ်ပါသည်။


အကြောင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် အဓိက  လိုအပ်ချက်များ သည်  အခြေခံအဆောက်အဦများဖြစ်သော လမ်း၊ တံတား၊ စက်ရုံ၊ ဆက်သွယ်ရေးပစ္စည်း၊  လျှပ်စစ်ပစ္စည်းတို့  ဖြစ်သဖြင့်   ငွေသား လွှဲပြောင်းပေးပို့ပြီး ပစ္စည်းကို  ပြန်လည်မှာယူတင်သွင်းရခြင်းထက် ပစ္စည်းကိုတစ်ပါတည်း တင်သွင်းလာခြင်းက ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုမိုအဆင်ပြေမည် ဖြစ်ပါသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် အချို့သည် မူလမတည်ရင်းနှီးငွေ Capital အား အပြည့်အဝယူဆောင်ရင်းနှီးမြှုပ်နှံခြင်းဖြစ်သလို အချို့ မှာ လုပ်ငန်းလိုအပ်ချက်အတွက် မတည်ငွေတိုးမြှင့်ရန် ပြည်ပမှ ချေးငွေ ရယူခြင်းများလည်းရှိပါသည်။ ထိုချေးငွေအားလည်း ယခင်ရင်းနှီး မြှုပ်နှံမှုဝင်လာခြင်းနည်းတူ Cash (ငွေသား) in kind (ပစ္စည်း) စသည် ဖြင့် လုပ်ငန်းအမျိုးအစားအရ လည်းကောင်း၊  ရင်းနှီးမြှုပ်နှံသူအား ငွေချေးငှားသူ၏ ကတိကဝတ်အရလည်းကောင်း ကွဲပြားခြားနားသည် ကို တွေ့ရမည်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ  နိုင်ငံတော်၏  ဖွံ့ဖြိုး တိုးတက်ရေးလိုအပ်ချက်အရဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူ၏ အခြေအနေ လုပ်ကိုင်ခွင့်အရဖြစ်စေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မလွဲမသွေ ခွင့်ပြုရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအား ကြိမ်ဖန် များစွာ သုံးသပ်ပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ 


နိုင်ငံခြားငွေဆုံးရှုံး နစ်နာခြင်းများကြုံတွေ့နိုင်


ဥပမာအားဖြင့် A ကုမ္ပဏီသည် ချေးငွေသန်း(၁၀၀)ဖြင့် မော်တော် ယာဉ်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များကို ပြည်ပမှ  တင်သွင်းမည်ဆိုပါစို့။ ၎င်းချေးငွေကို  (၃) နှစ် သက်တမ်းပြည့်ပါက ပြန်လည်ပေးဆပ်ရမည်။ အဆိုပါချေးငွေသည် အတိုးမဲ့ဖြစ်သော်လည်း ပါဝင်သောပစ္စည်းတန်ဖိုးနှင့် အရည်အသွေး များကို သေချာစွာစိစစ်သုံးသပ်ရန် လိုအပ်ပါသည်။ ပြည်ပမှတင်သွင်း လာသောပစ္စည်းသည် အရည်အသွေးပြည့်မီမှုမရှိပါက နိုင်ငံတော် အနေဖြင့် အချိန်မတိုင်မီ ပျက်စီးဆုံးရှုံးမှုကြုံတွေ့ရမည်ဖြစ်ပါသည်။ သန်း(၁၀၀) ဖြင့် ချေးယူသော ပစ္စည်းတန်ဖိုးသည်  အမှန်တကယ် သန်း (၈၀) သာတန်မည်ဆိုပါက နိုင်ငံခြားငွေ သန်း(၂၀) သည် အပို ပြန်လည်ပေးရသဖြင့်  မိမိနိုင်ငံအတွက်  ပထမဆုံးသောနစ်နာမှု ဖြစ်ပါသည်။ ၎င်းပစ္စည်းသည် အရည်အသွေးပြည့်မီမှုမရှိခြင်း၊ အာမခံ ချက်မရှိခြင်း၊ အချိန်မတိုင်မီပျက်စီးမှုများဖြစ်ပါက (၃)နှစ် သက်တမ်း ပြည့်ပြီး ပြန်လည်ပေးဆပ်ချိန်တွင် တန်ရာတန်ကြေးမဟုတ်သော ပစ္စည်း သန်း (၁၀၀) အတွက် နိုင်ငံခြားငွေများပေးဆပ်ရခြင်းသည် နိုင်ငံတော်အနေဖြင့်  ဒုတိယအကြိမ်  နစ်နာမှုဖြစ်လာနိုင်ပါသည်။ ၎င်းပစ္စည်း (in kind) သည် ချေးငွေတန်ဖိုးထက် လျော့နည်းခြင်းရှိနေ ပါက နောက်ဆုံးချေးငွေပေးဆပ်ချိန်တွင် နိုင်ငံခြားငွေဆုံးရှုံး နစ်နာခြင်းများကြုံတွေ့နိုင်ပါသည်။ ပြည်ပမှ ချေးငွေရယူရန် ဆောင်ရွက် သည့်အခါ ပြည့်စုံမှုမရှိသော လက်ခံနိုင်ဖွယ်ရာမရှိသော အခြေအနေ မျိုး ကြုံတွေ့ရနိုင်ပါသည်။


သေချာစွာစိစစ်သုံးသပ်ရန် လိုအပ်


ဒုတိယပိုင်းအနေဖြင့် ပြည်ပချေးငွေရယူမှုအား တင်ပြရှင်းလင်း လိုပါသည်။ B ကုမ္ပဏီသည် ချေးငွေသန်း (၁၀၀) ရယူရာတွင် Cash 50 million နှင့် in kind 50 million ဖြစ်ပါသည်။ အတိုးနှုန်းမှာ (၄) ရာခိုင်နှုန်းဖြင့် (၅)နှစ် သက်တမ်းချေးငွေဖြစ်ပါသည်။ အဆိုပါကုမ္ပဏီ သည် သန်း(၁၀၀) အတွက် အတိုးပုံမှန်ပေးရမည်ဖြစ်ပြီး (၅)နှစ် ပြည့်ပါက ၎င်းချေးငွေအားလုံးကို ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါ သည်။ သို့ဖြစ်၍ စတင်ချေးငှားပြီး အချိန်စေ့ပါက အတိုးငွေအဖြစ် တစ်နှစ်လျှင် ဒေါ်လာ (၄)သန်း ပြည်ပသို့ ပြန်လည်ပေးပို့ရမည်ဖြစ်သဖြင့် စီမံကိန်း (Project) ပြီးဆုံးသည့် (၅)  နှစ်တာကာလအထိ    အမေရိကန် ဒေါ်လာသန်း (၂၀) အတိုးပေးရမည် ဖြစ်ပါသည်။ ဤနေရာတွင် အတိုး ပေးရမည့် ချေးငွေသန်း(၁၀၀) တွင် ပါဝင်သော in kind (ပစ္စည်း) သန်း (၅၀)အား သေချာစွာစိစစ်သုံးသပ်ရန် လိုအပ်ပါသည်။ in kind သန်း (၅၀)သည် သတ်မှတ်ထားသော ဒေသန္တရပေါက်ဈေးဖြစ်စေ၊ နိုင်ငံတကာ ရှိ  ပေါက်ဈေးဖြစ်စေ  သင့်လျော်သောအရည်အသွေးနှင့် တန်ဖိုးပြည့်မီ ခြင်း ရှိ/မရှိ စိစစ်ရန်လိုအပ်ပါမည်။ ထိုက်သင့်သောအရည်အသွေးနှင့် တန်ဖိုး ကိုက်ညီမှုမရှိသောပစ္စည်းအား စိစစ်နိုင်ခြင်းမရှိပါက နိုင်ငံတော် ၏ နိုင်ငံခြားငွေအား အလဟဿဆုံးရှုံးစေမည်ဖြစ်ပါသည်။ အကြောင်း မှာ သန်း (၅၀) မတန်သောပစ္စည်းအတွက် အတိုးပေးနေခြင်းသည် ပထမဆုံးနစ်နာမှု FE reserve ဆုံးရှုံးမှုဖြစ်ပါသည်။ သက်တမ်းကာလ ပြည့်၍ ပြန်လည်ပေးဆပ်သောအခါ in kind (ပစ္စည်း) သန်း (၅၀) အား ငွေသားဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။ ထိုအချိန်တွင် မူလက မိမိနိုင်ငံသို့ ချေးငွေအဖြစ် သန်း (၅၀)တန် ပစ္စည်း သည် သန်း(၃၀)သာ တန်မည်ဆိုပါက မိမိနိုင်ငံ၏ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ သန်း(၂၀)အား ပြည်ပသို့ အပိုလွှဲပေးရသော သဘောဖြစ်ပါသည်။ အဆိုပါ ဒေါ်လာ သန်း (၂၀) သည် မိမိနိုင်ငံအတွက်  ဒုတိယနစ်နာမှု ဖြစ်လာနိုင်ပါသည်။ ရယူသောချေးငွေသည် ပစ္စည်းဖြစ်ခြင်း၊ ၎င်းပစ္စည်းသည် ၎င်းတို့ ဖော်ပြ သော ချေးငွေတန်ဖိုးထက် လျော့နည်းခြင်းရှိနေပါက (တန်ဖိုးမစိစစ် နိုင်ပါက) အတိုးပေးသည့်ကာလမှစတင်၍ အလီလီနစ်နာ ခြင်းနှင့် နောက်ဆုံးပြန်လည် ပေးဆပ်ချိန်တွင် နစ်နာခြင်းတို့ကြုံတွေ့ရမည်ဖြစ် သည့်အပြင် အရည်အသွေးစံချိန်မမီသော၊ အာမခံချက်မရှိသောပစ္စည်း များဖြစ်ပါက သက်တမ်းမစေ့ခင် ဆုံးရှုံးပျက်စီးမှုကြောင့် တတိယ အကြိမ် ထပ်မံနစ်နာမည်ဖြစ်ပါသည်။


ပြည်ပချေးငွေရယူလိုခြင်းအား စိစစ်ခွင့်ပြုနိုင်


ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ ပြည်ပချေးငွေရယူလိုခြင်း အား  စိစစ်ခွင့်ပြုနိုင်ရန်  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ  (FEML)၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း (FEMR) အရ ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း(FEMR)စာပိုဒ် (၄၈)အရ “ပြည်တွင်း၌ နေထိုင်သူသည် ပြည်ပမှချေးငွေများ ရယူခြင်း သို့မဟုတ် ပြည်ပမှ အခြားနည်းလမ်းများဖြင့် ချေးခြင်း သို့မဟုတ်  ချေးငွေရယူ ခြင်းကဲ့သို့သော စာရွက်စာတမ်းအထောက်အထားတို့ကို ဆောင်ရွက် သည့်အခါတိုင်း ဗဟိုဘဏ်က အခါအားလျော်စွာထုတ်ပြန်သည့်   ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရယူရမည်။” ဟု ဖော်ပြထားသဖြင့် ဗဟိုဘဏ်၏ခွင့်ပြုချက်အား ရယူရမည်ဖြစ်ပါ သည်။ စာပိုဒ် (၄၉)အရ ချေးငွေစာချုပ်အား ပူးတွဲတင်ပြရန်နှင့် စာပိုဒ် (၅၀)အရ ရယူလိုသော ချေးငွေ၏ရည်ရွယ်ချက်နှင့် ပြန်လည်ပေးဆပ်မှု အစီအစဉ်အရ သင့်တော်သောအတိုးနှုန်းအား စာပိုဒ် (၅၁) တွင် ဖော်ပြထားပါသည်။ 


နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) ပုဒ်မ (၂၇)အရ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ရန်ပုံငွေများကို ယူဆောင်လာသည့်အခါတိုင်း ဗဟိုဘဏ်သို့ အထောက်အထားတို့ဖြင့် သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။ ယင်းအထောက်အထားများကို တင်ပြနိုင်ခြင်းမရှိပါက ပြည်ပသို့  ယင်းရန်ပုံငွေများ   ပြန်လည်လွှဲပို့ခြင်းကို   ခွင့်ပြုရန် ဗဟိုဘဏ်က ငြင်းပယ်နိုင်သည်။” ဟု ဖော်ပြထားသဖြင့် ဗဟိုဘဏ် ခွင့်ပြုချက်အား တင်ပြရယူထားခြင်းမရှိလျှင် အဆိုပါငွေလွှဲပို့မှုအား မြန်မာနိုင်ငံတော်၊ ဗဟိုဘဏ်အနေဖြင့် ခွင့်ပြုရန်ငြင်းပယ်နိုင်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်   ပြည်ပချေးငွေရယူမှုအား စိစစ်ရာတွင် မိမိနိုင်ငံအတွက် နိုင်ငံခြားငွေ ဝင်ငွေရလမ်းရှိသော လုပ်ငန်း ဖြစ်/မဖြစ်၊ နိုင်ငံခြားငွေ မဝင်ပါကလည်း ပြောင်းလဲလာနိုင် သော  exchange rate risk  အား မည်သို့ကာကွယ်ရန် ပြင်ဆင်ထားမှု ရှိ/မရှိ၊ ချေးငွေရယူသော ကုမ္ပဏီ၏ Financial Statement အရ ရရှိသောအမြတ်သည် ပေးရမည့်အတိုးနှုန်းကို ပေးဆပ်နိုင်စွမ်း ရှိ/မရှိ၊ အတိုးနှုန်းသည် သက်သာမှု ရှိ/မရှိ စသည့် ကန့်သတ်ချက်များဖြင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ 


