
နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိမှုနှင့် ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေ များနှင့်ပညာရေးဆိုင်ရာအချက်အလက်များ၊ ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်း (အငြိမ်းစား) များအား ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိမှုနှင့် သီးထပ်စွမ်းအားများ တိုးတက်စေ ရေး၊ ဝါသီးနှံနှင့် ဆီထွက်သီးနှံအောင်မြင် ဖြစ်ထွန်းမှုရှိစေရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေ ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်ဖြစ်ထွန်းစေရေး ဆက်လက်ဆောင်ရွက် လျက်ရှိမှု၊ စိုက်ပျိုးရေးအသိပညာတိုးပွားစေရေး အတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အလိုက် မြေအသုံးချ နိုင်မှုအခြေအနေများနှင့် သီးနှံအလိုက် စိုက်ပျိုးမှု၊ ထွက်ရှိမှုစာရင်းများ တိကျမှန်ကန်စွာ သိရှိနိုင်ရေး ကွင်းဆင်းကောက်ယူနိုင်မှု၊ တိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တိုင်းဒေသကြီးအဆင့်၊ ဦးစီးဌာနအလိုက် လိုအပ် ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ပြန်လည်ဖြည့်စွက်ရှင်းလင်း
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ တို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပြန်လည် ရှင်းလင်းပြောကြားရာ၌ တင်ပြချက်များတွင် ပါဝင် သည့် တိုင်းဒေသကြီးအဆင့်၊ ဦးစီးဌာနအလိုက် လိုအပ်ချက်များကို သတ်မှတ်ချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးသွားမည့်အခြေအနေ များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့အဝန်း သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် အထူးဇုန်များသတ်မှတ်၍ သစ်တောစိုက်ခင်းများကို အထူးစီမံချက်များဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်ပတ်သက်၍ ဖြည့်စွက် ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဇုန်တွင်ပါဝင်ပြီး ယခုနှစ်တွင် ရာသီဥတုသည် သိသိသာသာပိုမိုပူပြင်းလာသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့ မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းအတွင်း ၌ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူရှိန်လျှော့ချရေး နှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက် ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာ တစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင်အနည်းဆုံး ၂ ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန်လို ကြောင်း၊ အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန် လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန် လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်း သာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူ လူထုတို့ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရာသီဥတု ပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးအားနည်းသူများအနေဖြင့် အပူဒဏ် ရှောင်နိုင်ရေးအတွက် အပူဒဏ်ကိုခံနိုင်မည့် အဆောက်အဦများ ဆောက်လုပ်ဆောင်ရွက်နိုင် ကြောင်း၊ ဥပမာအားဖြင့် လူဦးရေအများအပြား ဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလိုဏ်ပါစေတီပုထိုးများ တည်ထားကိုးကွယ် ခြင်းအားဖြင့် ကုသိုလ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်ကို အသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များ တပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင် မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားရန်နှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများ၊ မူဝါဒများကို ရှင်းလင်း ပြောကြားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး မောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ် ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက်ရပြီး ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင် အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာလျှင် နိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းလာ နိုင်မည်ဖြစ်ကြောင်း။
မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်ရန်အတွက် အရင်း အမြစ်များစွာရှိပြီး ဝါ၊ မြေပဲနှင့် နှမ်းတို့ကို အဓိကထား စိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွင် သီးထပ်စွမ်းအားနှင့် သီးညှပ်စွမ်းအား ဟူ၍ရှိကြောင်း၊ သီးထပ်စွမ်းအားသည် စိုက်ပျိုး ထုတ်လုပ်မှုကို ပိုမိုတိုးတက်စေကြောင်း၊ စပါးစိုက်ပျိုး သည့် လယ်မြေများ၌ သီးထပ်စွမ်းအားများကို မြှင့်တင်နိုင်အောင်ဆောင်ရွက်ကြရန်လိုပြီး အထွက် နှုန်း တိုးတက်စေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေခံအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်များ လိုအပ်ကြောင်း၊ မျိုးကောင်း မျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်နှင့် သဘာဝ မြေဩဇာ၊ ဓာတ်မြေဩဇာများ ပြည့်ဝစွာထည့်သွင်း ရန်၊ စိုက်ပျိုးရေ၊ အောင်ရေကောင်းစွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုကြောင်း၊ စိုက်ပျိုး မြေများ ရေရရှိရေးအတွက်ရှိပြီးဖြစ်သည့် ဧရာဝတီ မြစ်ကိုလည်း စနစ်တကျဖြင့် အသုံးချနိုင်ရန် လိုကြောင်း၊ မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက် ရာ၌ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်း များကို ဒေသအလိုက်ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက မကွေးတိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ဧရာဝတီမြစ်ဘေးနေရာများ၌ ရှိရာ ဧရာဝတီမြစ်ရေကိုအခြေခံသည့် စိုက်ပျိုးရေး လုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်းနှင့် ပတ်သက်၍လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီ ရန်လိုအပ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ဆီထွက်သီးနှံ များကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင် ရွက်နိုင်မည် ဆိုပါက မကွေးတိုင်းဒေသကြီးအနေဖြင့် ဆီထွက်သီးနှံမှရရှိသည့် ဝင်ငွေများစွာရရှိလာနိုင် မည်ဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးမှုနှင့် ပတ်သက်၍ လည်း အားပေးဆောင်ရွက်ကြရန်လိုပြီး ဝါထွက်ကုန် ကိုအခြေခံသည့် စက်မှုလုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံများစိုက်ပျိုးမှုကို Crop Pattern ဖြင့် ဆောင်ရွက် နိုင်သဖြင့် တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍လည်း မကွေးတိုင်း ဒေသကြီးအတွင်း အောင်မြင်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်း ဖြစ်ထွန်းသည့် ဆိတ်မွေးမြူရေးကိုလည်း ဆောင်ရွက် နိုင်ပြီး မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူသည့် ထိန်စန်းဆိတ်မျိုးသည် အသားထွက်နှုန်းကောင်းမွန် သည်ကိုတွေ့ရကြောင်း၊ ဥစားကြက်၊ အသားစား ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုလုပ်ငန်း များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသနှင့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင် အောင်ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်း အမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
ပညာရည်မြင့်မားရေးနှင့်
အသိပညာပေါကြွယ်ဝစေရေး
မကွေးတိုင်းဒေသကြီးအတွင်း တန်းစဉ်ကူးပြောင်း မှုများအားနည်းပြီး အတန်းပညာတတ်မြောက်မှု များ အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင် အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းနေမှုများမရှိသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့ဒေသ၏ အနာဂတ်ကောင်းမွန်စေရေး အတွက် ပညာရေးကို အလေးပေးဆောင်ရွက်ကြစေ လိုပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာ ရေးသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုး အတေးများမရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာ သင်ကြားရေးအတွက်လည်းအားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဘဝတိုးတက် ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက် ပေးလျက်ရှိခြင်းသည် ဒေသအလိုက်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာဖြစ်သဖြင့် ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ကလေးငယ် များ၏ အနာဂတ်ကောင်းမွန်ရေးအတွက် နိုင်ငံရေး နှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
အသိပညာ၊ အတတ်ပညာများ ကြွယ်ဝသည့် ပညာတတ်များပေါကြွယ်ဝမှသာလျှင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အသိပညာ အားနည်းပါက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကျောင်းနေ ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိ ပညာများ တိုးပွားစေရေးအတွက်လည်း နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကကျကြောင်း၊ အနည်းဆုံး အလယ်တန်းကျောင်းများအားလုံး၊ ကျေးရွာအုပ်စုများအားလုံး၌ စာကြည့်တိုက်ထားရှိနိုင် ရေး မူဝါဒချမှတ်ပေးထားပြီး တတ်နိုင်သူများအနေ ဖြင့်လည်း ဝိုင်းဝန်းကူညီပံ့ပိုးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ဒေသနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး
ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့ လုံခြုံရေးစနစ်ကိုလည်း စနစ်တကျဖြင့်ဆောင်ရွက် ကြရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထိန်းကျောင်း၍ အသိတရား၊ သတိတရားများဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မှသာလျှင် ဒေသ အလိုက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း သည် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ် သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်း ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အာဏာတည်စေခဲ့ပြီးဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏အမျိုးသားရေးတာဝန် ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ပြီး လက်ရှိတွင် စတင်လည်ပတ် နေပြီဖြစ်ကြောင်း၊ သတ်မှတ်အသက်အရွယ် အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အား ကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင် ရန်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန် ထားသည့်ဥပဒေကို သေချာစွာလေ့လာခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းမှားများ၊ ထင်မြင်သုံးသပ် ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်နေ သည်များ ရှိသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိ တို့ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေး ဆောင်ရွက်ပေးရန် လိုကြောင်း။
အချုပ်အားဖြင့်ဆိုရပါက မကွေးတိုင်းဒေသကြီး အနေဖြင့် ဧရာဝတီမြစ်ကိုအခြေခံ၍ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် စီမံချက်ကိုကြိုးပမ်းဆောင်ရွက်ကြ စေလိုပြီး ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်စေရေး ရှိပြီးသားအခြေခံကောင်းများကို အသုံးချ ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေကျပ်သိန်း ၂၈၀၀ နှင့် စာအုပ်၊ စာစောင် ၅၅၀၀ တို့ကို လွှဲအပ်လှူဒါန်းရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။
မင်းဘူးမြို့၊ သာသနာ့ဗိမာန်တော်ဆောက်လုပ်နေမှု
အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် အဖွဲ့ဝင်များလိုက်ပါ၍ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် သာသနာ့ဗိမာန်တော်အတွင်း လှည့်လည် ကြည့်ရှုကြပြီး ဗိမာန်တော်အပေါ်ထပ်ရှိ ခန်းမဆောင် ၌ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦးက သာသနာ့ဗိမာန်ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်လျက် ရှိသည့်အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည် များမှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် မင်းဘူးမြို့ ကျက်သရေဆောင် ရှင်ပင်စက္ကိန်းတဲ စေတီတော်သို့ ရောက်ရှိဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော် ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း ကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီ တော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူ တော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြပြီး မြသလွန်စေတီတော်မြတ် ကြီး သတ္တမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်