နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြား

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြား

================================================================

 

နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ ညနေ ၄ နာရီတွင် သတင်းမီဒီယာများနှင့် နိုင်ငံတော်သမ္မတအိမ်တော် Press Briefing Room ၌ Physical Distancing သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေး

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၁၁၉ အရ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းဟာ ယင်း လွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပတဲ့နေ့ရက်ကစပြီး (၅)နှစ် ဖြစ်ပါတယ်။ ပုဒ်မ ၁၅၁ အရ အမျိုးသားလွှတ်တော်ရဲ့ သက်တမ်းဟာ ပြည်သူ့လွှတ်တော်သက်တမ်းအတိုင်းပဲ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၂၃ အရ ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်း တစ်ရပ်စတင်တဲ့ ပထမအကြိမ်ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကို (၃၁-၁-၂၀၁၁) ရက်မှာ စတင်ကျင်းပခဲ့တဲ့အတွက် (၃၀-၁-၂၀၁၆)ရက်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို (၈-၁၁-၂၀၁၅)ရက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကို (၁-၂-၂၀၁၆)ရက်မှာ စတင် ကျင်းပခဲ့ကာ (၃၁-၁-၂၀၂၁)ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲကို (၈-၁၁-၂၀၂၀)ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတာက တတိယ အကြိမ် လွှတ်တော်ရဲ့ ပထမပုံမှန် အစည်းအဝေးကို ဒုတိယအကြိမ်လွှတ်တော်ရဲ့ သက်တမ်းကုန်ဆုံးမယ့် (၃၁-၁-၂၀၂၁)ရက်နဲ့ ချိတ်ဆက်မိစေဖို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကနေ ရက်ပေါင်း (၉၀) အတွင်းမှာ တတိယ အကြိမ်လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေး ခေါ်ယူရမှာ ဖြစ်ပါတယ်။

“တတိယအကြိမ် လွှတ်တော်ရဲ့ သက်တမ်းဟာ (၁-၂-၂၀၂၁)ရက်မှာ စတင် ရမှာ ဖြစ်တဲ့အတွက် ဘယ်နေ့ဘယ်ရက်မှာ လွှတ်တော်စတင်ကျင်းပမှာ ဖြစ် ကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ခေါ်ယူခြင်းကို သက်ဆိုင်ရာ လွှတ်တော် တွေကနေ ဥပဒေ၊ နည်းဥပဒေအရ လွှတ်တော် မစတင်မီ (၂၁)ရက် ကြိုတင်ပြီး အမိန့်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့် တတိယအကြိမ်လွှတ်တော် အနေနဲ့ ပြည်သူ့လွှတ်တော်ဟာ (၁-၂-၂၀၂၁)ရက်မှာ စကိုစရမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကို ပြည်သူ့လွှတ်တော်စပြီး (၇)ရက်အတွင်း စတင်ကျင်းပ ရပါမယ်။ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်စပြီး (၁၅)ရက်အတွင်း စတင်ကျင်းပရမှာ ဖြစ်ပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာထုတ်ပေးဖို့ (၁၂)ရက် ကြာတယ်။ ပြည်သူ့လွှတ်တော် အစည်း အဝေးခေါ်ဖို့အချိန်က (၂၁)ရက်၊ ဒီတော့ (၃၃)ရက် အချိန်ယူရမှာ ဖြစ်တာကို တွေ့ရှိရပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းရရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ မေးကြည့်ပါတယ်။ မေးကြည့်တော့ ပြောင်းလိုက်တဲ့ နေ့ရက်မှာ အသက် (၁၈)နှစ်ပြည့်မယ့် မဲဆန္ဒရှင် စာရင်းနဲ့ပတ်သက်တဲ့ လုပ်ငန်း စဉ်တွေကို ကြည့်ရင် မဲစာရင်းတွေ ရပ်/ကျေးက ကောက်ယူမယ်၊ ပြီးရင် ဥပဒေပါ သတ်မှတ်ချက်တွေနဲ့ ညီညွတ်ခြင်း ရှိ-မရှိ လဝက က စိစစ်မယ်၊ စိစစ်ပြီး ရွေး/ကော်ကို အတည်ပြုချက်ပေးမယ်။ လဝက က စိစစ်လာတဲ့စာရင်းကို မဲစာရင်းမှာ ထည့်မယ်။ ဒီလို မဲစာရင်းဖြစ်ဖို့ ကောက်ယူတာ၊ စိစစ်တာ၊ မဲစာရင်းထည့်တာ အနည်းဆုံး ရက်(၂၀)ကြာပါတယ်။ ဒါက အမြန်ဆုံးနှုန်းထားကို ပြောတာဖြစ်ပြီး လူဦးရေ များရင်များသလို ပိုပြီး ကြာနိုင်ပါတယ်။ ပြီးရင် မဲစာရင်းကို ထုတ်ပြန် ကြေညာပေးတဲ့အခါ ဥပဒေ၊ နည်းဥပဒေအရ ရက်ပေါင်း (၁၄)ရက် ကြေညာထား ရမှာဖြစ်ပါတယ်။ ကန့်ကွက်တာ၊ မပါလို့ လျှောက်ထားတာ ဒါတွေကို (၇)ရက် အတွင်း လုပ်ပေးရပါတယ်။ ကန့်ကွက်တဲ့ကိစ္စ၊ လျှောက်ထားတဲ့ ကိစ္စတွေကို မကျေနပ်ရင် ရပ်ကျေးကနေ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို အယူခံတက်ဖို့က အချိန်(၃)ရက် ပေးထားပါတယ်။ ဒီတော့ မဲစာရင်းအသစ်တိုးလာတာနဲ့ ပတ်သက် ပြီး စုစုပေါင်း (၄၄)ရက် အချိန်ယူရမှာ ဖြစ်ပါတယ်။ ဒါက အမြန်ဆုံးနှုန်းနဲ့ တွက် ထားတဲ့ အချိန်လိုအပ်ချက်ဖြစ်ပါတယ်။

“ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာ လွှဲပြောင်းတာ က (၁၂)ရက်၊ လွှတ်တော်အစည်းအဝေးခေါ်ဖို့အချိန်က (၂၁)ရက်၊ ရွှေ့မယ်ဆို အနည်းဆုံး လိုအပ်ချက်က (၄၄)ရက်၊ ဆိုတော့ စုစုပေါင်း (၇၇)ရက်၊ နှစ်လခွဲကျော် အချိန် အနည်းဆုံး လိုအပ်ပါတယ်။

ရွှေ့ဆိုင်းရေးတိုက်တွန်းမှုများ

“ဒီကြားထဲမှာလည်း ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းပေးဖို့ ပြောဆိုတာတွေ၊ ထုတ်ပြန်တာတွေ၊ တိုက်တွန်းတာတွေ ကြားသိရပါတယ်။ ဒါပေမယ့် အခုလို Election Process အရ ကြားမှာ အနည်းဆုံး (၂)လခွဲ အချိန် လိုအပ်ချက် ရှိနေတဲ့အတွက် ရွှေ့ဆိုင်းဖို့ဆိုတာ ကော်မရှင်အနေနဲ့ အင်မတန်မှ ခက်ခဲတယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ နောက်တစ်ချက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေး အခြေအနေတွေကိုလည်း ထည့်သွင်းပြီး ခြုံငုံ သုံးသပ်ခဲ့ရတာဖြစ်ပါတယ်။

“COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ စတင်ခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်း ကစပြီး နိုဝင်ဘာလ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း အနည်းဆုံး နိုင်ငံပေါင်း ၈၀မှာ ရွေးကောက်ပွဲ၊ လူထုဆန္ဒခံယူပွဲတွေ ကျင်းပဖို့ လျာထားဆုံးဖြတ်ထားခဲ့တာ တွေ့ရှိရပါတယ်။ ဒီထဲကမှ နိုင်ငံပေါင်း ၆၂ နိုင်ငံမှာ မူလဆုံးဖြတ်လျာထားတဲ့အတိုင်း ကျင်းပခဲ့ကြတာ တွေ့ရှိရပါတယ်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို အကြောင်း ပြုပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံက ရွှေ့ဆိုင်းဖို့ စဉ်းစားဆောင်ရွက်ခဲ့ကြပေမယ့် ဒီ ၃၉ နိုင်ငံမှာ ၂၂ နိုင်ငံက ဆက်လက်ကျင်းပခဲ့တာ တွေ့ရှိရပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ စဉ်းစားသုံးသပ်တဲ့အခါမှာ COVID-19 ကူးစက်မှု ပြည်တွင်း အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ရတာ ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်အထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ခံရလို့ ရောဂါပိုးတွေ့ ရှိသူ ၂၉၉ ဦး၊ သေဆုံးသူ စုစုပေါင်း ခြောက်ဦးရှိခဲ့တာ တွေ့နိုင်ပါလိမ့်မယ်။ ဒီနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို ဇူလိုင်လ (၁)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“တစ်ဆက်တည်းမှာပဲ အစိုးရအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးတဲ့ ပြည်သူ တွေ လုံခြုံစိတ်ချ ဘေးကင်းစွာ မဲပေးနိုင်ဖို့ နည်းလမ်းအမျိုးမျိုး စဉ်းစား ဆောင်ရွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေး ကျင်းပတော့မယ့် အချိန်မှာလည်း (၂၁) ရာစုပင်လုံ ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ တိုက်တွန်းမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ တိုက်တွန်းတဲ့သူတွေရဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေကို နားလည် ပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။ ဒီလို စိုးရိမ်ပူပန်မှုတွေ မရှိရလေအောင် အထူးတလည် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ညီလာခံကိုယ်စားလှယ် ၇၀၀ ကို သုံးပုံတစ်ပုံ လျှော့ချခဲ့ပါတယ်။ လေ့လာသူတွေ၊ အထူးဧည့်သည်တွေ တက်ရောက်ခွင့်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ် ရေးအတွက် ကျန်းမာရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ကျင်းပ နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို နိုင်ငံရေးအရ အနှစ်သာရပြည့်ဝပြီး ၂၀၂၀ အလွန် ဆက်လက်ပုံဖော်မယ့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ သဘော တူညီချက်တွေ ရရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကာလမှာပဲ ရောဂါကူးစက်မှု အထူးပြုကာကွယ်နိုင်ခဲ့သလို ခက်ခဲလှတဲ့ သဘောတူညီချက်တွေလည်း ရရှိခဲ့တဲ့ အတွက် အောင်မြင်တဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ရပါတယ်။

“နောက်တစ်ခုက COVID-19 ကပ်ရောဂါရဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ COVID-19 ကူးစက်မှုအခြေအနေဟာ အခုနောက်ပိုင်း လျော့ကျ လာတယ်ဆိုပေမယ့် ပေါ့လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ လည်း Second Wave နဲ့ Second Lockdown တွေကြားသိနေကြပြီး ဖြစ်ပါလိမ့် မယ်။ COVID-19 လုံးဝကင်းစင်တဲ့ အခြေအနေ၊ ကူးစက်မှုလုံးဝမရှိတော့တဲ့ အခြေအနေဆိုတာကလည်း အတိအကျ မပြောနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စောစောက ရှင်းလင်းတင်ပြခဲ့တဲ့ အချိန်ဇယား တွေအရ ရွှေ့ဆိုင်းဖို့မလွယ်ကူလှတဲ့အနေအထားဖြစ်တာ နားလည်မယ် ထင်ပါတယ်။ ဒါ့ကြောင့် (၂၁)ရာစု ပင်လုံညီလာခံကို COVID-19 ကပ်ရောဂါ ကာလမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သလိုပဲ ရွေးကောက်ပွဲကို သေသေ ချာချာ စနစ်တကျပြင်ဆင်ပြီး ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။

“ဒါ့ကြောင့် အခုလာမယ့် ရွေးကောက်ပွဲမှာ COVID-19 ကာကွယ်၊ ထိန်းချုပ် ရေးအတွက် အကောင်းမွန်ဆုံး ပြင်ဆင်မှုတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပံ့ပိုးကူညီဖြည့်ဆည်းမှု တွေ ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ မီးမောင်းထိုး ပြောကြားရရင် ပထမအချက်အနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ထိခိုက်လွယ်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ လူကြီးသူမတွေ ကြိုတင်မဲပေးနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေတွေ နဲ့အညီ ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ COVID-19 Stay Home သတ်မှတ်ချက်ကြောင့် ခရီးသွားလာရေး အခက်အခဲဖြစ်နေတဲ့ မဲဆန္ဒရှင်တွေ မဲဆန္ဒနယ် ပြင်ပရောက်ပြီး မဲပေးနိုင်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့ပါတယ်။ တတိယအချက်အနေနဲ့ COVID-19 ကြောင့် ဆေးရုံတက် နေရသူတွေ၊ Quarantine ဝင်နေရသူတွေ မဲပေးနိုင်ဖို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ နိုဝင်ဘာ လ ၈ ရက်မှာ မဲပေးကြတဲ့အခါ လုံခြုံဘေးကင်းစွာ မဲပေးနိုင်ဖို့အတွက် မဲရုံတွေ တိုးချဲ့ပြီး လူတွေကို ခွဲထုတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ မဲရုံတွေမှာ လူတွေ စုပြုံတိုးဝှေ့နေတာမျိုး မဖြစ်စေဖို့ မဲရုံတွေ တိုးချဲ့ရာမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ၂၀၁၅ မှာ စုစုပေါင်းမဲရုံ ၄၀၂၃၃ ရုံ ရှိခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း မဲရုံ ၄၂၀၄၇ ရုံ ရှိလာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တဲ့ နယ်မြေဒေသတွေ တိုးလာပေမယ့် မဲရုံအရေအတွက် လျော့ကျမသွားဘဲ နောက်ထပ် မဲရုံ ၁၈၁၄ ရုံ တိုးမြင့်လာတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဉ္စမ အချက်အနေနဲ့ မဲရုံတွေ၊ ယာယီမဲရုံတွေမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြီးတော့ လက်တွေ့သရုပ်ပြမဲပေးမှုတွေ ဆောင်ရွက် ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မဲရုံထဲမှာ ရှိနေမယ့် မဲရုံဝန်ထမ်းတွေ၊ မဲလာပေး မယ့် မဲဆန္ဒရှင်ပြည်သူတွေအတွက် COVID-19 ကူးစက်မှု မရှိရလေအောင် လိုအပ်ချက်တွေကို အကြိမ်ကြိမ် စိစစ်မှုတွေပြုလုပ်ပြီး ကျန်းမာရေး Guideline၊ အကြံပြုချက်တွေနဲ့အညီ တွက်ချက်လိုက်တဲ့အခါမှာ KN 95 Mask၊ PPE၊ Protective Face Mask ၊ Boot ၊ Boot Cover၊ Face Shield ၊ Surgical Gloves၊ Exam Glove ၊ Surgical Goggle၊ Surgical Gown၊ Medical Cap လိုအပ်ချက်တွေ ရရှိလာခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ စတင်နေပြီဖြစ်

“ကမ္ဘာတစ်ဝန်းမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ သက်ဆိုင်ရာသံရုံးတွေမှာ ကြိုတင်မဲပေးနိုင်ရေးကို အောက်တိုဘာလ ၁ ရက်ကစတင်ပြီးဆောင်ရွက်ခဲ့ပါတယ်။ အစောဆုံးမှာ စင်ကာပူရှိ မြန်မာသံရုံးဖြစ်ပါတယ်။ ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးသူ ဦးရေထက် သုံးဆမြင့်တက်လာတာကို တွေ့ရှိရပါတယ်။ အခုဆိုရင် ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ မဲပေးနေကြပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ကြိုတင်မဲအမျိုးမျိုးကို ပြည်သူတွေ တက်တက်ကြွကြွ စိတ်အားထက်သန်စွာနဲ့ မဲပေးနေကြပါပြီ။ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံတွေမှာ မဲပေးတာတွေကို သတင်းရယူဖို့အတွက် အိမ်တော်သတင်း ထောက်တွေ အားလုံးလည်း ကြိုတင်မဲပေးပြီးကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အောက်တိုဘာလကတည်းက စတင် နှင့်ပြီး ဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါ တယ်။ မြန်မာနိုင်ငံလို ကူးပြောင်းစနိုင်ငံတွေအတွက် လူထုက ကိုယ်ကြိုက်တဲ့သူ ကို မဲပေး ရွေးချယ်နိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ပြည်သူတွေအနေနဲ့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကြီးသလို တန်ဖိုးလည်းထားရမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ရေးဟာ လက်ရှိနိုင်ငံတော်အစိုးရရဲ့ ဦးစား ပေးမူဝါဒလည်း ဖြစ်ပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံ လုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ ယခု ထုတ်ပြန်ချက်ဟာ နိုင်ငံရေး ပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာ၊ သေချာမှုမရှိတဲ့ ပြောကြားချက်များအပေါ် အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နဲ့ Popular News တို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး။

“၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၂၆)၊ ပုဒ်မခွဲ(က)အရ “နိုင်ငံ့ ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (င) အရ “ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့ အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရ” လို့ ပြဋ္ဌာန်း ထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့ အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် လုံးဝပြဋ္ဌာန်းထားခြင်း မရှိတာကို သတိပြုသင့်ပါတယ်။

“နိုင်ငံတော်သမ္မတအိမ်တော်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်က နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တွေကို တွေ့ဆုံချိန်တုန်းက နိုင်ငံတော်သမ္မတကြီးက “ကော်မရှင်ဥက္ကဋ္ဌကို ခန့်အပ်ရာမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းဝင်မှမဟုတ်ဘဲ ပါမောက္ခချုပ်၊ အုပ်ချုပ်သူ အငြိမ်းစားကို ခန့်တာဟာ သမာသမတ်ကျစေဖို့ ရွေးခန့်တာ ဖြစ် ကြောင်း၊ ဥပဒေနဲ့အညီ လွတ်လပ်ပြီး မျှတရန် လိုအပ်ကြောင်း၊ မျှမျှတတပဲ ဖြစ်စေချင်ကြောင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျပြီး မျှတရမည်၊ လွတ်လပ်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်။ အများယုံကြည်လက်ခံ နိုင်ရမည် စသည့် စံ(၅)ချက်အတိုင်း ဖြစ်စေလိုကြောင်း၊ မိမိတို့၏ ခံယူချက်မှာ လွတ်လပ်ပြီး တရားမျှတရမည်။ ပြီးလျှင်သန့်ရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ရင်ပြီး ရော၊ ဘယ်နည်းနှင့် နိုင်နိုင်၊ နိုင်အောင်ချမည်ဆိုတာ၊ နိုင်လည်း သိက္ခာမဲ့ကြောင်း၊ ရှက်ဖွယ်ကောင်းကြောင်း” လမ်းညွှန်မှာကြားခဲ့ပါတယ်။

“ဒီတွေ့ဆုံမှုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီး ဌာနတွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ပြန်ကြားရေး၊ ပို့/ဆက်၊ အလုပ်သမား/လဝက၊ ပညာရေး၊ ကျန်းမာ/အားကစား၊ လူ/ကယ်/ပြန် ဝန်ကြီး ဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ ကော်မရှင် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

m စာမျက်နှာ ၁၀ မှ

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြင်ဆင်ချိန် လေးနှစ်၊ ခုနစ်လနဲ့ ကိုးရက် ရရှိခဲ့တာလည်း မှန်ပါတယ်။ အရင်ကော်မရှင်တုန်းကလည်း မဲစာရင်း အမှားအယွင်းတွေ၊ ကြိုတင်မဲ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာ တွေ့ရှိရပါ တယ်။ အရင်တုန်းက အက္ခရာစဉ်လိုက် မဲစာရင်းပြုစုမှုကြောင့် မဲစာရင်း အမှား အယွင်း၊ အိမ်ထောင်စုတစ်စုတည်းက မိသားစုဝင်တွေ မဲရုံအများကြီးဆီကို ပျံ့နှံ့ရောက်ရှိသွားခဲ့တာမျိုး ရှိခဲ့တာတွေ့ရပါတယ်။ အခု ကော်မရှင် လက်ထက် မှာ မဲစာရင်းတွေ နှစ်ကြိမ် ပြန်လည်ကြေညာပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးရလေအောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ယခုရွေး ကောက်ပွဲဟာ မတ်လက စတင်ခဲ့တဲ့ COVID-19 ကပ်ရောဂါကြားမှာ သန့်ရှင်း မျှတအောင် လုပ်ရခြင်း ဖြစ်ပါတယ်။

