
နေပြည်တော် သြဂုတ် ၇
အမျိုးသားမြေအသုံးချမှုကောင်စီ ဆဋ္ဌမ အကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသား မြေအသုံးချမှုကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီးများ၊ အမျိုးသားမြေအသုံးချမှုကောင်စီရှိ အထောက်အကူပြုလုပ်ငန်း ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံးချ မှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
စနစ်တကျစီမံခန့်ခွဲ
ဦးစွာ အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြေအရင်းအမြစ်များ သည် လူသားများအတွက် စားရေရိက္ခာ၊ သန့်ရှင်းသည့် ရေနှင့်ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင် အခြားဂေဟစနစ် ဝန်ဆောင် မှုများကို ထောက်ပံ့ပေးနေသည့် အခြေခံ အကျဆုံး သဘာဝအရင်းအမြစ်ဖြစ်သကဲ့ သို့ တိုးပွားအောင် လုပ်၍မရသော အကန့်အသတ်ရှိသည့် အရင်းအမြစ် လည်းဖြစ်သည့်အတွက် မြေအရင်းအမြစ် များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်နှင့် အညီ နိုင်ငံတော်၏ မြေအရင်းအမြစ်များ ကို စဉ်ဆက်မပြတ် စီမံခန့်ခွဲအသုံးချနိုင်ရန် မြေနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ ညီညွတ်မျှတရေးနှင့် အမျိုးသားမြေဥပဒေ သစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် လိုအပ်သော လမ်းညွှန်မှုတစ်ခုဖြစ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများ ပြည်သူများ ပူးပေါင်းပါဝင်ရေးဆွဲပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်ပါကြောင်း။
အဆိုပါ အမျိုးသားမြေအသုံးချမှု မူဝါဒအပိုဒ်-၉၊ အပိုဒ်ခွဲ (က) တွင် လမ်းညွှန်ဖော်ပြထားသည့်အတိုင်း အမျိုး သားမြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင် သောဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လက်ရှိမြေစီမံခန့်ခွဲ လျက်ရှိသော ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အားလုံးမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများပါဝင်သည့် အမျိုးသား မြေအသုံးချမှုကောင်စီကို ဖွဲ့စည်းခဲ့ပြီး မြေစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို အဖွဲ့ဝင်များအကြား ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရန်အတွက် ယခုကဲ့သို့ အစည်း အဝေးများ ကျင်းပခဲ့သည်မှာ ၆ ကြိမ်တိုင် ခဲ့ပြီဖြစ်ပါကြောင်း။
အရေးကြီးဆုံးတာဝန်တစ်ရပ်ဖြစ်
မြန်မာနိုင်ငံအစိုးရက စီမံခန့်ခွဲလျက် ရှိသော မြေများအတွင်း တရားမဝင် ကျူးကျော်ခြင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း များအလိုက် ဥပဒေပြဋ္ဌာန်းမှုများ ချိတ်ဆက်မှုအားနည်းခြင်း၊ ဥပဒေတစ်ခု နှင့် တစ်ခုသဟဇာတမဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာ ဆောင်ရွက်မှုအားနည်းခြင်း၊ မြေအရင်း အမြစ်အချက်အလက်များနှင့် မြေပုံများ တိကျမှန်ကန်မှုမရှိခြင်း၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရန် ခက်ခဲခြင်း၊ ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ခြင်း စသည့် စိန်ခေါ်မှုများကို တွေ့ကြုံနေရကြောင်း၊ ထိုကဲ့သို့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်အတွက် ပြည်သူ့အကျိုးပြုနိုင်မည့် လက်တွေ့ကျသည့်မူဝါဒ၊ တရားမျှတ သည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုပုံစံများ ဖြစ်လာစေရန်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသော လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါ ဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်စေမည့် အမျိုးသား မြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းနိုင် ရေးသည် အရေးကြီးဆုံးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း။
မြေအရင်းအမြစ်များကို အကျိုးရှိရှိ ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အရေးအကြီးဆုံးမှာ မြေအသုံးချမှုနှင့် သက်ဆိုင်သော သတင်းအချက်အလက် များ၊ စာရင်းအင်းများ၊ မြေပုံများ၊ မှတ်တမ်းများအား တစ်စုတစ်စည်းတည်း စုစည်းမှတ်တမ်းထားရှိပြီး အစိုးရဌာန ဆိုင်ရာများနှင့် အဖွဲ့အစည်းများ၊ ပြည်သူ များအနေဖြင့် မြေဆိုင်ရာသတင်းအချက် အလက်များကို လက်လှမ်းမီနိုင်ရန် လိုအပ်ပါကြောင်း။
