
နေပြည်တော် စက်တင်ဘာ ၃ဝ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာ များမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေး အဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။
သတ်မှတ်အကွာအဝေးအတိုင်း နေရာချထား
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မည့်လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်ခြင်းဟူသည့် အဆင့် ၃ ဆင့်ကို အဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေ အနေများ၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းအခြေအနေများ။
ရှင်းလင်းပြောကြား
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့သည့် အခြေအနေ များနှင့် လက်ရှိတွင်လည်း ၇၅ နှစ်ပြည့်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ အပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲပေးခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုး ခရီးစဉ်များတွင် ပြောကြားခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ကို တည်ဆောက်ရာတွင် ပထမအချက်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိမှုနှင့် ဒုတိယအချက် အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှု စသည့်အချက် ၂ ချက်ကို အဓိကထား၍ အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး NUG အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် စက်တင်ဘာ ၇ ရက်တွင် အကြမ်းဖက်လုပ်ရပ်များ ပိုမိုဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့ပြီးနောက်ပိုင်းတွင် မြို့အချို့နှင့် ဒေသအချို့တို့တွင် မိုင်းထောင်၊ မိုင်းခွဲခြင်း၊ ဗုံးပစ်ခတ်ခြင်း၊ ဒလန်ဟုစွပ်စွဲ၍ အပြစ်မဲ့ပြည်သူ များကို သတ်ဖြတ်ခြင်း စသည့်ဖြစ်စဉ်များ ပိုမိုများပြားလာသည့် အခြေအနေများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အများ ပြည်သူအသုံးပြုသည့် လမ်း၊ ရုံး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် နေရာများနှင့် ဆက်သွယ်ရေးတာဝါတိုင်များကို အဓိကပစ်မှတ်ထား ဆောင်ရွက်လာသည်ကို တွေ့ရှိရပြီး အသက်အရွယ် ငယ်ရွယ်နုနယ်သည့် ကလေးငယ်များကိုပါ ရာဇဝတ်မှုကြီးများ ကျူးလွန်လာစေရန် သွေးထိုး လှုံ့ဆော်စေခိုင်းဆောင်ရွက်ခဲ့မှုများကို တွေ့ရှိရသည့် အခြေအနေများ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်အချို့၌ အကြမ်းဖက် သမားများကို လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိမှုများနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက်များကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ရွေးကောက်ပွဲဆိုင်ရာစစ်ဆေးတွေ့ရှိချက်များ
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့မှုများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိ လိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာန ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်