
နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ မြန်မာသံရုံး ခုနစ်ရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး
===============================================================
နေပြည်တော် အောက်တိုဘာ ၆
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသောမြန်မာနိုင်ငံသားများသည် ယနေ့တွင် မြန်မာသံရုံး ခုနစ်ရုံး၌ ဆက်လက်ဆန္ဒမဲပေးခဲ့ကြရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၇၇၃ ဦး၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၀၊ နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ခုနစ်ဦး၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၇၀၀ ကျော်ခန့်၊ အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် နှစ်ဦး၊ ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၆၉ ဦးနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၄၁၈ ဦးတို့ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့် အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျလက်သန့် စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပို့ပေး ခြင်းတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင် များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိသည့် အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများပေးခဲ့ကြသည်။
ယနေ့တွင် နီပေါနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံ သားများ ကြိုတင်ဆန္ဒမဲပေးမှုပြီးဆုံးသဖြင့် စုစုပေါင်း ခုနစ်နိုင်ငံတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးမှုပြီးဆုံးခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ထားရှိသည့် နေ့ရက်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ပြုလုပ် လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် ဘရာဇီးနိုင်ငံ ဘရာဇီးလျားမြို့ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ လည်းကောင်း၊ အောက်တိုဘာ ၈ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ လည်းကောင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
သတင်းစဉ်