အစိုးရကဏ္ဍတွင်မူ  စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောတူညီချက်ဖြင့် ပြည်ပချေးငွေ များရယူပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်ဆောင်ရွက်လျက် ရှိပါသည်။ အဓိကအားဖြင့် တင်ပြလိုသောအချက်မှာ ရင်းနှီးမြှုပ်နှံမှု အကူအညီပေးသည်ဖြစ်စေ၊  နှစ်ရှည်ချေးငွေဖြင့် အတိုးမဲ့ချေးငှားသည် ဖြစ်စေ ရာခိုင်နှုန်းတော်တော် များများသည် ငွေသားမပေးဘဲ ပစ္စည်းကိုသာ ယူရသောအနှောင်အဖွဲ့ အား ကြုံတွေ့ရမည် ဖြစ်ပါသည်။ အဆိုပါပစ္စည်းသည် မိမိနိုင်ငံ/ အဖွဲ့ အစည်းအနေဖြင့်  လက်ခံရာတွင်   မှန်ကန်သောတန်ဖိုးဖြစ်စေရေး၊ စံချိန်မီသော အရည်အသွေးရှိစေရေးနှင့် နိုင်ငံတော်အတွက်  နစ်နာဆုံးရှုံးမှုမဖြစ်စေရေးဆိုသော အချက် များကို အလေးထား၍ စဉ်းစား ဆုံးဖြတ်စေလိုခြင်း ဖြစ်ပါသည်။


သယံဇာတတူးဖော်ခြင်း


အချို့သောနေရာများတွင် ဝင်ရောက်လာသော  in kind  သည် စက်ပစ္စည်းများဖြစ်ပါမည်။ (ဥပမာ- မြေတူးစက်၊ မြေကော်စက်၊ မြေသယ်ယာဉ်) စသည်တို့ ဖြစ်ပါသည်။ မူလတင်ပြခဲ့သလိုပင် တန်ဖိုး အမှန်ဖြစ်ချင်ဖြစ်ပါမည် (သို့မဟုတ်) ပိုချင်ပိုပါမည်။ ယင်းစက်များ သည် မိမိနိုင်ငံအတွင်း သယံဇာတတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက် ပြီး စက်များမှာလည်း သက်တမ်းကုန်ခြင်း၊ ချွတ်ယွင်းခြင်း၊ ပျက်စီးခြင်း များအပြင် မိမိတို့သယံဇာတလည်း ကုန်ပါမည်။ ဂေဟစနစ်လည်း ပျက်စီးပါမည်။ Project ပြီးဆုံးလျှင် ရင်းနှီးငွေက in kind ဖြစ်သော် လည်း ပြန်လည်ပေးဆပ်ရာတွင် အမေရိကန်ဒေါ်လာ ငွေသားပေးရပြီး စက်များက infrastructure  အနေဖြင့်  ဆက်လက်သုံး၍  ရချင်မှ ရတော့မည် ဖြစ်ပါသည်။ (သို့မဟုတ်) အတိုင်းအတာတစ်ခု ပျက်စီး ချွတ်ယွင်းမည်ဖြစ်ပါသည်။


တန်ရာတန်ကြေးမဖြစ်လျှင် ဆုံးရှုံးနစ်နာ


သို့ဖြစ်ပါ၍ နိုင်ငံတော်က in kind အနေဖြင့်ယူလာပြီး ပြန်လည် ပေးဆပ်ရာတွင် နိုင်ငံခြားငွေဖြင့် ပေးချေရပါသည်။ မိမိလက်ခံရရှိ သော in kind သည် တန်ရာတန်ကြေးမဖြစ်လျှင် ဆုံးရှုံးနစ်နာပါမည်။ Project ပြီးဆုံး၍ ပစ္စည်းကျန်ခဲ့သော်လည်း ရာခိုင်နှုန်းပြည့် သုံးမရ တော့သည့်အပြင် Project က မိမိသယံဇာတများ လျော့ပါးဆုံးရှုံးခြင်း သာ အဖတ်တင်ပါမည်။ ထိုသို့သော လုပ်ငန်းများသည်  Foreign Direct Investment (FDI)  ဖြစ်သော်လည်း   မိမိနိုင်ငံအနေဖြင့် နိုင်ငံခြားငွေလည်း လျော့ပါးသွားပါမည်။  သယံဇာတလည်း  ဆုံးရှုံးပြီး  ပစ္စည်း လက်ကျန်က သုံးမရသောအခြေအနေမျိုး ဖြစ်တတ်ပါသည်။ မည်သို့ ပင်ဖြစ်စေ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေလိုသော စေတနာဖြင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်နေကြသည်ဖြစ်သော်ငြားလည်း စနစ်တကျစိစစ်နိုင်မှု၊   သုံးသပ်နိုင်မှုများ   ဖြည့်စွက်လုပ်ဆောင်မှသာ ရည်မှန်းချက်အပြည့်အဝအောင်မြင်ပြီး နိုင်ငံတော်အတွက် ဆုံးရှုံး နစ်နာမှုများ လျော့နည်းမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ သည်။