နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကမ္မကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိမှုကို 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့  မန္တလေးတိုင်းဒေသကြီး  ငါန်းဇွန်မြို့နယ်  ကမ္မကျေးရွာ အနီးမှာဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့  ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ  ဘဝနတ်ထံ  ပျံလွန်တော်မူရခြင်း    အကြောင်းနဲ့ ပတ်သက်ပြီး   ဆရာတော်၊  သံဃာတော်များနဲ့  တပည့်ဒါယကာ၊ ဒါယိကာမများကို  အဖြစ်မှန်သိရှိစေရေး ရိုသေစွာ လျှောက်ထားတင်ပြ သွားမှာဖြစ်ပါတယ်ဘုရား။
ပထမဦးစွာ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့၊ ဘွဲ့ ၃ ဘွဲ့ ဆက်ကပ်ပူဇော်ခံခဲ့ရတဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်ဟောင်း ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို  တပည့်တော်တို့က ရိုသေလေးစားစွာ ရှိခိုးပူဇော်အပ်ပါတယ်ဘုရား။ အလားတူပဲ ဒဏ်ရာရရှိခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ဆရာတော် ကြီးအားလည်း ရိုသေစွာရှိခိုးပူဇော်အပ်ပါတယ်ဘုရား။
သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ၊ ဒါယိကာမများဘုရား ...
ဒီဖြစ်စဉ်ဟာ  ယခု ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့  အခြေအနေ များကိုလည်း   သိရှိရန်လိုအပ်ပါတယ်။   ငါန်းဇွန်၊   မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမြောက်ခြမ်းက PDF     အမည်ခံ    အကြမ်းဖက်အဖွဲ့များ     ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်၊  ပြန်ပေးဆွဲ၊  မိုင်းထောင် မိုင်းခွဲ ဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏ လုပ်ဆောင် နေတဲ့နေရာဖြစ်ပါတယ်။  ဒီဖြစ်စဉ်မဖြစ်ပွားခင် ၁ ရက်အလို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၅ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ မြို့သာ  ကျေးရွာလမ်းအတိုင်း အရပ်ဝတ် များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့  ရဲစခန်းအနီးမှာနေထိုင်တဲ့  အပြစ်မဲ့ သာမန် အရပ်သား ရွာသားတစ်ယောက် ကျဆုံး/သေဆုံးခဲ့ရပါတယ်။ ယခု ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်လောက်မှာ ဆီမီးခုံနဲ့  မန္တလေးပြေးဆွဲနေတဲ့   “ပြည့်စုံအောင်”   ယာဉ်လိုင်းက မော်တော်ယာဉ်တစ်စီးကို   အကြမ်းဖက် PDF အဖွဲ့က   ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ကမ္မကျေးရွာအနီး  ကမ္မရွာရဲ့ အနောက်မြောက်ဘက်က ဖောင်းကတော၊  သားကျင်ဘက်ကို    ခေါ်ဆောင်သွားတယ်ဆိုပြီး ဒေသခံတွေက သတင်းပေးတိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန် မြို့မှာရှိနေတဲ့  လုံခြုံရေးအဖွဲ့များဟာ  အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက် လမ်းကြောင်း၊  အနောက်ဘက်  လမ်းကြောင်းနှစ်ကြောင်းနဲ့ ဖောင်း ကတော၊ သားကျင်နေရာကို  လုံခြုံရေးဆောင်ရွက်ဖို့ ချီတက်ခဲ့ပါတယ်။ အနောက်ဘက်လမ်းကြောင်းက   နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ဖောင်းကတောရွာနား အရောက် PDF အကြမ်းဖက်အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက် အဖွဲ့တွေ တောင်ဘက်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကမ္မရွာဘက်ကို ထွက်ပြေး သွားတာကိုလည်း  တွေ့ရှိရပါတယ်။ တပ်က ကျဆုံး၊ ဒဏ်ရာရသူရှိခဲ့ သလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ အဲဒါနဲ့မရှေးမနှောင်းမှာပဲ  အရှေ့ဘက်လမ်းကြောင်း ကနေ ချီတက်နေတဲ့   လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့  