နိုင်ငံရေးအမျိုးမျိုး

Type


 

သခင်အောင်ဆန်း

 

ဤဆောင်းပါးများကို ရေးရမည်ဆိုလျှင် နိုင်ငံရေးဆိုသောစကားကို ပထမသုံးသပ်ရန်လိုသည်။ “ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး၊ ကြက်ဥအရောင်၊ တိမ်တောင် သဖွယ်၊  မင်းရေးကျယ်”   စသည်ဖြင့် ရှေးမြန်မာစာများတွင် ဖတ်ရ၏။ မှတ်ရ၏။ ကောင်းလည်းကောင်း၏။ ဆိုးလည်းဆိုး၏။ ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသောအဓိပ္ပာယ်၊ ကျယ်ဝန်းသောအဓိပ္ပာယ်၊ သိမ်မွေ့သောအဓိပ္ပာယ်တို့ကို ဆောင်၏။  ဆိုးပုံကား ကြားရသူများအား လမ်းစရှာမတွေ့စေဘဲ လူများ များ ဆိုင်းတွင် တီးလိုက်တိုင်း မြည်သည့်စည်ကဲ့သို့ ပညာရှိကြီးသဖွယ် လူများအထင်ကြီးအောင် ပြောကောင်းပြောလို့ရသည့် စကားလည်းဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အဖို့မှာ နိုင်ငံရေးအမျိုးမျိုးအကြောင်းကို မရေးခင် နိုင်ငံရေးဆိုသည့်အဓိပ္ပာယ်အကျယ်အဝန်း၊ အတိုင်းအတာကို စဉ်းစားမိ၏။ 
မြန်မာပြည်၏ နိုင်ငံရေးရာဇဝင်ကို  ပြန်ပြောင်း ၍ကြည့်လျှင် နိုင်ငံရေးဆိုသည်မှာ  ဘယ်လိုဟာမျိုး ဟု တပ်တပ်အပ်အပ်  မရှိသည်ကို  တွေ့ရ၏။ အမျိုး၊ ဘာသာ၊ ပညာ။      မြန်မာပြည်သည်     ဗမာများအဖို့ ဟုမ္မရူး၊  အင်ဒီပင်းဒင့်၊  ဘုံဝါဒ၊  ဝံသာနု၊ ဆင်းရဲသား စသဖြင့် မီးခိုးမဆုံး၊ မိုးမဆုံးပင်။ တောရွာဒေသများရှိ ဗမာအမျိုးသားတို့အတွက်မှာကား      တဘောင် စန်းဘဝေါတွေနှင့်  မင်းလောင်းတစ်ခါ      ပေါ်လိုက်၊ လိုက်လိုက်၊  ရှုံးလိုက်၊   အေးအေးနေလိုက်၊   တစ်ခါ ထပ်ပေါ်  တစ်ခါထပ်လိုက်၊   တစ်ခါထပ်ရှုံး၊  ဘုရား လက်သစ်တွေ၊ မှော်ဆရာတွေ၊ ပထမံဆရာတွေနှင့် သူတို့နိုင်ငံရေးမှာလည်း   လုံးလိုက်၊    ပြားလိုက်နှင့် ဖြစ်နေ၏။
နိုင်ငံရေးသည် အင်မတန်ညစ်ပတ်
လူငယ်လူရွယ်  စိတ်မြန်မြန်၊  ကိုယ်မြန်မြန်တွေ ကတော့လည်း  ခေတ်ကြီးအတင်းပြောင်းချင်သည့် စိတ်တွေမွှန်ပြီး ဘင်္ဂလားက သူပုန်တွေလို၊ အိုင်ယာ လန်က   နည်းတွေလို    ဒါတွေနှင့်  လွမ်းသူလွမ်း၊ ဆွေးသူဆွေးနေကြ၏။        ဦးဘဘေကြီးကတော့ နိုင်ငံရေးဆိုသည်  အင်မတန်ညစ်ပတ်တဲ့အလုပ်ဟု ဆို၏။  ဦးသိန်းမောင်ကြီးကတော့   ကုသိုလ်တစ်ပဲ သား ငရဲတစ်ပိဿာမို့ နိုင်ငံရေးကို မလုပ်တော့ဘူး။ ဦးစောကတော့   ဝါးရင်းတုတ်နှင့်   လူမိုက်အားကိုး လျက် စခန်းသွား၏။ ဒေါက်တာဗမော်ကလည်း တစ်မျိုး။ စတာလင်တို့၊  ဟစ်တလာတို့  အားကျသည် ဆို၏။ ဘယ်သင်းဘယ်လို  ဟုတ်သည်မှန်သည်ကို စဉ်းစားကြပါစို့။
