
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့်
တောင်ကြီးတပ်နယ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဧပြီ ၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်း နှင့် တောင်ကြီးတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွား ရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြား သည်။
တွေ့ဆုံပွဲများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင်
မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒအရလည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ရပ်တည်လက်ခံ ကျင့်သုံးခဲ့ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေအရ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာ စွဲကိုင်ကျင့်သုံးခြင်းဖြစ် ကြောင်း၊ အဆိုပါအချက်အပေါ် နိုင်ငံရေးအရ ဘက်စုံ ဖိအားပေးမှု အသွင်ဆောင်မှုများအပေါ် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနေရကြောင်း၊ ထိုသို့ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန် ရှိသည်ကို ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာဖြင့် ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်နိုင်ရန် စွမ်းရည်ရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲအသင့်ဖြစ်နေအောင် လိုအပ်သည်များ အမြဲတမ်း ပြင်ဆင်နေကြရန် လိုကြောင်း၊ ကောင်းမွန်သော လေ့ကျင့်မှု၊ ကောင်းမွန်သော ပြင်ဆင်မှုဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပူးပေါင်း၍ အခက်အခဲများကို ဆက်လက်ရင်ဆိုင်ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်း။
အလေးထားစောင့်ထိန်းရန်လို
တပ်မတော်သားများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သော လစာနှင့်ရိက္ခာကို ရရှိခံစားနေခြင်း ဖြစ်၍ သစ္စာအဓိဋ္ဌာန် (၄) ချက်ပါအတိုင်း နိုင်ငံတော် နှင့် နိုင်ငံသားတို့၏သစ္စာအပေါ် အလေးထား စောင့်ထိန်းရန်လိုကြောင်း၊ သစ္စာစောင့်သိမှုတွင် နှုတ်ဖြင့်သာ စောင့်သိရန်မဟုတ်ဘဲ လက်တွေ့အမှန် တာဝန်သိမှုဖြင့် စောင့်ထိန်းရန်လိုကြောင်း၊ ပေးအပ် သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် လည်း ကျေးဇူးတရားကို သိရှိခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်တွင်းအကြမ်းဖက် အဖွဲ့များအနေဖြင့် နည်းမျိုးစုံသုံးကာ အစိုးရယန္တရား ရပ်တန့်စေရန် ကြိုးပမ်းခဲ့သော်လည်း ထင်တိုင်း မပေါက်သဖြင့် နိုင်ငံတော်၏အခိုင်မာဆုံးအင်အားစုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် အစိုးရအဆက် ဆက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ လည်း သွေးခွဲမှုမျိုးစုံ ပြုလုပ်လာနိုင်သဖြင့် တပ်မတော်သား မိသားစုဝင်များအနေဖြင့် အထက် အောက် အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ အေးအတူ ပူအမျှ စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေးမှစ၍ ကျန်းမာရေး၊ ပညာရေးအထိ အရေးအရာများကို အလေးအနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ တပ်မတော်သားများအနေဖြင့် မိသားစုများအတွက် နောက်ဆံတင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေး တာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင် ကြမည်ဖြစ်ကြောင်း။
နိုင်ငံ့သမိုင်းကြောင်းနှင့် ပထဝီအနေအထားတို့ အရ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာမှာ တပ်မတော်ကိုမဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံး ပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာဖြစ်၍ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကာ ပြည်သူ လူထုနှင့် ဆက်ဆံရာတွင်လည်း ချမှတ်ပေးထား သည့် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာရန် လိုကြောင်း၊ တစ်ဖက်မှာလည်း နယ်မြေအလိုက် ပြည်သူလူထု၏ လူမှုစီးပွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များတွင် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးရန် လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးမှုများ၊ တစ်ကြိမ် ထက်ပိုသော မဲပေးမှုများ စသော မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပြီး အာဏာကို အဓမ္မနည်းရယူရန် ကြိုးစား လာခဲ့သောကြောင့် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတပြီး မှန်ကန်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်စာရင်း မှန်ကန် ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ရခွင့်ရှိသူများ အားလုံးကို ပြုလုပ်ပေးလျက်ရှိရာ နယ်မြေအလိုက် ပူးပေါင်းပါဝင်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန်လိုကြောင်း၊ ပေးအပ်သည့်တာဝန်ဝတ္တရား များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် စစ်သည်၊ မိသားစုအားလုံးသည် ကျန်းမာကြံ့ခိုင်နေရန် အရေးကြီးသဖြင့် နိစ္စဓူဝကျန်းမာစေသော နေထိုင် စားသောက်မှုပုံစံများနှင့်အညီ ဆောင်ရန်/ရှောင်ရန် များကို လိုက်နာကြရန်လိုကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံ ရယူကြသည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး က စိုက်ပျိုးရေးမျိုးစေ့များနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်