တရားမျှတမှုမရှိ

“အခုကြိုတင်မဲပေးတာတွေနဲ့ပတ်သက်လို့လည်း တည်ဆဲဥပဒေကို ကျော်လွန်တဲ့ ကြေညာချက်ဆိုတာကိုလည်း စိစစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ “ကြိုတင်ဆန္ဒမဲ ပေးကြသည့် မဲဆန္ဒရှင်များသို့ အသိပေး ကြေညာချက်”ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။ အဓိကအားဖြင့် ပယ်မဲအဖြစ် သတ်မှတ်မှာမဟုတ်တဲ့ အချက်တွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၆၆(ဃ)နဲ့အညီ ဆောင်ရွက် ထားတာကို တွေ့ရှိရပါတယ်။ ကော်မရှင် အဖွဲ့ခွဲများရဲ့ ချို့ယွင်းချက်၊ အားနည်း ချက်ကြောင့် မဲဆန္ဒရှင်ရဲ့ အခွင့်အရေး ဆုံးရှုံးခံရမယ်ဆိုတာ တရားမျှတမှု မရှိပါဘူး။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှာလည်း အဲဒီတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ထုတ်ပြန်ခဲ့တာကို တွေ့ရှိရပါတယ်။

“ကြိုတင်မဲကိစ္စတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေက ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဖြစ်မြဲအတိုင်းဖြစ်နေကြတာ တွေ့ရှိရပါတယ်။ ကြိုတင်မဲစာအိတ်တွေရဲ့ အရည်အသွေး၊ မဲပုံးတွေရဲ့ အရည်အသွေးကိုလည်း ပြန်ပြီးစိစစ်နေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပဲ လူကြောင့် ဖြစ်တဲ့ အငြင်းပွားဖွယ်ရာတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ ပြည်ပ ကြိုတင် ဆန္ဒမဲလက်မှတ်တွေ နိုင်ငံမှားပြီး ရောက်ရှိသွားခြင်း၊ လဲလှယ်ပေးဖို့ အချိန် မမီခဲ့ခြင်း၊ မဲဆန္ဒရှင်တစ်ဦးကို မဲလက်မှတ် တစ်စောင်သာ ပေးခွင့်ရခြင်း စသည် တို့ ဖြစ်ပွားခဲ့ပါတယ်။ သာမန်အားဖြင့် နိုင်လိုစိတ် ကြီးလာကြ လေလေ၊ မသမာမှု တွေ များလာလေလေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေ အနေနဲ့ သန့်သန့်ရှင်းရှင်း၊ တရားနည်းလမ်းကျကျ၊ ဥပဒေနဲ့အညီ၊ သိက္ခာရှိရှိ ကြိုးပမ်းကြ ဖို့ လိုအပ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားနေသော်လည်း တရားမျှတမှု မရှိအောင် ကြိုတင်ပြီး ပုံဖော်နေတာလည်း တွေ့ရပါတယ်။

“တကယ်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ဟာ မလွယ်ကူပါဘူး။ စိန်ခေါ်မှု၊ တိုက်ခိုက်မှုတွေကလည်း များပါတယ်။ အရင် ကော်မရှင်ဥက္ကဋ္ဌလည်း သက်တမ်းတစ်လျှောက်လုံး ဝေဖန်တိုက်ခိုက်မှုတွေ အများအပြား ကြုံတွေ့ခဲ့ရတာပါ။ အခုကော်မရှင်ထက်စာရင် ဝေဖန်ခံရမှုတွေ ပိုပြီးများပါတယ်။ ကော်မရှင်ပြင်ဆင်ဖွဲ့စည်းဖို့ လူထုဆန္ဒ လက်မှတ်တွေ ကောက်ခံရေး လှုပ်ရှားမှုတွေလုပ်တာတောင် ကြုံခဲ့ရပါတယ်။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ အာရှဘာရိုမီတာ စစ်တမ်းအရ လူထုယုံကြည်မှု ၃၆ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ရတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ PACE စစ်တမ်းအရ ယခုကော်မရှင်အပေါ် လူထုယုံကြည်မှုက များစွာတိုးမြင့်လာတာကို တွေ့ရှိရပါတယ်။ အဝေဖန်ခံရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လူထုထောက်ခံမှုနဲ့ တစ်ထပ်တည်း ကျသွားချိန်မှာ ချီးကျူးဂုဏ်ပြုခြင်းတွေ ခံခဲ့ရတာကို ၂၀၁၅ ရွေးကောက်ပွဲမှာ တွေ့ရှိနိုင်ပါတယ်။ စင်းလုံးချော၊ ပြည့်စုံ ကောင်းမွန်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဖြစ်လာဖို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေရှိနေမှာ အမှန်တရားပါ။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေကို နိုင်ငံ့ငွေကြေးကြွယ်ဝမှုနဲ့ ဖြည့်ဆည်းနိုင်ပေမယ့်လည်း နိုင်ငံရေးပါတီ တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အထက်တန်းကျမှု၊ သိက္ခာရှိမှုကတော့ ငွေကြေးနဲ့ ဖြည့်ဆည်းလို့ မရနိုင်ပါဘူး။

“အခုဆိုရင် လုံခြုံရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်လို့ မဲမပေးနိုင်တဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့အနေနဲ့ အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ တည်ငြိမ် အေးချမ်းဖို့၊ လုံခြုံဘေးကင်းဖို့၊ ခြိမ်းခြောက်မှုတွေ မရှိကြဖို့ အထူးပဲ အရေးကြီး ပါတယ်။ ကျန်ရစ်ခဲ့တဲ့ နယ်မြေဒေသတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အခြေအနေ အမြန်ဆုံးရောက်ရှိလာဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြဖို့ အရေးကြီးပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း (၂၁)ရာစု ပင်လုံညီလာခံ အောင်မြင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသလို ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ ပြောကြားလိုပါတယ်။

အချိန်ကိုက် လှုပ်ရှားမှု သတိပြု

“ပြန်ချုပ်ရရင် နိုင်ငံတော်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ ဦးစားပေးမူဝါဒအဖြစ် ချမှတ်ထားပါတယ်။ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွေမှာ ပြည်သူတွေ စိတ်အေးချမ်းသာ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်တွေ ခွဲယူပြီးဆောင်ရွက်ပေး နေပါတယ်။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှာလည်း အောက်ခြေနေရာ အချို့မှာ အားနည်းချက်တွေ ရှိနေတာကိုလည်း တွေ့ရှိရပါတယ်။ စိန်ခေါ်မှုတွေ ကတော့ ရှိနေမှာပါပဲ။ ကော်မရှင်မှာ အရင်းအမြစ်တွေ နည်းပါတယ်။ လုံခြုံရေးကို လည်း ဗော်လန်တီယာ ခေါ်ယူရပါတယ်။ မဲရုံဝန်ထမ်းအဖြစ် အစိုးရဝန်ထမ်းတွေရဲ့ အကူအညီကို ယူရပါတယ်။ COVID-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်တဲ့ ဝန်ကြီးဌာနတွေက ဝိုင်းပြီး ကူညီနေကြပါတယ်။ ဒီလိုအချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပိုမိုအားကောင်းအောင်၊ စနစ်တကျဖြစ်အောင် ဝိုင်းဝန်းကူညီကြဖို့လိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူမှု အပြည့် အဝနဲ့ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်သလို ပြည်သူတွေကလည်း တာဝန်သိ စိတ်အပြည့်အဝနဲ့ ဝိုင်းဝန်းကူညီနေကြတာ တွေ့မြင်နိုင်ပါတယ်။ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေ၊ မီဒီယာတွေကလည်း သူ့အလုပ်သူ ဝိုင်းဝန်း လုပ်ဆောင် နေကြတာပဲ ဖြစ်ပါတယ်။ “ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်” ဆိုတဲ့အတိုင်း ကျရာ နေရာ၊ ဆိုင်ရာကဏ္ဍကနေ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့အပြင် လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အရေးကြီးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူ တွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ပျက်ပြားစေဖို့ အချိန်ကိုက်လှုပ်ရှားမှုတွေကိုလည်း အထူး သတိပြုကြ စေလိုပါတယ်။

“ယခုရက်ပိုင်းအတွင်း ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်လို့ ဝေဖန်ပြောဆို တာတွေ ရှိနေပါတယ်။ တရားဝင် တိုင်ကြား အမှုဖွင့်ထားတာများလည်း ရှိပါ တယ်။ ဒီကိစ္စတွေကို ဥပဒေလမ်းကြောင်းအရ စစ်ဆေးဆုံးဖြတ်သွားမှာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့် အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်များက လုပ်ဆောင်ကြတယ်ဆိုတာ အဲဒီအချိန် ကျရင် ပေါ်လွင်လာပါလိမ့်မယ်။ ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရား မျှတခြင်းမရှိဘူးလို့ ကြိုတင်အပြစ်တင် ဆုံးဖြတ်နေခြင်းဟာ မသင့်လျော်ကြောင်း ပြောလိုပါတယ်။ ယခုအချိန်မှာတော့ ကျွန်တော်တို့အားလုံး နိုဝင်ဘာလ ၈ ရက် မှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ရေးအတွက် ဝန်းရံကြဖို့ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရှင်းလင်းဖြေကြား

ထို့နောက် ဧရာဝတီသတင်းဌာနက မေးမြန်းသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက် ကိစ္စ၊ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ နေပြည်တော်ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအိမ်၌ ဗုံးတွေ့ရှိမှုနှင့် စုံစမ်း ဖော်ထုတ်နေမှုအခြေအနေ၊ မဇ္ဈိမ သတင်းဌာနက မေးမြန်းသည့် ရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားမှုများကို ပြည်သူများသိရှိအောင် ရှင်းလင်း ပြောကြားပေးရန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ အပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မရှိအောင် ရှင်းလင်းပြောကြားပေးရန်၊ ရွေးကောက်ပွဲအခြေအနေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများ တွေ့ဆုံညှိနှိုင်းဆောင်ရွက်မှု ရှိ၊ မရှိ၊ Myanmar Now သတင်းဌာနက မေးမြန်းသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်သွားမည့်အခြေအနေ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အကြီး အကဲများ တွေ့ဆုံဆွေးနွေး မှုရှိ၊ မရှိ၊ ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံနိုင်ရန် အစိုးရနှင့်တပ်မတော် ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရရှိထားခြင်းရှိ၊ မရှိ၊ RFA သတင်းဌာနက မေးမြန်းသည့် ရွေးကောက်ပွဲ အကြိုကာလတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်ရေးသားဖြန့်ဝေနေမှုများကို စိစစ် ကြပ်မတ်ဖော်ထုတ်နေမှု အားနည်းနေသည်ဟု ဝေဖန်ချက်အပေါ် အစိုးရအနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်သွားမည် ဆိုသည့်ကိစ္စ၊ BBC သတင်းဌာနက မေးမြန်း သည့် ရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်မှုများရှိလာပါက ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ၊ ရွေးကောက်ပွဲ အကြိုကာလမဲဆွယ် စည်းရုံးမှု များနှင့်ပတ်သက်ပြီး အများဆုံး တိုင်ကြားခဲ့သည့် အမှုကိစ္စများနှင့် စပ်လျဉ်း၍ သိလိုခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြည်သူများ သို့ အသိပေးပြောကြားလိုသည့် သတင်းစကားကိစ္စတို့နှင့် စပ်လျဉ်း၍ မေးမြန်း ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

သတင်း-မျိုးမင်းနိုင်၊ ဓာတ်ပုံ- ကိုကျော်