ကျွန်တော့်အယူအဆတွင်ကား    နိုင်ငံရေးကို လောကဓာတ်ကြောင်းအရ မြင်မှ ထင်မှ ဟုတ်သည် ဟုထင်၏။ လောကဓာတ်ကြောင်း စဉ်းစားမှဖြစ်မည် ဟု တွေးထင်သည်နှင့်ပတ်သက်၍   လောကဓာတ် ဆိုတာ  ဘာကိုဆိုသည်၊   ဘယ်လိုအဓိပ္ပာယ်မျိုးနှင့် ရေးသည်ကိုလည်း နားလည်စေလို၏။ အင်္ဂလိပ်လို အားဖြင့် (ဆိုင်းယင့်စ်)  ဗမာလိုအားဖြင့် လောက ဓာတ်ဟု လူတို့ခေါ်ကြသည်မှာ ဘာကိုဆိုလိုသနည်း။ လောကရှိ  ဓာတ်အစုအဝေးအားလုံးကို   သရုပ်ခွဲပြ သည့်လောကဓာတ်၊ ပိုင်းခြားပြသည့် လောကဓာတ် ကား   အဘယ်ကပေါ်သနည်း။   အကြောင်းအကျိုး တည်းဟူသော တရားနှစ်ပါးမှပေါ်၏။ အကျိုးရှိလျှင် အကြောင်းရှိရမည်။ အကြောင်းရှိလျှင် အကျိုးပေါ်ရ မည်။ ဤကား လောကဓာတ်၏ အခြေခံတရားများ ဖြစ်၏။ ဤကား ဘုရားတရား၏အခြေခံများဖြစ်၏။
စူးစမ်းဆင်ခြင်တတ်သည့်ဉာဏ်၊ ထွင်းဖောက် နိုင်သည့်ဉာဏ်၊ နက်နဲသောဉာဏ် အစရှိသော ဉာဏ် အမျိုးမျိုးတို့ဖြင့်   ကမ္ဘာကြီး၏အလုံးစုံကို    အနုလုံ၊ ပဋိလုံရှု   ဆင်ခြင်သည့်အခါ     အကြောင်းအကျိုး အရင်းခံတရားနှစ်ပါးသာ         ထွက်လာပေ၏။ ထိုအကြောင်းအကျိုးနှစ်ပါးကို အခြေပြု၍ ဘုရား သခင်သည် ကမ္ဘာသူ   ကမ္ဘာသားတို့အား တရားပြခဲ့ ၏။  ထိုအကြောင်းအကျိုးနှစ်ပါးအရ လောကဓာတ် ဆရာကြီးများ၊  ပုရောဟိတ်များ၊   သုခမိန်အပေါင်း တို့သည် ကမ္ဘာ့ပညာအရပ်ရပ်တို့ကို  ဖြန့်ခဲ့ကြသည် မဟုတ်တုံလော။ သင်၏ရှေ့မှောက်၌ရှိသော စားပွဲ၊ ကုလားထိုင်၊ နာရီ၊ မင်အိုး၊ ကလောင်တံ၊ မော်တော် ကား၊ လေယာဉ်ပျံ၊ ဓာတ်မီး၊ ရေဒီယို အစရှိသည်တို့ မှာသည် လောကဓာတ်ပညာ၏ အစွမ်းကြောင့်ပင် ဖြစ်ခဲ့ပြီ   မဟုတ်လော။  သို့နိုင်ငံရေးတွင်လည်း အကြောင်းအကျိုးနှစ်ပါးကို အမှီပြု၍ တွေးမှ၊ ကြံမှ၊ လုပ်မှ၊ ကိုင်မှ၊ ပြောမှ၊ ဆိုမှဖြစ်ပေမည်။ အောင်ပေ မည်။ ဤကား ကျွန်တော်ယူဆပုံဖြစ်၏။
အင်္ဂလိပ်လိုအားဖြင့်   (ပေါ်လစ်တစ်)   ဆိုသော စကားသည်      အင်္ဂလိပ်စကားအစစ်မဟုတ်။ (ပေါ်လစ်တစ်)    ဆိုသောစကားမှာ     ဥရောပ တစ်တိုက်လုံးလို သိ၏။ (ပေါ်လစ်တစ်) ဆိုသော စကားမှာ ခေါမတိုင်း ခေါ်သော ဂရိပြည်မှ  စတင် ပေါ်ပေါက်လာ၏။ ခေါမစကား (ပိုလစ်တီ) ဆိုသော စကားမှ        ဆင်းသက်လာ၏။       အဓိပ္ပာယ်ကား လူများစုပေါင်းအုပ်ချုပ်မှုပင်  ဖြစ်၏။   ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာ   လူအဝန်းနှင့်   ပေါင်းသင်းဆက်ဆံအုပ်ချုပ်ရသောကိစ္စပင် ဖြစ်၏။ ထို့ကြောင့်    နိုင်ငံရေးကို     (ဆိုရှယ်ဆိုင်းယင့်စ်)၊   ပေါင်းသင်း ဆက်ဆံမှု   (လောကဓာတ်)   ပညာဟု    ယူဆရပေ မည်။ 
နိုင်ငံရေး၏အဓိပ္ပာယ်
ထိုလူလူချင်း         ပေါင်းသင်းဆက်ဆံမှုမှ ပေါ်ပေါက်သော ပြဿနာအရပ်ရပ်ကို အကြောင်းနှင့် အကျိုးတရားကို အမှီထား၍ ရှာဖွေစုံစမ်းစစ်ဆေး မေးမြန်း၊   ဝေဖန်ခွဲခြား    စီမံအုပ်ချုပ်မှုပင် ဖြစ်၏။ ဤကိစ္စကို အကျဉ်းအားဖြင့် နိုင်ငံရေးဝါဒအတိုင်း တစ်နိုင်ငံလုံးအရေးဟု ယူကြ၏။ သို့သော် ယခုအခါ နိုင်ငံရေး၏အဓိပ္ပာယ်မှာ တစ်နိုင်ငံ၊ တစ်တိုင်းပြည် လောက်ကိစ္စသာ မဟုတ်တော့။  တစ်ကမ္ဘာလုံးကိစ္စ ဖြစ်လာ၏။ နိုင်ငံရေးပေါ်ခါစ ခေါမ၊ ရောမတိုင်း။ ထိုအခါများ၌ကား နိုင်ငံရေးသည် “စိတီစတိတ်” ခေါ်သော မြို့ကြီးတစ်မြို့စာသာရှိ၏။ ထို့နောက် ကျယ်၍ကျယ်၍လာရာ   ယခုအခါကား    ကမ္ဘာနှင့် အဝန်းအထိသို့ပင် ဖြစ်လေပြီ။ ထို့ကြောင့် နိုင်ငံရေး ဆို၍   မိမိနိုင်ငံကလေးတွင်ချည်း   ထင်သလိုလုပ်၍ မဖြစ်နိုင်တော့ချေ။ ဥဒါဟရုဏ်တွေ၊ ပြယုဂ်တွေပြနေ ဖို့မလို ရှင်းပြီဟု ယူဆ၏။
အထက်၌ဖော်ပြခဲ့သော  နိုင်ငံရေး၏သဘော ကို အကျယ်ဋီကာဖွင့်ရလျှင် ကုန်နိုင်ဖွယ်မရှိ၊ သို့ရာ တွင်  ပိုမိုထင်မြင်သဘောပေါက်စေခြင်းငှာ  သရုပ် ထပ်၍ ဆောင်ပြဦးအံ့။
နိုင်ငံရေးသည်   လူမှု၊    သူမှုကိစ္စအားလုံးပင် ဖြစ်၏။ လူဟူ၍  ကမ္ဘာတွင် ဖြစ်လာသည့်အခါမှစ၍ လူ၏အတန်းအစားအလျောက် လူလိုနေ၊ လူလိုဝတ်၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်လာ၏။ လူလို လုပ်ချင်လာ၏။   လူလိုလုပ်ရန်    ကြိုးစားလာ၏။ အထမြောက်လာ၏။ ပိုမိုကျယ်ပြောလာ၏။ လူနှင့် တိရစ္ဆာန် ကွဲပြားမှုမှာ လူကထွင်တတ်သည့်အစွမ်း၊ မြင်တတ်သည့်အရည်အချင်း     ရှိခြင်းပင်ဖြစ်၏။ ထိုအရည်အစွမ်းမှာ အသိဉာဏ်ပင်ဖြစ်၏။ ထိုလူ၏ အသိဉာဏ်ဖြင့်         လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရာ၌      ပိုမိုများပြားရှုပ်ထွေးလာ သောအခါ      နိုင်ငံရေးတည်းဟူသော    လူ့ပင်မတရား ပေါ်ပေါက်လာ၏။   ဥပမာကား  ဂဏန်းသင်္ချာတွင် အပေါင်းအနုတ်က       အမြှောက်အစားတက်၊ အမြှောက်အစားက  ဘုံသုံးကိန်းတို့   ဘုံညီတိုင်းသို့ တစ်ဆင့်တက်၊ ဤသို့ တက်၍တက်၍ သွားသည့် အခါ ရိုးရိုးဂဏန်းမှ ဆန်းဆန်း၊ ဆန်းဆန်းမှ ရှုပ်ရှုပ် ဖြစ်လာသကဲ့သို့ပင် ထိုအတိုင်း အက္ခရာသင်္ချာ အစ ရှိသဖြင့် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်၏။ အမြှောက် အစားသည် အပေါင်းအနုတ်မှ တစ်ဆင့်တက်လာ ခြင်းဖြစ်သကဲ့သို့၊ အမြှောက်သည် အပေါင်းများစွာ လုပ်ရသည်ကို အလွယ်နည်း၊ ပိုမိုကောင်းသောနည်း ဖြစ်သကဲ့သို့ အစားသည်  အနုတ်များစွာ လုပ်နေရ သည့်ကိစ္စကို  ပြုပြင်သကဲ့သို့၊ လူမှုကိစ္စများလည်း ဗမာ့အယူအရ ပဒေသာပင်ခေတ်မှ သမ္မတမင်းခေတ် (အစိုးရပေါ်သည့်ခေတ်)  တည်းဟူသော   နိုင်ငံရေး ဘဝရောက်လာ၏။  တခြားဆရာတွေ အယူအဆမူ ကား လူရိုင်းမှ လူယဉ်ခေတ်ရောက်လာသည့်အခါ နိုင်ငံရေးပေါ်သည်ဟုဆို၏။     မည်သို့ပင်ဖြစ်စေ တူသောအချက်ကား  လူမှု၊   သူမှုကိစ္စများ  ထွေပြား နက်နဲလာသည့်အခါ   လူတစ်ဦးတည်း၊   တစ်အိမ် ထောင်တည်း၊   တစ်မျိုးတည်း၊ တစ်ဘာသာတည်း၊ တစ်နိုင်ငံတည်း   ဆိုသည့်ကိစ္စမျိုး     မရှိတော့ဘဲ တစ်ဆင့်ထက်တစ်ဆင့် တက်လာ၏။ ထိုလူ့အဆင့် အတန်းမှ     နိုင်ငံရေးတည်းဟူသော    ပင်မသည် ပေါ်လာ၏။
ဒီမိုကရေစီမှာ နိုင်ငံရေး၏အရင်းခံ
ပေါ်လာပုံကား    လူတွေက    များလွန်း၍၊ ပြဿနာတွေက ရှုပ်လွန်း၍၊ လူချင်းညှိလို့ မရလွန်း ၍၊  တစ်ယောက်ယောက်  စည်းမဲ့ကမ်းမဲ့ ဖြစ်လာ၍ အစိုးရဟု ပေါ်ပေါက်လာ၏။ ထိုအစိုးရကား လူတွေ ကအသီးသီး   သူ့နေရာသူ   သူတို့အားလုံးအကျိုး အတွက်  တင်လိုက်၍ ဖြစ်ရ၏။   လူများက  သူတို့ အတွက်  ဘေးရန်ကာကွယ်ပေးနိုင်ပါစေ၊    အငြင်း အခုံများ ဖျန်ဖြေပေးနိုင်ပါစေ၊ အစားအသောက် အဝတ် အနေမှန်ပါစေဆို၍  အစိုးရကို  ချီးမြှောက် ကြ၏။ ဝိုင်းဝန်းကြ၏၊  ကူညီကြ၏။  တူညီပုံကား လိုသမျှ  လုပ်နိုင်အောင်   အခွန်ပေးကြ၏။    အစိုးရ စကားကို လိုက်နာကြ၏။  အစိုးရကလည်း   ရသည့် အခွန်ကို   တိုင်းသူပြည်သားများအတွက်    ပြန်သုံး ရ၏။   တိုင်းသူပြည်သားများ     ကောင်းကျိုးအတွက် အများလိုက်နာရန် ဥပဒေတွေထုတ်၊ ဥပဒေမနာခံ သူတွေကို   အထိုက်အလျောက်    စီရင်ပေးရ၏။ အမှန်စင်စစ်မှာ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်မှုဟုခေါ် သော    ဒီမိုကရေစီဆိုသည်မှာ   နိုင်ငံရေး၏အရင်းခံ သဘောပင်ဖြစ်၏။   နိုင်ငံရေး၏   မဖောက်မပြန် မှန်ကန်သော    ပရမတ်တရားဖြစ်၏။        သို့သော် နက်နက်နဲနဲ တွေးရှုသည့်အခါ အမှန်မှာ ဒီမိုကရေစီ ဟူ၍ မရှိလှသေး။
အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရား မစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင် လျှင်   အစိုးရရှိတော့မည်မဟုတ်။   ဤကား ဗမာ့ ကျမ်းဂန်တွေ၌ပင် ရှိ၏။
