နိုင်ငံသားအခွင့်အရေးအတွက် ကိုယ်စီတာဝန်ကျေပွန်ဖို့လို

 

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်တစ်ခု ကိုင်ဆောင်ထားကြရမည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် နေထိုင်သော နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သက်သေခံအ‌ထောက် အထားတစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားအရည်အချင်းနှင့် ပြည့်စုံသော နိုင်ငံသားတစ်ဦးအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ဒီမို ကရေစီစနစ်ကို  ကျင့်သုံးသော  နိုင်ငံတစ်ခု၏  နိုင်ငံသားတစ်ဦး အနေဖြင့် ခိုင်မာသောအထောက်အထားတစ်ခုကို ကိုင်ဆောင်ထား ခြင်းက စည်းကမ်းနှင့်အညီ နေထိုင်ခြင်းလည်းဖြစ်သည်။


ပြီးခဲ့သည့်   ၂၀၂၀   ပြည့်နှစ်   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်  မှတ်ပုံတင်မရှိဘဲ   မဲပေးခဲ့ကြသူအရေအတွက်  ၄ ဒသမ ၈၇ သန်းရှိခဲ့ရာ နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲ အဖို့ ကြီးမားလှစွာသော ချို့ယွင်းချက်ဖြစ်သည်။ နိုင်ငံသား အရည် အချင်းပြည့်မီသည့် နိုင်ငံသားတစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ စသည့် သက်သေခံ ကတ်တစ်ခုခုကို  ဥပဒေနှင့်အညီ  ကိုင်ဆောင်ထားရမည်ဖြစ်သလို မိသားစုတစ်စုအနေဖြင့်လည်း အိမ်ထောင်စုလူဦးရေ စာရင်းတစ်ခု ရှိရမည်ဖြစ်သည်။  မိမိကို မွေးဖွားရာဇာတိတွင် နေထိုင်သူဖြစ်စေ၊ ရေကြည်ရာ  မြက်နုရာ   ရွှေ့ပြောင်းနေထိုင်သူဖြစ်စေ   နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့က ခိုင်မာသော အထောက်အထားများအဖြစ် လက်ဝယ်ရှိနေကြရမည်ဖြစ်သည်။ သို့ရာတွင် အကြောင်းကြောင်းတို့ကြောင့် မည်သည့်အထောက်အထား မျှမရှိဘဲ    နေထိုင်နေကြသူများ   များစွာရှိနေကြသည်။   ရုံးပြင် ကနားသွားရမည်ကို  ကြောက်ရွံ့သောကြောင့်၊ ရုံးလုပ်ငန်းစဉ်များကို နားမလည်၍   ရှုပ်ထွေးနေသည်ဟု   ထင်မြင်ယူဆမှုတို့ကြောင့်၊ လိုအပ်သည့် စာရွက်စာတမ်းများ မပြည့်စုံခြင်းကြောင့်၊ ဝန်ထမ်း အချို့၏  အများပြည်သူနှင့်  ဆက်ဆံရေးအားနည်းချက်ကြောင့် စသည်ဖြင့်   အကြောင်းများစွာတို့ကြောင့်   မည်သည့်ကတ်ပြား၊ သက်သေခံအထောက်အထားကိုမျှ  ကိုင်ဆောင်ခြင်း  မရှိကြသူများကို တွေ့ရခြင်းဖြစ်သည်။


“နိုင်ငံသားအားလုံး      နိုင်ငံသား     မှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စုဇယားများရရှိရန် အရေးကြီးကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှုပေါင်း ၁၁   သန်းကျော်ရှိသည့်အနက်  မှတ်ပုံတင်မရှိဘဲ   ဆန္ဒမဲပေးခဲ့သူ လေးသန်းကျော်ခန့်ရှိကြောင်း၊  ဒီမိုကရေစီစနစ်တွင်  အထွေထွေ ရွေးကောက်ပွဲသည် အရေးကြီးပြီး Free and Fair ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပြီး    နိုင်ငံသားမှတ်ပုံတင်    ကတ်ပြားများရရှိရေး၊ အိမ်ထောင်စုစာရင်းများ  မှန်ကန်ရေး၊  လူဦးရေစာရင်း  မှန်ကန်ရေး တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ လူဦးရေထူထပ်သလို လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည့် ဒေသကြီးအတွင်းရှိ ပြည်သူများ အားလုံး   နိုင်ငံသားစိစစ်ရေးကတ်ပြားများ  အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးကြရန်နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသားအရည်အချင်းပြည့်မီသည့် နိုင်ငံသားအားလုံး နိုင်ငံသား စိစစ်ရေးကတ်ပြားများ    အမြန်ဆုံးရရှိရေး     အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်ရန်လည်း တာဝန်ရှိသူများနှင့် နိုင်ငံသားပြည်သူ များက ကြိုးပမ်းကြဖို့လိုသည်။


ပန်းခင်းစီမံချက်သည် ပြီးခဲ့သည့် မေလက စတင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ပြီးစီးရမည်ဖြစ်ရာ ကျန်ရှိကာလအတွင်း ဆောင်ရွက်ရမည့်   လုပ်ငန်းပမာဏ    ပြီးမြောက်ရန်လိုအပ်မည် ဖြစ်သည့်အလျောက်    အများပြည်သူ  လက်တွဲကူကြရန်လိုသည်။ ပန်းခင်းစီမံချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆီသို့ ဦးတည်ထားခြင်းဖြစ်ရာ ဒီမိုကရေစီ နိုင်ငံသားပီသစွာဖြင့်    နိုင်ငံသားစိစစ်ရေးကတ်   ကိုင်ဆောင်ကာ နိုင်ငံသားအခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုယ်စီ တာဝန်ကျေပွန်နိုင်ကြပါစေကြောင်း။       ။