အဆိုပါကိစ္စရပ်များကို အကောင် အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (One Map Myan-mar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအနေဖြင့် Technical Team များ ဖွဲ့စည်းပြီး Pilot Project များ စတင်ဆောင်ရွက်နေသည့်အတွက် အရှိန် အဟုန်မြှင့် ဆက်လက်ကြိုးပမ်းကြရန် ပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ သတင်း အချက်အလက်များကို တစ်စုတစ်စည်း တည်း မှတ်တမ်းထားရှိနိုင်မှသာ မြေစီမံ ခန့်ခွဲ ခြင်းကိစ္စရပ်များ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲခြင်းများတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သော နာဂစ်မုန်တိုင်း၊ မိုခါမုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံအနှံ့ အပြား ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အပူချိန် လွန်ကဲမှုအစရှိသည့် ရာသီဥတုပြောင်းလဲ မှု နောက်ဆက်တွဲဖြစ်စဉ်များကြောင့် လူမှုစီးပွားရေး ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ရလျက်ရှိပါကြောင်း၊ အဆိုပါ အချက်များသည် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးနှင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေးအတွက် မြေအရင်းအမြစ်များ ကို ပိုမိုစနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်စေရန် မီးမောင်းထိုးပြနေသည်ဖြစ်ရာ ဂေဟစနစ် များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည် တည်တံ့အောင် အသုံးပြုရေး၊ သစ်တော များ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေး နှင့် သဲကန္တာရ ဖြစ်ထွန်းမှုပပျောက်စေရေး၊ မြေယာပြုန်းတီး ယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှုရပ်တန့်စေရေး အစရှိသည့် ကာကွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရေးအတွက် မြေအရင်း အမြစ်များကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ရန် အခြေခံအကျဆုံးဖြစ်သည့် အမျိုးသားမြေဥပဒေ ထွက်ပေါ်လာရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
မြေကိုအကျိုးရှိစွာအသုံးချ
ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသားမြေဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်၊ အမျိုးသားမြေအသုံးချမှုကောင်စီ ပဉ္စမ အကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်(၉)ချက်ပေါ် အလေးထားလိုက်နာဆောင်ရွက် ရန်၊ အမျိုးသားမြေအသုံးချမှုကောင်စီ လုပ်ငန်းတာဝန်(၁၀)ချက်အပေါ် လိုက်နာ ဆောင်ရွက်ရန်၊ မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်း ကိစ္စရပ်များကို ပြည်သူများနစ်နာမှု မရှိစေရန် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့်အညီ ဆောင်ရွက် ရန်၊ စိုက်ပျိုးမြေများကို အခြားနည်းလမ်း ဖြင့် အသုံးမပြုရေး ကြပ်မတ်ဆောင်ရွက် ရန်၊ မြေကိုအကျိုးရှိစွာ အသုံးချရန် အတွက် မြေယာစီမံခန့်ခွဲမှုကို စနစ်တကျ အလေးထား ဆောင်ရွက်သွားရန်၊ မြေအရင်းအမြစ်နှင့် သတင်းအချက် အလက်များ မှန်ကန်စေရန် မြေပုံများ စနစ်တကျ ရေးဆွဲထုတ်ပြန်နိုင်ရန်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသားမြေအသုံးချ မှုကောင်စီ အတွင်းရေးမှူး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီက ပဉ္စမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထား ရှိမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း နောင်က အမျိုးသားမြေ ဥပဒေရေးဆွဲရေး နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အမျိုးသားမြေဥပဒေမူကြမ်း ရေးဆွဲပြုစု နေသည့် အခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုး ရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည် ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်း ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်း ကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကိုလည်းကောင်း၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက မြေအသုံးချမှု ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် အမျိုးသားမြေအသုံးချ မှုကောင်စီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ဝန်ကြီးများက တွေ့ကြုံနေရသည့် မြေစီမံ ခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ယင်းနောက် တက်ရောက်လာကြသူ များက အမျိုးသားမြေပုံစနစ် ရေးဆွဲ အကောင်အထည်ဖော်ရေးအတွက် မြေ အသုံးချမှုနှင့် သက်ဆိုင်သော သတင်း အချက်အလက်များ၊ စာရင်းအင်းများ၊ မြေပုံများ၊ မှတ်တမ်းများ ရယူစုဆောင်း ခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေအသုံးချမှု ရှေ့ပြေးစီမံကိန်း ရေးဆွဲရေးကိစ္စရပ်များ နှင့် အမျိုးသားမြေဥပဒေမူကြမ်းရေးဆွဲ ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားမြေအသုံးချ မှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အစည်းအဝေးတွင် ဆွေးနွေးချက်များအပေါ် အခြေခံ၍ အနာဂတ်တွင် စနစ်ကျ၍ ကောင်းမွန် သော မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရန် အမျိုးသားမြေအသုံး ချမှု မူဝါဒနှင့်အညီ ပီပြင်ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားမြေဥပဒေကို လက်တွေ့ကျပြီး ပိုမိုထိရောက်စွာ ရေးဆွဲနိုင်ရေးအတွက် မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေး ဌာနအလိုက် ညှိနှိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်