လူတွေ တရားမစောင့်နိုင်သည့်အကြောင်းမှာ လည်း လောဘတရားကြောင့်ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိကပစ္စည်း  ပေါ်လာသဖြင့် ငါ့ဟာ၊   ငါ့အိမ်၊   ငါ့ခြံ   စသဖြင့် ငါတည်းဟူသော “သက္ကာယဒိဋ္ဌိ” အရင်းခံသည့် လောဘ၊ ထိုလောဘ ကြောင့်ဖြစ်သော  ဒေါသ၊    ထိုဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ ၏။
ထိုအခါ လူများမှာ အကျိုးချင်းမတူဘဲ ဖြစ်လာ ၏။  မတူသောအကျိုးများကြောင့် အချင်းဖြစ်ရ၏။ သို့ဖြစ်ရကား   အကျိုးခံစားရသော   လူတစ်စုသည် မိမိတို့အကျိုး မပျက်မပျောက်စိမ့်သောငှာ  “ကဲ ... မင်းတို့    ငါတို့    ဒီလိုချည်း   တစ်ဦးကိုတစ်ဦး တိုက်ခိုက်၊ သတ်ဖြတ်၊ ငြင်းခုံ၊ လုယက်နေလို့ မဖြစ် ဘူး။ နိုင်ငံရေးထွင်ကြစို့၊  အစိုးရထောင်ကြစို့။  သူက ငါတို့ကို  အုပ်ချုပ်ပေတော့။  သူ့ကိုငါတို့ကဘယ်လို ကူညီကြ”    ဆို၍    အကျိုးခံစားခွင့်ရှိသူများက အကျိုးခံစားခွင့်   မရှိသူများကို လှည့်စား၍ သူတို့ ကိုယ်စား အစိုးရတွေ၊ ဘာတွေနှင့် အေးအေးချမ်းချမ်း စားပေါက်ထွင်ကြကုန်၏။
“လှည့်စားသည်”  ဆိုသည်မှာ   အကျိုးခံစား ရသူများ ကိုယ်တိုင်က သိပြီး လှည့်စားခြင်းမဟုတ်။ သူတို့၏ လောဘစေတသိက်၏ မြှောက်ပင့်မှုကြောင့် 
အမှန်ကတော့ လူတွေအချင်းများတာဟာ  ငါတို့ လောဘကြောင့်၊ ငါတို့သက္ကာယဒိဋ္ဌိကြောင့်၊  ဘုံ ပစ္စည်းကို ပုဂ္ဂလိကပစ္စည်းသို့ ပြောင်းလဲမှုကြောင့် ဟု  မသိဘဲ မောဟတရားနှင့် လောဘတရားအလိုကို လိုက်ခြင်းပင်ဖြစ်၏။         အကျိုးခံစားခွင့်နည်းသူ များမှာလည်း ထိုအခါ ဆိုးရွားသောအခြေအနေကို မရိပ်မိသေး၍ “အေး . . . ကောင်းသားပဲ။ နှစ်ဦး နှစ်ဖက် အကျိုးပဲ။ ကောင်းတာလုပ်ကြကွာ။ အစိုးရ ဆိုတာ ကောင်းသားပဲ။ မင်းတို့ ငါတို့က တင်လိုက် တာပဲ။ သမာသမတ်နှင့်သူက တို့ကြားဖြန့်လိမ့် မဟေ့”ဟု ယောင်ဝါးလိုက်ကြကုန်၏။   
ဗမာစာတွင်ကား အစိုးရဟူ၍သာ နိုင်ငံရေး စကားရှိ၏။ “အစိုးရဆိုသည်မှာ ဆယ်အိမ်ခေါင်းက အစ ရှင်ဘုရင်အထိ အုပ်ချုပ်သူများကိုသာ သိကြ ၏။”   အစိုးရသည်     ပြည်သူ၏ကိုယ်စားလှယ်၊ ပြည်သူ၏ဆန္ဒအရ ဖြစ်သည်ဆိုသော သဘောမှာ “ကြာလေပျောက်လေ” ဖြစ်လာ၏။ အစိုးရသည် ပြည်သူနှင့် အလှမ်းကွာနေ၏။ လူတို့စိတ်တွင် သူ့ အရိုးနှင့်   သူ့အမျိုးမှ  ဖြစ်နိုင်သည်ဟု    ထင်မှတ် ကြ၏။
ဤကား... စသည့် လူတွေတုန်းက နားလည် မှုမျိုးမဟုတ်တော့။   စ . . . သည့်က    အစိုးရတို့ အကျိုးခံစားရသော  အတန်းအစားက မစားရသော အတန်းအစားကို သူမသိ ငါမသိ လှည့်ပတ်လိုက် သည့် အလိမ်မှာ သေသေချာချာကြည့်လျှင် ပေါ်ပေ မည်။ သို့သော်လည်း ကြီးမားလှသော  မောဟတရား ဖုံးလွှမ်းနေသူတို့မှာ အကျိုးခံစားရသော   အတန်း အစား၏ အလွန်သိမ်မွေ့သော   (ဝါ)    ကိုယ်ကျိုး လှုံ့ဆော်၍၊ စေ့ဆော်၍ သူတို့ကိုယ်တိုင် လှည့်မှန်း မသိ  လှည့်လာသောနည်းစနစ်ကြောင့် အလိမ်ခံ ရမှန်းမသိနိုင်တော့။