ကမ္မရွာအနီးက ပစ်ခတ်သံတွေကြားခဲ့ရပါတယ်။ အဲဒီအရှေ့ဘက်လမ်းကြောင်းကနေ ချီတက်နေတဲ့   လုံခြုံရေးအဖွဲ့ကလည်း   ခုနက  ကျွန်တော်ပြောခဲ့တဲ့ မော်တော်ယာဉ်တစ်စီး  ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းကတော၊ သားကျင်ရွာဘက်ကနေ  ထွက်ပြေးလာတဲ့  အကြမ်းဖက်အဖွဲ့တွေကို ပိတ်ဆို့နိုင်ဖို့   အလျင်အမြန်ချီတက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။    အဲဒီ လုံခြုံရေးအဖွဲ့တွေဟာ ကမ္မရွာရဲ့ထိပ် ဘုရားအနီး  လမ်းပေါ်မှာ  ကမ္မ ရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစား ယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကို ရပ်တန့်ဖို့ လုံခြုံရေးကားပေါ် ကနေ   အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီး ခဲ့တယ်ဆိုတာလည်း   သိရှိခဲ့ရပါတယ်။   အရပ်ကား Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ် တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ်။ 
သံဃာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား ...
အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန် ထမ်းဆောင်ရမှုဟာ   အခက်အခဲများစွာရှိပါတယ်။    PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့   အရပ်ဝတ်နဲ့ပဲ   အရပ်သားအယောင် ဆောင်ပြီး  အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံ နဲ့   နှောင့်ယှက်တိုက်ခိုက်နေတာဖြစ်ပါတယ်။    ရန်သူ၊    မိမိ၊  သာမန် ပြည်သူလူထုကို  ရုတ်တရက်  ခွဲခြားနိုင်ဖို့  ခက်ခဲတဲ့အခြေအနေဖြစ်ပါ တယ်။    လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့    ဒီလိုအခြေအနေမျိုးမှာ မြို့ရွာတွေကို   ကာကွယ်နိုင်ဖို့၊    သာမန်အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစားတာဝန်ထမ်းဆောင်နေကြရပါတယ်။ 
တပ်မတော်အနေနဲ့   ဒီမြန်မာနိုင်ငံမှာ   ယဉ်ကျေးမှု၊    ဘာသာ၊ သာသနာ စည်ပင်ထွန်းကားပြန့်ပွားစေဖို့၊   ခိုင်မာစေဖို့   ရှေးယခင် ကတည်းက  ယနေ့အထိ   တက်ကြွနှိုးကြားစွာ   ဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေအားလုံး သိရှိပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလောက်ကို  အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG ၊ PDF  အမည်ခံ   အကြမ်းဖက်အဖွဲ့တွေက    ပျက်စီးရာ ပျက်စီး ကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ အထိ NUG ၊ PDF အမည်ခံ  အကြမ်းဖက်အဖွဲ့တွေရဲ့   သတ်ဖြတ် တိုက်ခိုက်မှုတွေကြောင့်    ရဟန်းသံဃာ   ၁၄၀  ပါး၊  သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်  နေနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့ လိုအပ်ကြောင်း မေတ္တာရပ်ခံ လိုပါတယ်။
သံဃာတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား ...
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  တပည့်တော်တို့လည်း  ပရိယတ္တိသာသနာ မှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားလှတဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါး ဆုံးရှုံးခဲ့ရလို့  များစွာ  ဝမ်းနည်းကြေကွဲရပါတယ်ဘုရား။  အဆင့်မြင့် အရာရှိကြီးများပါဝင်တဲ့     စုံစမ်းစစ်ဆေးအဖြစ်မှန်ဖော်ထုတ်ရေး အဖွဲ့ ဖွဲ့စည်းပြီး  ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိ ချက်များအရ     လိုအပ်တဲ့    အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားပါမည်။
ဆရာ၊ ဒကာ  လက်တွဲညီ  သာသနာ့အကျိုးဆက်လက်ဆောင်ရွက် ပါမည်ဘုရား။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါဘုရား။