နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း(၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်း(၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

=================================================================================

 

နေပြည်တော် နိုဝင်ဘာ ၅

 

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်ချက်ဓာတ်ပုံမှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဩဂုတ်လအတွင်းက စာအုပ်မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ခဲ့ပါ ကြောင်း၊   ထိုစာအုပ်မိတ်ဆက်ပွဲတွင်   အစိုးရစတင်တာဝန် ယူသည့် ရက် ၁၀၀ အတွင်းဆောင်ရွက်မှုများ၊  အစိုးရ၏ ပထမတစ်နှစ်တာ၊ ဒုတိယ တစ်နှစ်တာ၊ တတိယ တစ်နှစ်တာ၊  နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေးဆောင်ရွက် ချက်များ၊ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ၊ ခရီးစဉ်မှတ်တမ်းများ စသည်ဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်မှတ်တမ်းများကို ပြုစုထားသည့်   စုစုပေါင်း စာအုပ် ၁၇ အုပ်ကို မိတ်ဆက်ဖြန့်ချိခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့မိတ်ဆက်သည့် ဓာတ်ပုံ မှတ်တမ်းစာအုပ်မှာ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း(၂၀၁၆-၂၀၂၀)ဖြစ်ပြီး  ဓာတ်ပုံများဖြင့် အသားပေး ဖော်ပြထားသည့် စာအုပ်ဖြစ်ပါကြောင်း၊ ပုံတစ်ပုံသည် စကားလုံးတစ်ထောင်နှင့် ညီမျှသည်ဆိုသည့် စကား အတိုင်းပင် စာများကိုအများကြီးဖော်ပြမထားဘဲ ပုံစာတိုတို ဖြင့်သာ ဖော်ပြထားပါကြောင်း။

 

ယခင်အကြိမ် မိတ်ဆက်ဖြန့်ချိခဲ့သည့် မှတ်တမ်းစာအုပ် ၁၇ အုပ်မှာ မိမိတို့ ဝန်ကြီးဌာနရှိ ဌာနပေါင်းစုံက စုပေါင်းပြုစု ခဲ့ခြင်းဖြစ်ပြီး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက စုစည်း၍ စာအုပ်ထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု ဓာတ်ပုံ မှတ်တမ်းစာအုပ်မှာမူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ၎င်းတို့၏ စိတ်ကူးစိတ်သန်းဖြင့် တင်ပြ ဆောင်ရွက်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးကလည်း ဝိုင်းဝန်းကူညီခဲ့ကြပါ ကြောင်း၊ ဓာတ်ပုံမှတ်တမ်းစာအုပ်တွင် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ခဲ့မှုများကို   ကဏ္ဍအလိုက် ခွဲခြားတင်ပြသည့် ပုံစံဖြင့်၊ ကဏ္ဍ ၁၀ ခုဖြင့် ဖော်ပြထားပါကြောင်း၊ ၎င်းတို့မှာ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ စီးပွားရေးဆိုင်ရာကဏ္ဍ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများအသိပညာ မြင့်မားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍဆိုသည့်ကဏ္ဍ များဖြစ်ပါကြောင်း၊  ယခုမှတ်တမ်းစာအုပ်တွင် စာမျက်နှာ စုစုပေါင်း ၄၀၀ ပါဝင်ပြီး ဓာတ်ပုံပေါင်း ၉၉၅ ပုံ ပါဝင်ပါကြောင်း။   

 

ယခုစာအုပ်မျိုး နောက်တစ်အုပ်ထုတ်ဝေရန်  စတင် ပြင်ဆင်နေပြီး ထိုစာအုပ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပါဝင်မည်ဖြစ်ပါကြောင်း၊ ယင်းစာအုပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအကုန် မတ်လအစောပိုင်းတွင် ဖြန့်ချိနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဓာတ်ပုံမှတ်တမ်းစာအုပ်များကို ဥပဒေပြုရေးမဏ္ဍိုင်ကိုယ်စား ပြည်သူ့လွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးတင်ဝင်းအောင် ထံသို့ လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုယ်စား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံထံသို့ လည်းကောင်း၊ တရားစီရင်ရေး မဏ္ဍိုင်ကိုယ်စား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုထွန်းထံသို့ လည်းကောင်း ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဓာတ်ပုံမှတ်တမ်းစာအုပ်များကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုယ်စား တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ လုပ်ငန်းကော်မတီအတွင်းရေးမှူး  ဒုတိယဗိုလ်မှူးကြီးအောင်ကိုသွင်ထံသို့ လည်းကောင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စောနန်းနွယ်ထံသို့ လည်းကောင်း၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါ်မြဦးထံသို့ လည်းကောင်း ပေးအပ်သည်။

 

ယင်းနောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများ ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က နိုင်ငံတော်အစိုးရ သည် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ တိုးတက်မှု၏ အသီးအပွင့်၊  အခွင့်အလမ်းများကို နယ်ပယ် အသီးသီး အညီအမျှ ရရှိခံစားနိုင်ရေးကို ရည်မှန်းချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်သည့်ကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် တိုးတက်မှုရရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ပါကြောင်း။

ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက် မှုများသည် သိသာထင်ရှားသည့် အောင်မြင်မှုများ၊ မမြင်တွေ့ နိုင်သည့်အောင်မြင်မှုများနှင့် စိန်ခေါ်မှု များ၊ ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ငါးနှစ်တာကာလအတွင်း ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ပြန်ကြားရေးဝန်ကြီးဌာနက နှစ်စဉ်စုစည်း၍ မှတ်တမ်းစာအုပ်ထုတ်ဝေနိုင်ခဲ့ပါကြောင်း။

 

ယနေ့ မိတ်ဆက်ဖြန့်ချိသည့် ဓာတ်ပုံမှတ်တမ်းစာအုပ် တွင် ကဏ္ဍအလိုက် ဆောင်ရွက်မှု ဓာတ်ပုံများအား စုစည်း ဖော်ပြထားသည်ကို တွေ့မြင်ရပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်များ မှတ်တမ်းစာအုပ်များနှင့်အတူ ယခုလိုဓာတ်ပုံမှတ်တမ်းစာအုပ်ကို ပြုစုထုတ်ဝေနိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ကြည်နူးမိပါကြောင်း၊ ပုံလေးတစ်ပုံ သည် စကားလုံးပေါင်း ထောင်နှင့်ချီဖော်ပြသည့် အဓိပ္ပာယ် သက်ရောက်သလို ယခု မိတ်ဆက်သည့်စာအုပ်တွင် ဓာတ်ပုံပေါင်းများစွာ ပါဝင်သဖြင့် ပြည်သူ့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို စကားလုံးပေါင်းသိန်းသန်းချီ၍ ဖော်ပြရာရောက်ပါကြောင်း မုဒိတာစကားပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေးဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်းစာအုပ် Viedo Clip ကို ပြသခဲ့ပြီး စာအုပ် မိတ်ဆက်ပွဲကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်