အကျိုးခံစားရသည့်  မင်း၊   သူဌေး၊    သူကြွယ် တို့မှာလည်း “တို့ကုသိုလ်ကြောင့်” ဟု    ပြောလာ၏။ အကျိုးခံစားရသည့် သူများကလည်း  “ခင်ဗျားတို့ ကုသိုလ်ကြောင့်မဟုတ်ဘဲ ခင်ဗျားတို့က  စီမံလာတဲ့ အဓမ္မစနစ်ကြောင့်” ဟု မသိဘဲ၊  ငါတို့ ကံကြောင့် ဟု ထင်လာ၏။
ဗမာတွင်ကား အစိုးရဆိုသည့် နိုင်ငံရေးစကား သာရှိသဖြင့် အစိုးရမဟုတ်သည့် တိုင်းသူပြည်သား များမှာ အကြောင်းသေချာစွာ  မသိပင်  မသိလင့် ကစား အစိုးရဆိုတာ သူတို့မဟုတ်ဟုကား   သိကြ မည်ပင်ဖြစ်၏။ 
အင်္ဂလိပ်အလိုတွင်ကား     ဟိုရှေးက အရင်းခံ သဘောကို တကယ်ပဲလက်စွဲရှိသေးသလို၊ “စတိတ်”   ဟုခေါ်သော အစိုးရရော၊  တိုင်းသူပြည်သားတွေ ပါဖြစ်သည်။   တိုင်းဟူသော    နိုင်ငံရေးစကားပင် ရှိပေ၏။    တခြားအကြီးအကျယ်စကားတွေလည်း ရှိသေး၏။
သို့သော်လည်း        “စတိတ်”     ဆိုတာဟာ နိုင်ငံရေးအဘိဓမ္မာဆရာကြီးအကြောင်းနှင့် အကျိုး ယှဉ်တဲ့ ဘုံဝါဒဆရာကြီး ကားလ်မတ်(စ်) အလိုအရ ကား အုပ်ချုပ်ရသည့် အတန်းအစား၏ အမှုဆောင် အဖွဲ့ပါပဲ။ မထူးခြားပေ။  ခွေးကို အောင်နက်ကနေပြီး မောင်စိန်ဟု ပြောင်းခေါ်သလိုပင်။
အတိတ်ဆိုတဲ့ တန်ခိုးအာဏာကိရိယာကြီး
ဤသို့လျှင်   လူတွေပေါ်လာပြီး  လူကိစ္စတွေ ထွေလာတော့       နိုင်ငံရေးဆိုတာဖြစ်လာ၏။ “စတိတ်”    နိုင်ငံရေး  အဆောက်အအုံကြီး ဖြစ်လာ တော့၊ အမှန်မှာတော့  အတန်းအစားက တစ်တန်း တစ်စားအထိ အုပ်စိုးချုပ်ချယ်ဖို့စနစ်   အရင်းခံပင် ဖြစ်လေသည်။ သို့ပင်ဖြစ်လာသော်လည်း မောဟ တွေ ဖုံးနေတဲ့ ဤလောကကြီးမှာ လူတွေအများဟာ မမြင်နိုင်၊   မသိနိုင်လွန်းတော့ “စတိတ်”ဆိုတာကိုပဲ အကောင်းချည်း    ထင်ကြတယ်။   ထင်ကြတော့ ဒီစတိတ်ဆိုတဲ့     တန်ခိုးအာဏာကိရိယာကြီးကို သူ့အတန်းအစားလက်က    ကိုယ့်အတန်းအစား လက်ရောက်အောင်  ကိုယ့်အတန်းအစား    အကျိုး အတွက်      လုယူလာလိုက်တာ  ယခုအခါဆိုလျှင်   လူတစ်ဦးက တစ်ဦး၊  တစ်တန်းစားက တစ်တန်းစား  နှိမ်ရုံတင်   မဟုတ်ဘဲ  တစ်တိုင်းပြည်က တစ်တိုင်း ပြည် နှိမ်၍လာ၏။
ထို့ကြောင့်  ဗမာပြည်မှာဆိုလျှင်   အုပ်စိုးကြတဲ့ လူများရဲ့ နိုင်ငံရေးကတစ်မျိုး၊ နယ်ချဲ့စနစ်ဆိုတာကို အမှီပြုနေ၏။   အုပ်စိုးခံရသည့်   ဗမာလူမျိုးတွေ၏ နိုင်ငံရေးကတစ်မျိုး၊   လွတ်လပ်ရေး  အခြေခံထား လျက် ရှိချေ၏။
လွတ်လပ်ရေး     လိုချင်တယ်ဆိုတာမှာလည်း ဗမာလူမျိုးတွေ       ငတ်ငတ်ပြတ်ပြတ်နေရတာက ဝဝလင်လင်   စားချင်လို့၊    ကုသိုလ်လုပ်ချင်လို့ပင် ဖြစ်လေသည်။
ထို့ကြောင့်  နိုင်ငံရေးတွင်  သူ့အကျိုးသူ့အမြင် နှင့်  ဝါဒတွေ     မိုးမွှန်နေခြင်းပင်။   တချို့ကတော့ “ဝါဒ” ဆိုတာမလိုပါဘူး။ မြန်မာပြည် မြန်မာပြန်ရပြီး မြန်မာ့အကျိုးဆောင်ရွက်လျှင်          ပြီးတာပဲဟု    ပြောကြ၏။      ပြောကြတဲ့   လူတွေကိုယ်တိုင်က သူတို့ရဲ့အကျိုး၊   သူတို့ အမြင်အရ ဖြစ်တဲ့ဝါဒကို ဟောနေမှန်း၊ လုပ်နေမှန်း မသိကြပေ။ သိလျှင်လည်း လိမ်ခြင်းပင်ဖြစ်၏။  ဝါဒအကြောင်း  နောက်အခန်း များတွင် ရေးဦးမည်။
ဤကား နိုင်ငံရေး၏သဘောကို အကြောင်းနှင့် အကျိုးယှဉ်၍တွေးပုံပင်ဖြစ်၏။  ထို့ကြောင့်ပင် ဤ နည်းအရဖြစ်သော နိုင်ငံရေးအစစ်မှာ တဘောင်စနည်း တွေ ရွတ်ရသည့်နိုင်ငံရေးတုများလို မလွယ်ပေ။
တိုင်းပြည်ကောင်းစားအောင်    အပြောကား လွယ်၏။ အလုပ်ကား ခက်၏။  ဥပမာ “ဆင်းရဲသား တွေ လယ်မဲ့နေတယ်။  လယ်ရအောင် လုပ်ပေးမယ် ဆိုလျှင်    ပထမမြန်မာပြည်မှာ    ဘယ်နှယောက် လယ်မဲ့နေတာကို    သိရမည်။ ဒုတိယ သိသလောက်   လူတွေကိုပေးစရာမြေ  ရှိ၊ မရှိ။ ရှိပြန်လျှင်လည်း ဘယ်လို လုပ်၍  ဘယ်လောက်စီ ဝေပေးရမည်ကို သိရမည်”။ 
သစ်တောထွင်၍   မြေရအောင်    လုပ်မလား။ ချစ်တီးတွေ    လက်ထဲကပဲ      အတင်းလုမလား။ လုပါပြီတဲ့    ချစ်တီးတွေ    မရှိလို့   လယ်သမားတွေ လယ်စိုက်ဖို့၊ ပျိုးနုတ်ဖို့၊  လယ်စရိတ်တွေ   မရှိလျှင် ဘယ်သူကပေးမလဲ။          လယ်တွေဖွံ့ဖြိုးအောင် ခေတ်သစ်နည်းတွေနဲ့လုပ်ဖို့           ဘယ်သူတွေက ဘာသင်ပေးမလဲ။ ဘယ်လိုကိရိယာမျိုး၊ ဘယ်ကကူ မလဲ၊ ဝယ်ယူမလား။   နိုင်ငံခြားက  လယ်ယာစိုက်ပျိုး ရေးအတတ် ကျွမ်းကျင်တဲ့လူတွေ  ခေါ်ယူမလား။
သည်လိုဆိုလျှင်     ငွေတွေ   တက်တက်စင်ကုန် မည်။    ကုန်လျှင်   ဘယ်ကရမလဲ။   တိုင်းပြည်က   ရတဲ့ အခွန်တွေက  များလွန်းလို့ မလောက်ဘူးတဲ့။ ဘယ်က ချေးမလဲ။ မြန်မာတွေဆီကလား။ နိုင်ငံခြား အစိုးရတွေနှင့်     မဟာမိတ်လုပ်ပြီး   သူတို့ဆီက ချေးမလား။     ချေးတယ်ဆိုရင်ပဲ    အလကားရမှာ မဟုတ်။     သည်က   သူတို့လိုချင်တဲ့   စီးပွားရေး၊  နိုင်ငံရေးအချက်အလက်     တွေပေးရလိမ့်မယ်။ ဤကဲ့သို့    တစ်မျှော်တစ်ခေါ်ကြီး    စဉ်းစားရ၏။ ငှက်ပျောသီး နွှာစားသလို မလွယ်။ 
