
ကျိုင်းတုံ ဩဂုတ် ၇
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံး ဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များက ကျိုင်းတုံလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကျိုင်းတုံမြို့ ဓမ္မောဒယ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ဓမ္မောဒယ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နန္ဒမေဓာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို ပြီး ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်းကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကျိုင်းတုံမြို့ ပါလျှံတံခါးသို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး နောင်တုံကန် ရေသွင်းခြင်းလုပ်ငန်း၊ ကန်သာယာလှပရေး လုပ်ငန်း၊ ကန်ပတ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားမှုနှင့် ကျိုင်းတုံမြို့ ဒေသဖွံ့ဖြိုးမှု အခြေအနေအား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ကျိုင်းတုံမြို့ Amazing Kengtong Resort သို့ ရောက်ရှိကြပြီး ညအိပ်ရပ်နားကြသည်။
သတင်းစဉ်