အတိတ်သမိုင်းကို ပြန်ကြည့်လျှင် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းမှုနှင့်အတူ ပြည်သူလူထု ကြားမှ ပေါက်ဖွားလာခြင်းဖြစ်သည်ကို တွေ့ရှိနိုင်သည်။ ဖက်ဆစ်တော်လှန်ရေး၊ အရင်းရှင်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးတို့တွင် ပြည်သူနှင့်အတူ လက်တွဲတွန်းလှန် ရုန်းကန်ကြိုးပမ်းခဲ့သလို နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နယ်ချဲ့ပယောဂဖြင့် ပေါ်ပေါက်လာသည့် ပြည်တွင်းသောင်းကျန်း မှုများကို ရှိသည့်အင်အား၊ ချို့ငဲ့သည့် လက်နက်ခဲယမ်း၊ စစ်ယာဉ်ယန္တရားများကိုစုစည်းကာ နိုင်ငံမပြိုကွဲအောင်၊ ရရှိပြီးစ လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးအောင် ပြန်လည် တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက်တွင် ပြည်တွင်း ပြည်ပရန်များကို ကာကွယ်ရန်အတွက် အသက်၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရခြင်းပင်ဖြစ်သည်။
မြန်မာ့တပ်မတော်သည် ပြည်သူလူထုကြားမှ ပေါက်ဖွား လာသည့်အတွက် ပြည်သူ့တပ်မတော်ဟု ခေါ်ဆိုအပ်သကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြင့် ပါဝင်ဖွဲ့စည်းထား ခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုတပ်မတော်ဟုလည်း ခေါ်ဆိုအပ်သည်။ ထို့ပြင် နိုင်ငံတော်တွင် ကြီးမားသည့် အရေးကိစ္စများ ပေါ်ပေါက်သည့်အခါတိုင်း စနစ်ကျခိုင်မာသည့် တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် ရပ်တည်ကာ နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သူ Guardian လည်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်၏ အဓိကတာဝန်သည် “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” ဖြစ်သည့်အလျောက် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်မှာ တပ်မတော်၏ အင်အားခိုင်မာ တောင့်တင်းနေရန် လိုအပ်သည်။
“တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် သမားရိုးကျစစ်ပွဲ ဆင်နွှဲနိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်လျက်ရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ရာ ပြည်ထောင်စုကြီး၏ တပ်မတော်ဖြစ်သော မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော် (Standard Army) တစ်ရပ်ဖြစ်လာအောင် ဖွဲ့စည်းတည်ဆောက်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးဖြစ်သည့် အလျောက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကိုယ်ရော စိတ်ပါ ပူးပေါင်းပါဝင်နိုင်ကြရန် လိုအပ်သည်။
လက်ရှိကာလသည် မိမိတို့နိုင်ငံအတွက် လွန်စွာအရေးကြီး သည့် အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရချိန်၊ ပြည်တွင်း ပြည်ပမှ အဖျက်အင်အားစုများက မိမိတို့နိုင်ငံကို အလုံးစုံ ပျက်သုဉ်းစေရန် မီးကုန် ယမ်းကုန် ကြိုးပမ်းနေချိန်၊ နိုင်ငံတော် တွင် တစ်ခုတည်းသော ခိုင်မာစနစ်ကျသည့် အဖွဲ့အစည်း (Institution) ဖြစ်သော တပ်မတော်နှင့် ပြည်သူလူထုကြား တွင် နည်းမျိုးစုံဖြင့် သွေးခွဲသပ်လျှိုနေချိန်ဖြစ်ရာ ပြည်ထောင်စု ချစ်စိတ်၊ မျိုးချစ်စိတ်ရှိသည့် နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူများအနေဖြင့် နိုင်ငံ၏ပကတိအခြေအနေတို့ကို ဉာဏ်ပညာဦးဆောင်သည့် ဆင်ခြင်တုံတရားဖြင့် မှန်ကန်စွာ ရှုမြင်သုံးသပ်ကြရန်နှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင် ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝများ မြင့်မား ရေးတို့အတွက် တပ်မတော်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရ ပါကြောင်း။ ။