ရုရှားပြည်မှာ     သူပုန်ကြီးပြီးစက   စက်မှု လက်မှုလုပ်ငန်းတွေကို    ကိုယ်ပိုင်လုပ်ငန်းတွေ အဖြစ် မဟုတ်ဘဲ    ဘုံလုပ်ငန်းအဖြစ်  လုပ်ချင် သော်လည်း ချက်ချင်းလုပ်ရန် အရင်းအနှီးမရှိ၊ အခြား အကြောင်းများလည်းရှိသဖြင့် နိုင်ငံခြားမှ အရင်းအနှီးတွေခေါ်ပြီး   လုပ်ကြရ၏။    ဤကား  တကယ့် နိုင်ငံရေးပင်ဖြစ်၏။
အကြောင်းနှင့်  အကျိုးမှန်သည့်    နိုင်ငံရေးပင် ဖြစ်၏။    နဖူးတွေ့၊   ဒူးတွေ့ အထည်ကိုယ်ဒြပ်နှင့် နိုင်ငံရေးဖြစ်၏။   ဂါထာမန္တရားတွေ    မန်းလို့ရတဲ့  နိုင်ငံရေးကတော့ဖြင့် စာအုပ်ထဲတွင်သာ  ဖတ်ရ ဖူး၏။
နိုင်ငံရေးသည် လောကီရေးဖြစ်၏ 
ယင်းသို့ဆိုလျှင်     နိုင်ငံရေးသဘောတရားကို ဖော်ပြရာ၌  ဦးဘဘေကြီးပြောသလို  “ညစ်ပတ် တဲ့ အလုပ်လား”   ဆိုသည့်   မေးခွန်းကိုလည်း ဖြေလို၏။  ဦးသိန်းမောင်ကြီးကတော့  ဝန်ခံသွား ရှာပြီ။ ညစ်ပတ်တယ်တဲ့    “သူကတော့    မလုပ် ချင်”    ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ထင်၏။    ယခုတော့    ဆွဲချခေါ်တဲ့   ရှေ့နေချုပ်ကြီး ဖြစ်နေ တယ်။  အမှန်မှာ  နိုင်ငံရေးသည် လောကီရေး ပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက် ကြောင်း တရားမဟုတ်။ သို့သော် လည်း    လောကီရှိမှလည်း   လောကုတ်ရှိနိုင်၏။         လောကုတ်ရှိမှလည်း လောကီတည်နိုင်၏။  အူမတောင့်မှ သီလစောင့် နိုင်၏။ 
ထို့ကြောင့်    နိုင်ငံရေးကား   ပင်မပင်တည်း။ သူ့ကို    လက်လွှတ်၍မဖြစ်။ အားလုံးနှင့်ဆိုင်၏။ လောကီရေးဖြစ်သော်လည်း ညစ်ပတ်သည့် အလုပ် ဟု လုံးလုံးမဆိုသာ။ ပရဟိတအတွက်ဟူ၍ နိုင်ငံရေးတွင်   ပြောဆိုသည့်   စကားပင်လျှင် လူတို့၏    တိုးတက်လိုသော       မွန်မြတ်သည့် စိတ်ထားကို ပြခြင်းပင် ဖြစ်ပေ၏။ လူ၏ထူးခြား ချက်မှာလည်း    မိမိတို့၏    အကျိုးစီးပွားကို         တိုးတက်အောင်           ကြံဆောင်တတ်သော        အသိဉာဏ်ပင်ဖြစ်၏။ ထိုအသိဉာဏ်ရှိ၍သာ ဘာသာတရားတွေ     ဘာတွေ   ပေါ်ပေါက်ပြီး လူတွေရဲ့ စိတ်ချမ်းသာမှု၊ ကိုယ့်စိတ်ချမ်းသာမှုကို ရှာဖွေနေခြင်း မဟုတ်ပါလော။
လူတွေသည်    ပြုပြင်လို့ရ၏။   ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ      ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီး တစ်ရပ်ပင်ဖြစ်၏။ ထိုတရားကား . . . လောကနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို့ကြောင့်    အဘယ်မှာလျှင်   ညစ်ပတ်ရပေမည် နည်း။    ။
ဒဂုန်မဂ္ဂဇင်း 
          ၁၉၄၀၊ စက်တင်ဘာ၊ အောက်တိုဘာ